Thursday, November 22, 2007

ကျွန်တော် ထိုင်းဘာသာစကားနှင့် စာပေ

ဒီဘလော့လေးကိုဝင်ရေးဖို့ မခွန်မြလှိုင်က ဖိတ်ခေါ်ထားတာကြာပြီးဆိုပေမဲ့ အကြောင်းတွေများလွန်းတဲ့ တစ်ကြောင်းကိုယူပြီးရေးလိုက်တာပါ။ ဘာရယ်တော့မဟုတ်ဘူး ရုံးကနေ အခန်းကိုပြန်ဖို့အတွက် ကားမှတ်တိုင်မှ မိမိသွားလိုသည့် ခရီးကိုသယ်ဆောင်မည့် ကားကိုရပ်စောင့်နေစဉ် ခဏ လူငယ်တစ်ယောက် အသက်အရွယ်အားဖြင့်တော့ ကျွန်တော်နှင့်တော့ အရွယ်တူပင်ရှိလိမ့်မည်။ ထိုင်ရမလို ထရမလိုနှင့် မငြိမ်မသက်ဖြင့်နေသည့် သူ့ကိုကြည့်ပြီး ခိုးရယ်မိသည်။ ဒီလိုပြဿနာတွေဟာ ထိုင်းနိုင်ငံရောက်ကျွန်တော်တို့မြန်မာနိုင်ငံသားအများစု တွေ့ကြုံရသော အရေးမပါဘူးလို့ ထင်ရတဲ့ အရေးပါသောအရာတစ်ခုပင် ..... အကြောင်းမှာ ဘာသာစကား မတတ်ကျွမ်းမှု့နှင့် စာပေများကို မဖတ်တတ်ခြင်းပင်တည်။

ကျွန်တော် ထိုင်းနိုင်ငံသို့ရောက်ခဲ့သည်မှာ 2003ခုနှစ်အစပိုင်းကဖြစ်သည်။ ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသားများ ရွေ့ပြောင်းအလုပ်သမားများဖြင့် ရောက်လာခဲကြသည်မှာ ဟိုအစောပိုင်းကပင် ဖြစ်သည်။ ထိုအထဲတွင် အမိမြေတွင် ရုန်းကန်ရှာဖွေစာသောက်ရသည့် ၀မ်းစာခက်ခဲမှု့ကြောင့်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်သူများ သန်းချီ၍ပင်ရှိသည်။ မည်သည့်အကြောင်းကြောင့်ပင်လာသည်ဖြစ်စေ ထိုင်းနိုင်ငံတွင်ခရီးသွာလာသော် တွေ့ကြုံကြရသည့် ပြဿနာမှာ အတူတူပင်ဖြစ်သည်။

အစောပိုင်းက ကျွန်တော်သုံးလေ့ရှိသော လက်စွဲစကားမှာ ... '' ငါ့တို့ ဒီနိုင်ငံမှာ တစ်သက်လုံးနေကြမှာမဟုတ်ဘူး တစ်နေ့ ငါ့တို့နိုင်ငံကိုပြန်ကြမှာဘဲ ဒီတော့ သူတို့ရဲ့ ဘာသာစကား ၊ စာ မတတ်တော့ကော ဘာဖြစ်လဲ။ တတ်သွားပြီးရင် ဘယ်မှာသွားသုံးမှာလဲ'' ဆိုပြီးအစသဖြင့်ပြောလေ့ရှိတတ်သလို့ အချို့ချို့သော မြန်မာနိုင်ငံသားအချို့ကလည်း ထိုအတူပင်သုံးတတ်ကြသည်။ မိမိအား ထိုင်းဘာသာစကား ၊ စာပေများကို သင်ကြရန် လာရောက်ခေါ်သော သူငယ်ချင်းများကို အားမနာစွာဖြင့်တုန့်ပြန်တတ်သည်။ အခုတော့ကျွန်တော်၏ မှားယွင်းသော အယူဆများကို ကျွန်တော်၏ထိုင်းနိုင်ငံတွင်နေထိုင်သည့် အတွေ့အကြုံကပင် အဖြေရှာပေးခဲ့လေပြီး ထိုသို့သောအယူအမှားများကြာင့် အချို့မှာ ထိုင်းနိုင်ငံတွင်နေထိုင်ရာ (၁၀)နှစ်ပင်ကျော်သွားလင့်ကစား ထိုင်းစကားကို ထမင်းစား ရေသောက်မှလွဲ၍မပြောတတ်ကြ။ အရေးအကြောင်းဆိုက တစ်ပါးသော ထိုင်းစကားတတ်သူများကို မျက်နှာငယ်စွာနှင့် စကားပြန်လုပ်ပေးရန်ပြောရလေသည်။ အလုပ်ရှင်များနှင့်သော်လည်းကောင်း ကျန်းမာရေးမကောင်း၍ ဆေးရုံ ၊ ဆေးခန်းများသို့သွားလိုလျှင်သော်လည်းကောင်း ထိုင်းလူမျိုးများနှင့် တိုက်ရိုက်ပတ်သက်ရသော နေရာများတွင် မရှိမဖြစ်သုံးရမည်မှာ ထိုင်းဘာသာစကားပင် ... တစ်ခါတစ်ရံတွင် စကားပြန်လုပ်ပေးသူ၏ အမှားယွင်းမှု့ကြောင့် မိမိနှင့် မိမိဆက်ဆံရသူအပေါ် နားလည်မှု့လွဲတာမျိုး အထိဖြစ်တတ်လေသည်။

ကျွန်တော်သည် ထိုသို့သော အခက်ခဲများကို ကျော်လွန်လာပြီးနောက် ကံကောင်းထောက်မစွာပင် ... ထိုင်းဘာသာစကားကို တော်သင့်ပြောနိုင်ဆိုနိုင် ရှိလာသည်။ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်လာသည့်အလျှောက် အလုပ်လုပ်ရာတွင် အရင်ကနှင့်မတူဘဲ ဆင်ပြေချောမွေ့မှု့များရှိလာသည်။ ထိုမှစ၍ ကျွန်တော်၏ အယူအမှားများဟာ တဖြည်းဖြည်းပြေလျှော့လာကာ သူငယ်ချင်း တစ်ယောက်၏ အကူအညီဖြစ် ထိုင်းစာပေများအသင့်တင့်လေ့လာနိုင်ခဲ့သည်။

ဒီလိုလေ့လာခဲ့တဲ့ အကျိုးကျေးဇူးကြောင့် ခရီးသွားလာရသည့်အခါ အဆင်ပြေမှုများရှိလာပြီး ထိုင်းနိုင်ငံသားတစ်ယောက်ကဲ့သို့ပင် လွတ်လပ်စွာသွားလာလှုပ်ရှားနိုင်ခဲ့သည်။ ထိုမှစ၍ ကျွန်တော်နှင့်ခင်မင်ရင်းနှီသော သူငယ်ချင်းများကို ထိုင်းစာနှင့် ဘာသာစကားများကိုလေ့လာရန် အထူးအားပေးလာတော့သည်။ ထိုသို့အားပေးခြင်းမှာ ကျွန်တော်သည် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအား ထိုင်းစာပေသင်ကြာကြရန် ဆွဲဆောင်ပြောဆိုနေခြင်းမဟုတ်ပါ။ ထိုင်းနိုင်ငံတွင်နေစဉ်ခဏ မိမိ၏ သွားမှု့ ၊ လာမှု့ အထွေးထွေးလုပ်ဆောင်ရန်ရှိသောအရာများကို အဆင်ပြေစေရန်နှင့် မိမိပြဿနာကို မိမိကိုယ်တိုင်ဖြေးရှင်းတတ်ရန်ဖြစ်သည်။ ''ငါ့တို့သည် ထိုင်းနိုင်ငံတွင် တစ်သက်လုံးမနေ အမိမြန်မာမြေကိုပြန်ကြမည်သာဖြစ်သည်။ သို့သော် ထို့ ငါ့တို့ပြန်ကြရမည့်နေ့သည် ဘယ်နေ့ဘယ်အချိန်ဆိုတာကို ငါ့တို့မမြင်နိုင်သေး ထိုအတွက် နေစဉ်အချိန်ဝယ် အဆင်ပြေစေခြင်းငှာ သင်ကြားရခြင်းဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် ထိုဘာသာ စကား ၊ စာ ကို သုံးသွာမည့်သက်တမ်းမှာ မိမိအပေါ်တွင်သာမူတည်သည်။ ထိုင်းနိုင်ငံတွင်မဟုတ် မည်သည့်နိုင်ငံတွင်မဆို မိမိနေထိုင်သည့်နိုင်ငံ၏ဘာသာစကား ၊ စာကို တတ်မြောက်မှသာ မိမိ၏ပြဿနာအထွေထွေကို ဖြေရှင်းနိုင်မည်သာဖြစ်သည်။




Type your summary here

Type rest of the post here


Wednesday, November 21, 2007

Trip to Native (2)

မမခွန်မြလှိုင်ကလည်း ခဏ ခဏ လာမေးတယ်ရှင့် ရွှေထက်ရေ သင်္ဘော မထွက်သေးဘူးလားတဲ့။ ဟုတ်ကဲ့ ဒီနေ့တော့ သင်္ဘော ထွက်ပါပြီရှင်.. တောင်ကုတ်ကနေပြီးတော့ မာန်အောင်ကျွန်းကို hovercraft လို့ ခေါ်တဲ့ ရေပေါ် လျှပ်ပြေးယာဉ်တွေနဲ့ သွားရ ပါတယ်။ သင်္ဘောက တစ်ပတ်မှာ 2 ရက်ပဲ ပြေးတာပါ။ အင်္ဂါရယ် သောကြာရယ်ပေါ့။ ဒါကြောင့်ရန်ကုန်ကနေ ဆင်းမယ်ဆိုရင် တင်္နလာ ဒါမှ မဟုတ် ကြာသပတေးနေ့ကိုဆင်းရပါတယ် ဒါမှ သေင်္ဘာထွက်မယ့်ရက်နဲ့ ကွက်တိဖြစ်မှာလေ.. ရိုးရိုး သင်္ဘောတွေ စီးရင်တော့ တောင်ကုတ်နဲ့ မာန်အောင်ကို 8 နာရီလောက် မောင်းရပါတယ်။ အခု အမြန်ယာဉ်ကတော့ 2 နာရီပဲ မောင်းပါတယ်။ ဘယ်လောက် မြန်လိမ့် မလဲဆိုတာ သာ တွေးကြည့်ကြပေါ့နော်။

စစချင်းတော့ တောင်ကုတ်ချောင်းကို ဖြတ်ရပါတယ်။ တော်တော် ရှည်တဲ့ ချောင်းပါ.. သူ့ချည်းသက်သက် ဖြတ်သန်းလို့ ကြာချိန်ဟာ 1 နာရီပါ။ နောက် ပင်လယ်ဝကို ရောက်လာတော့မှ 1 နာရီထပ်မောင်းရင် မာန်အောင် ရောက်ပါတယ်။ သင်္ဘော စီးရတာကတော့ လှိုင်းလေ မကြီးရင် သက်တောင့် သက်သာ ဖြစ်ပါတယ်။ တီဗွီလေးကြည့်လိုက် သူတို့ လာကျွေးတဲ့ မုန့်လေး စားလိုက်နဲ့ ကြာမှန်း တောင် မသိတော့ပါဘူး။ အဲ မုန်းတိုင်းနဲ့ တွေ့ပြီဆိုရင်တော့ မသက်သာ ပါဘူး။ မိုးတွင်း ခရီးသွားလို့ မကောင်းဘူး ပေါ့ရှင်။ လှိုင်းကြီး လေကြီးနဲ့ တော်တော် ဒုက္ခများပါတယ်။ ပင်လယ်ရဲ့ အလှအပကို သင်္ဘောထဲကနေ တစ်ဝကြီး ခံစားနိုင်ပါတယ်။ ကျွန်သေးသေး လေးတွေလည်း ပင်လယ်ထဲမှာ အများကြီးပါပဲ။ တံငါ လှေလေးတွေကလည်း ပင်လယ်ထဲမှာ လွန့်လူးပြီး ကြည့်ရတာ လွမ်းစရာ တောင် ကောင်းနေ ပါသေး တော့တယ်။

နောက်ဆုံးမှာတော့ မာန်အောင် ကျွန်းကို ရောက်လာတာပေါ့နော်။ ပင်လယ်ထဲမှာတော့ ဓါတ်ပုံရိုက်စရာတွေ တော်တော် ပေါပါ တယ်။ ရိုက်တတ်ရင် လှပတဲ့ ရှုခင်းလေးတွေတောင် ဖြစ်နိုင်ပါသေးတယ်။ ပင့်ဂိုလ်းကတော့ မရိုက်လာခဲ့မိဘူးရှင့်။ မာန်အောင် ကျွန်းမှာတော့ တစ်ပုံ နှစ်ပုံ ရိုက်ခဲ့တယ်လေ။ နောက်ပြီးတော့ တင်ပါ့မယ်။ ခုလောလော ဆယ်တော့ ဒီနေရာ မှာ တစ်ချက်သွား ကြည့်နိုင်ပါတယ်။ ဒီမှာလည်း တင်ပါအုံးမယ်ရှင်။

Monday, November 19, 2007

Trip to Native

ကျွန်မ မပြန်တာကြာတဲ့ ရခိုင်ပြည်နယ်က ကျွန်မရဲ့ မွေးရပ်မြေဆီသို့ နိုဝင်ဘာ တစ်ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အရင်တုန်းက သွားနေကျ လာနေကျ မြို့ကလေးက မလာတာကြာတဲ့ ကျွန်မကို ခပ်စိမ်းစိမ်းလေးပဲ ကြိုဆိုနေပါတယ်။တစ်ကယ်တော့ ကျွန်မတို့ မြို့ကလေးကို သွားရတာ ပင်ပန်း ကြမ်းတမ်းလှတဲ့ ခရီး တစ်ခုပါ။ ရခိုင်ရိုးမ တောင်ကြီးကို ကားကြီးနဲ့ ဖြတ်သွား.. ပြီးလည်း ပြီးရော ဘင်္ဂလား ပင်လယ်အော်ကြီးကို သင်္ဘောကြီးနဲ့ ဖြတ်.. အဲ နောက်တော့မှ ပင်လယ်ထဲက လှပနေတဲ့ မာန်အောင်ကျွန်းကို ရောက်လာတာပါ။ ဒီတစ်ခေါက် ကျွန်မပြန်ာ မပြန်တာလည်း နည်းနည်း ကြာသွားတော့ ခရီးပန်းတဲံ ဒဏ်တွေကို ဘယ်လိုမှ ခံနိုင်ရည် မရှိခဲ့ပါဘူး။ ရခိုင်ရိုးမရဲ့ ကြမ်းတမ်းလှတဲ့ လမ်းကွေ့ လမ်းကောက်တွေက လည်း ကျွန်မကို အတော်လေးကို ပင်ပန်းစေခဲ့ပါတယ်။


ပြောရမယ်ဆိုရင် ကျွန်မရဲ့ သူငယ်ချင်း တော်တော် များများက ကျွန်းသူ ဆိုတာ တော်တော် အံ့သြ ကြတယ်ရှင် သူတို့ သူငယ်ချင်းတွေ ထဲမှာလည်း ကျွန်သူက ရှားတာကို။ ပြီးတော့ ကျွန်မကလည်း မာန်အောင် ကျွန်းသူ .. မသကာ စင်ကာပူ ကျွန်သူဆို တော်သး.. စစချင်း ရန်ကုန်မြို့ရဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်းကနေ ရခိုင်ဘက် သွားတဲံ Express ကားတွေကို စီးရပါတယ်။ Express ကားဆိုလို့ မန်းလေးဘက် သွားသလို လေအိပ်ကား ကောင်းကောင်းကြီးးတွေလို့ မထင်လိုက်ကြပါနဲ့။ ဒီအတိုင်း မှန်လုံကား စီးပြီး သွားရတာပါ။ ကားကလည်း ပြောလို့ ပြောတာ မဟုတ်ဘူး နည်းနည်းတော့ ညစ်ပတ်တယ်ရှင့်။ (လိုက်လည်ချင်အောင် မျြူဆွယ်နေတာ)

ကဲ ခရီးစဉ်ကတော့ စပါပြီရှင်.. တိုက်ကြီး မှော်ဘီ စတဲ့ လမ်းပေါ်က မြို့တွေကို ဖြတ်သန်းလာပြီးတော့ ပတ်ဝန်းကျင်ဟာ စပါးပင် စိမ်းစိမ်းတွေနဲ့ အတော်လေးကို လှပလို့လာပါတယ်။ ကွင်းပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ သေချိုသွေးတွေကလည်း ကျွန်မကို လန်းဆန်းစေခဲ့တာ အမှန်ပါ။ လမ်းပေါ်မှာ ဘာမြို့တွေလည်း မသိဘူး အများကြီးတော့ ဖြတ်ရတယ် ပဲခူးတိုင်းထဲက မြို့တွေပေါ့။ သေချာတော့ မမှတ်မိဘူးရှင့်။ လမ်းတစ်လျှောက်မှာ စိမ်းလဲ့လဲ့ စပါးခင်းတွေ အပြင် ချစ်စရာ ရွာကလေးတွေ.. ကြည်ညိုစရာ ရွှေရောင် ဘုရားစေတီတွေလည်း ပေါမှ ပေါပါပဲရှင်။ ည 7 နာရီလောက်ကျတော့ ပြည်မြို့နားကေ၇ပြာ ဆိုတဲ့ စားသောက်တိုင်မှာ ညနေစား စားဖို့ ခဏ ရပ်ပေးပါတယ်။ အဲဒီမှာ မာလကာ သီးတွေ အရမ်းပေါ့ပါတယ်။ စားလို့လည်း တော်တော် ကောင်းတယ်ရှင့်။

ပြီးတော့ ပြည်၊ ဥသျှစ်ပင် စတဲ့ မြို့တွေကို ဖြတ်သန်းပြီး ချိန်မှာတော့ နာမည်ကြီး တောင်ကုတ် တောင်ကြားလမ်းကို ဖြတ်သန်းရတော့မှာပါ။ တစ်ခုလောက် ပြောချင်တာက အရင်တုန်းက မီးရောင်စုံတွေနဲ့ လှပခဲ့တဲ့ ပြည်က န၀ဒေး တံတားကြီးဟာ ခုတော့လည်း မှောင်မဲပြီး မနည်းကို ရှာကြည့်ခဲ့ရပါတယ်။ ဧရာဝတီကတော့ တစ်သွင်သွင် စီးဆင်းလို့လေ........။ကျွန်မကို ရင်ခုန် မှု့တွေ အပြည့်ပေးမယ့် ရခိုင် ရိုးမ တောင်တန်းကြီးကို ဖြတ်သန်းရတော့မှာပါ။ ဘာကြောင့် ရင်ခုန်ရတာလဲ အကြောင်း ရှိပါတ.်။ လမ်းက အကွေံ အကောက် အရမ်းများပြီး ကြမ်းလ်ည်း ကြမ်းတာကြောင့် ဒီလမ်းကို ဖြတ်တိုင်း ကျွန်မ ကားမူးပြီး အန်ပါတယ်။ တော်တော်လေးကို ပျော့ခွေနေအောင် အန်ပါတယ်။

ဟုတ်ကဲ့ ကျွန်မ ကြောက်နေသလိုပဲ ကျွန်မ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခရီးဒဏ် ခံလိုက်ရပါတယ်။ လမ်းမှာ မှတ်ပုံတင် စစ်တဲ့နေရာမှာတောင် ကားပေါ်က မဆင်းနိုင်လို့ ရဲက ကားပေါ်လာတက်ပြီး စစ်ရတဲ့ VIP Passenger ပေါ့လေ။ ပန်းတောင် မြို့ပေါ်က ညောင်ကျိုး ဆိုတဲ့ နေရာရောက်တော့ ကားတစ်ချက် ရပ်ပါတယ်။ ညလယ်စာ စားဖို့ပေါ့။ မစားနိုင်ပါဘူးရှင်။ လူက ဘာဆို ဘာမှ မသိတာ။ သူများတွေ ခရီးသွားရင် လမ်းမှာ ဘာရှိတယ် ဘာညာ မှတ်သွားကြလိမ့်မယ် ထင်ပါတယ်။ ကျွန်မကတော့ မူးပြီး ဘာမှကို မလုပ်နိုင်ပါဘူး။ ပြီးတော့ သွားရတာကလည်း ညဘက်ဖြစ်တာကြာင့်ရယ် လမ်းဘေးမှာ ချေက်တွေ တောတွေကအပြင် ဘာမှ ကြည့်စရာ မရှိတာကြောင့်ရယ်ကြောင့် မျက်စိကို ဖွင့်မကြည့်မိတာပါ။ ညောင်ကျိုးမှာ နားပြီးတော့ ဆက်မောင်းလိုက်တာ မနက် 5 နာရီလောက်မှာ တောင်ကုတ် မြို့ကို ရောက်ပါတယ်။ တောင်ကုတ်မြို့ ကတော့ အိပ်မော ကျနေဆဲပေါ့ရှင်။ သင်္ဘောက ညနေထွက်မှာမို့ တစ်နေ့ခင်းလောက်တော့ အဲဒီမှာ အနားယူလို့ ရအုံးမှာပါ။ ကားဂိတ်မှာ ထားစရာရှိတဲ့ ပစ္စည်းတွေ ထားပြီး ကျွန်မ သူငယ်ချင်း အိမ်ကို ခဏ နားဖို့ ထွက်လာခဲ့မိပါတော့တယ်။

သဘောင်္ာ ခရီးစဉ်ကိုတော့ နောက်နေ့မှ ဆက်ပါ့မယ်။

Saturday, November 17, 2007

ကျွန်မနှင့် ရောက်ရှိနေသောမြို. ( ၂ )










ပုံတွေကို မြင်လိုက်လို့ မန္တလေးမှာ ရေကြီးနေတယ် မထင်လိုက်နဲ့နော်။ ဒါက ကမ္ထောဒီးယားပါ။ ဒီမှာလည်း မိုးရွာပီဆို ချက်ခြင်းရေကြီးတယ်။ အဲ့နေ့က တနင်္ဂနွေနေ့လေးမှာ ကျွန်မတို့ သူငယ်ချင်း ၄ ယောက် အပြင်ထွက်လည်တယ်။ အပြန်မှာ မိုးရွာလို့ နီးစပ်ရာ စူပါမားကတ်တစ်ခုမှာ မိုးဝင်ခိုရင်.. လျှောက်ကြည့်ရင်း ဗိုက်ဆာဆာနဲ့ ဟမ်ဘာဂါတောင်စားလိုက်သေးတယ်။ ဟိုကြည့် ဒီကြည့်နဲ့ အချိန်လည်း တော်တော်လင့်သွားတယ်.. နောက်ဆုံး DVD နှစ်ချပ်ရပြီးပြန်မယ်ပေါ့.. မိုးလည်း တော်တော်လေးဆဲနေပါပီ။

အပြန်လမ်းမှာပဲ..... မိုးက သည်းကြီးမဲကြီးထပ်ရွာရော .. ကျွန်မတို့လည်း ရေလွတ်မယ့် လမ်းကိုရွေးတာပဲ.. ကံဆိုးခြင်တော့ ကျွန်မတို့ ရေ ကြီးတဲ့ လမ်းကိုမှ ရွေးမိပြီး လမ်းခရီးမှာ တော်တော်ကြာခဲ့ပါတယ်။ ကြုံတုန်း ဘယ်ရမလည်း ဓါတ်ပုံထုတ်ရိုက်လိုက်တာ။ လူလည်း မိုးမိသေးတယ်. အိမ်ပြန်ရောက်တော့ ရေချိုး၊ ရိုက်ထားတဲ့ ဓါတ်ပုံတွေဖွင့်ကြည့် ဒါပေမဲ့ ပုံတွေက ၀ိုးဝိုး ၀ါးဝါး ဖြစ်နေလို့ ကောင်းတာဆိုလို့ အဲ့ ၃ ပုံပဲ ရတယ်... ။ ၃ပုံလည်း ၃ ပုံပဲမဟုတ်လား။ ကမ္ထောဒီးယားမှာ ရေလျှံတဲ့ အမှတ်တရပေါ့။ ကဲ ဒီနေ့ တော့ ဒီလောက်ပဲနော်..။ နောက်နေ့ကျရင် တစ်ခြား အကြောင်း ဆက်ရေးမယ်လေ။

Thursday, November 15, 2007

ကျနော့်ရဲ့ ခရီးစဉ် (၁)

ဂျူလှိုင်လ ၊ ၂၁ ရက် ၊ နံနက် ၄ နာရီ ၃၀ မိနစ်

ဂျူလှိုင်မိုးရဲ့ တစိမ့်စိမ့် ရွာသွန်းဖြိုးမှုအကြားက ကျနော် အိပ်ရာမှ နိုးထဖို့ကြိုးစားခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်ဆိုပေမယ့် ကျနော်ရဲ့ စိတ်အစဉ်မှာ လေးပင်မှုနည်းနည်းမှ မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီနေ့ရက် အချိန်က ကျနော့်ဘ၀ရဲ့ ခရီးစဉ်တစ်ခုကို စတင်ခဲ့တဲ့နေ့ဖြစ်နေလို့ပါ။ စိတ်အစဉ်မှာ လေးပင်မှုမရှိခဲ့ပေမယ့် စိတ်လှုပ်ရှားမှုတချို့နဲ့ ကျနော့်ရဲ့ ခံစားချက်တွေကို မိုးကတော့ အတော်လေး ကသိကအောက်ဖြစ်စေခဲ့တယ်။ ပြီးခဲ့တဲ့ သုံးရက် အာဇာနည်နေ့ မွန်းလွဲပိုင်းထဲက စပြီးရွာခဲ့တဲ့ မိုးက မသဲခဲ့ပေမယ့်၊ ကျနော့်ရဲ့ ခရီးစဉ် စတင်တဲ့နေ့တိုင်အောင် ရွာနေခဲ့တယ်။


*** မိုးသဲထဲက ရန်ကုန်မြစ်ရှုခင်း ရွှေဘဲစားသောက်ဆိုင်ပေါ်မှ မြင်ကွင်း ***

နံနက်၅ နာရီခွဲလောက်မှာ ဘုရားဝတ်ပြုပြီး ကျနော့်ရဲ့ ခရီးဆောင်အိပ်ကို ပြန်စစ်ကြည့်လိုက်တယ်။ မေမေက စိုးရိမ်တတ်သူပီပီ ထည့်ပေးလေသော အဆမတန်များမြှောင်သည့် ၀န်စည်စလှည်များမှာ အများစုကို ကျိုးကြောင်းဆီလျှော်စွာ ရှင်းပြရင်း ကျနော် ပြန်ထားပစ်ခဲ့ရသည်။ ကျနော့်ရဲ့ အိပ်ကပ်ထဲမှာ ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ပွားတော်ပုံ တစ်ပုံ၊ ခရီးဆောင်အိတ်ထဲမှာ အ၀တ်လေးစုံ နှင့် ပါတ်စပို့စ်စာအုပ် ၊ စာရွက်စာတန်းတချို့မှလွဲ၍ ဘာမှများများစားစား မရှိခဲ့ပါ။ ဗုဒ္ဓပုံတော်လေးကတော့ ယနေ့တိုင်ကျနော့်ရဲ့ အိပ်ခန်းခေါင်းရင်းအထက်မှာ ရှိနေဆဲပါ။

တက္ကဆီကို ၈၀၀ ကျပ်နဲ့ငှားပြီး လေဆိပ်ကိုသွားခဲ့တယ်။ လေဆိပ်ရောက်တော့ ၇ နာရီခွဲလောက် ဖြစ်နေပြီ။ ကျနော့်ရဲ့ ခရီးစဉ်မှာ လိုက်ပို့နှုတ်ဆက်သူဆို့လို့ ကျနော်ရဲ့ ဖေဖေ၊ မေမေ နဲ့ ညီလေး နောက်မှ ဦဇင်းဦးပညာသီဟ ရောက်လာလို့ စုစုပေါင်း ၃ ယောက်နဲ့ ၁ ပါးဖြစ်သွားတယ်။ ဒါလည်း နှစ်ယောက်တပိုင်း ထက်တော့ သာပါသေးတယ်။ တကယ်ဆို ကျနော့်လို အလုပ်နဲ့ပြည်ပထွက်သူ အများစုက ရန်ကုန်လေဆိပ်မှာ ဘာမှ မယ်မယ်ရရ လုပ်စရာမရှိကြပါဘူး။ သက်ဆိုင်ရာ ပွဲစားတွေက ကြိုတင်စီစဉ် ထားပြီးသားပါ။ တကယ်ဆို အခက်အခဲဆိုတာက တဘက်နိုင်ငံရောက်မှ စတင်တွေ့ကြုံကြရတာများပါတယ်။ (ပြည်ပမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများကို အလျှင်းသင့်သလို့ ဖေါ်ပြပေးသွားပါမယ်။)

ကျနော်ရယ် ၊ ပွဲစားက မိတ်ဆက်ပေးလို့ လေဆိပ်ရောက်မှ သိရတဲ့ အစ်ကိုကြီး ကိုမွန်ရယ် ၊ ကိုဝေ ရယ် သိကျွမ်းခဲ့ရတယ်။ ကျနော်တို့ သုံးယောက်က တဆိုင်ထဲမှာ အလုပ်လုပ်ကြရမယ့် ညီအစ်ကိုတွေအဖြစ် ထိုစဉ်က သိကျွမ်းခဲ့ရတာပါ။

နောက်မှ ကျနော်တို့လူဝင်မှုကြီးကြပ်ရေးရဲ့ ကောင်တာမှာ လိုအပ်တာဖြည့်စွက်ပြီး နားနေရာနေရာ တချို့မှာခေတ္တ စောင်းဆိုင်းခဲ့ရတယ်။ ၈နာရီ ၁၀ မိနစ်လောက်မှာ လေယာဉ်ပေါ်ကို သွားရောက်ဖို့ ကြိုပို့ကားတစ်စီး ရောက်လာတယ်။ အဲယားကွန်းဘတ်(စစ်) အကြီးတစ်စင်းနဲ့ ကြိုပို့လုပ်ပေးရာမှာ အားလုံးတန်းစီခဲ့ရတယ်။ သူထက်ငါ မသိမသာလေး ရှေ့ရောက်ဖို့စိတ်စောနေတဲ့သူတွေ အကြားမှာ ကျနော့်ရဲ့ တမူးသာတတ်တဲ့ အမူအကျင့်အတိုင်း ကိုဝေ နဲ့ ကိုမွန်တို့ ၀င်ရောက်တန်းစီချင်တဲ့တိုင် တန်းမစီဘဲ ထိုင်ခုံမှာ ဖင်တကြွကြွနဲ့ ထိုင်နေခဲ့ရတယ်။

တကယ်တန်းတော့ ကျနော်တွက်ထားတဲ့ အတိုင်း ကြိုပို့ဘတ်(စစ်)ကားက လူ ၁၀ ယောက်လောက်အကျန်မှာ ပြည့်သွားလို့ တန်းစီနေရင်းကတချို့ထပ်မံစောင်းဆိုင်းလိုက်ရတယ်။ နောက်တကြိမ် ကြိုပို့ဘတ်(စစ်) ပြန်ရောက်လာတော့ တန်းစီရင်း ကျန်ခဲ့သူတချို့နဲ့ ကျနော်တို့သုံးယောက် ချောင်ချောင်လည်လည် လိုက်ပါသွားခဲ့ကြပါတယ်။ တကယ်ဆိုဘတ်(စစ်)ကားနဲ့ ကြိုပို့တယ်ပြောရလောက်အောင် မကွားဝေခဲ့ပါဘူး။ ကျနော်တို့ နားနေခဲ့တဲ့အဆောင်နဲ့ လေယဉ်က အလွန်ဆုံးရှိလှမှ ကိုက် ၁၀၀ ခန့်ကွာဝေးပါတယ်။

ဆိုးတော့မဆိုးပါဘူး။ ကျနော်ရဲ့ တမူးသာတတ်တဲ့ အကျင့်တခုကြောင့် လေယဉ်အတက်မှာ မိသားစုကို ဟန်ပါပါ နှုတ်ဆက်ချင်ကြတဲ့ ကျနော့်မိတ်ဆွေကြီး ကိုမွန်တို့ အဆင်ပြေခဲ့ရတယ်။ တကယ်လို့သာ သူတို့တွေ ပထမအသုတ် ကြိုပို့ဘတ်(စစ်)နဲ့ ပါသွားခဲ့ရင် ဒီအခွင့်အရေးက သူတို့အတွက် အခုလောက်လွတ်လပ်ခဲ့မယ် မထင်ပါဘူး။ စုစုပေါင်း လူ ၁၅ ယေက်နဲ့ လေယဉ်အတက် လှေကားတိုလေးမှာ အေးအေးဆေးဆေး လက်ပြနှုတ်ဆက်နိုင်ခဲ့ကြတယ်။

လေဆိပ်စားသောက်ဆိုင် အပေါ်ထပ်ဆင်ဝင်နားက လက်ပြနှုတ်ဆက်နေသူတွေအကြားမှာ နဂိုက သိနေတဲ့ မိသားစုကို တော်တော်လေးရှာပြီး လက်ပြနှုတ်ဆက်ကာ ကျနော်လည်းလေယဉ်ပေါ်တက်ခဲ့ရတယ်။ လေယဉ်ပေါ်က တချက်ပြန်ငုံ့ကြည့်ရင်း ၅ နှစ်တာလှုပ်ရှားရုန်းကန်ခဲ့ရတဲ့ ရန်ကုန်မြေကို နှုတ်ဆက်ခဲ့မိတယ်။


*** ရန်ကုန်လေဆိပ် လေယာဉ်ပေါ်မှ မြင်ကွင်း ***

ဆက်လက်ဖတ်ရှုရန် >>>


အမျိုးသား ကန်တော်ကြီး ဥယျာဉ်


မန်းမှာ ရာသီဥတု ပူတိုင်း မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်ကို အပါတ်တိုင်းနီးပါးသွားလည်နေကြ။ သွားရင်လဲ အမျိုးသား ကန်တော်ကြီး ဥယျာဉ်ထဲသွားပြီး ပျော်ပါး ဆော့ကစား အနားယူပြီး ပြန်လာနေကြ။ သူငယ်ချင်းတွေကို ခုတော့ သိပ်သတိရသဗျ။

အိမ်ကနေ ဆိုယ်ကယ်ကိုယ်စီနဲ့ ဖြစ်ဖြစ် ကားနဲ့ပဲ ဖြစ်ဖြစ် မနက် 7နာရီလောက်မှာ စထွက်။ 45မိနစ်၊ 1နာရီလောက်မောင်းပြီးရင် 5ထပ်၊ 6ထပ်ကွေ့ view point မှာ ခဏနား။ ဆက်သွားတော့ 21မိုင်ကိုရောက်။ အဲဒီက ဒေါ်ထားရီဆိုင်မှာ ကြာဇံချက်သောက်၊ ကော်ဖီသောက်။ ပြီးရင် ဆက်တက် မေမြို့ ရောက်။ ကန်တော်ကြီးထဲသွား နား။
နေ့လည်စာ ကို အဲဒီထဲမှာတင် စား (၀ယ်စား သို့မဟုတ် မန်းမှာကတည်းက ပါဆယ်ဝယ်လာတာစား)၊ ဟိုနားဒီနားသွားအိပ်။ 3နာရီထိုးတော့ ပြန်ဖို့ပြင်။ အချိန်စောသေးရင် ဈေးထဲသွား။ မြို့ထဲက စတော်ဘယ်ရီခြံမှာ အသီးတွေ ကိုယ်တိုင်ခုးပြီး စတော်ဘယ်ရီ ဖျော်ရည်သောက်။ မေမြို့ ကဆင်းတော့ အောင်ချမ်းသာကို အမြဲဝင်။ အသီးအရွက်နဲ့ ပန်းပင်တွေ ၀ယ်ချင်လဲဝယ်၊ ပဲကြော်တွေလဲဝယ်။ တခါတလေ ဒိုးကွင်က ခြံထဲဝင်ပြီး တညင်းသီးဝင်ခူး။ view point မှာ sunset ကြည့် ဓာတ်ပုံရိုက်။ ဒီလိုနဲ့ အကွေ့တွေကို ဆက်ဆင်းပြီး မန်းလေးပြန်ရောက်။ အိမ်ပြန်ကြ။ ဒီခရီးကတော့ အိမ်ဦးနဲ ကြမ်းပြင် ဖြစ်ခဲ့တာပါပဲ။ ကြုံရင်တော့ ပုံတွေနဲ့ ပို့စ်သီးသန့် ထပ်တင်ချင်ပါသေးရဲ့။

လောလောဆယ်တော့ ကြော်ငြာလေးတခုတွေ့လို့ တင်ပေးလိုက်ပါရစေ။

Monday, November 12, 2007

မြလွှာတို့ရဲ့ ရတနာပုံရွှေမန္တလေး (၂)

မြလွှာတို့ရဲ့ ရတနာပုံ ရွှေမန္တလေးကို အလည် တစ်ခေါက် ရောက်ခဲ့မယ် ဆိုရင်တော့…. မြလွှာ အရင်ဆုံး လိုက်ပို့ ချင်တာ ကတော့… မြလွှာတို့ ရွှေမန္တလေး မြို့ရဲ့ ကျက်သရေဆောင်…… မဟာမုနိ ဘုရားကြီး ပဲ ဖြစ်ပါတယ်…

မန္တလေးမြို့ မတည်မီ နှစ်ပေါင်း (၇၀) ကျော်ကပင်…. ဘိုးတော် ဘုရား၏သား… အိမ်ရှေ့ ဥပရာဇာ မှ (၁၇၈၄) တွင် မြောက်ဦးမှ ပင့်ဆောင် လာသော.. ရခိုင်ဘုရားကြီး ဖြစ်ပါတယ်… ၁၂ပေ ၇လက်မ မြင့်ပြီး … ပလ္လင်မှာ (၇)ပေ မြင့်ပါတယ်.. ရုပ်တု အလေးချိန် စုစုပေါင်း ၁၂တန် လေးပါတယ်… ရခိုင် ပြည်တွင် မြလွှာတို့ရဲ့ မြတ်စွာဘုရား ကိုယ်တိုင် သက်တော် ထင်ရှား ရှိစဉ် အခါက…. ရင်ငွေ့တော် လှုံပေးခဲ့သော…. မြတ်စွာဘုရားရဲ့ ကိုယ်ပွားဟု ယုံကြည် ကြပါတယ်… ဒါကြောင့် မို့လည်း... နှစ်ပေါင်း များစွာ ၀တ်မပျက်… နံနက်(၄) နာရီတွင် ရောင်တော် ဖွင့်ကြ ပါတယ်.. ရေကြည် ဆရာတော် မှ ဘုရား ကြီးကို တံပူဖြင့် သွားတိုတ်ခြင်း၊ မျက်နှာသစ်ခြင်း၊ ယပ်ခတ် ပေးခြင်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီး တို့ဖြင့် ပူဇော်ကြ ပါတယ်…ညနေ (၄) နာရီ ထိုးပါကလည်း… စည်မောင်း၊ပတ်သာ ၊ နှဲ စသော တူရိယာများ တီးမှုတ်ကာ… ဘုရားကြီးကို သိပ်တော် မူပြီး အာရုံခံ တန်ဆောင်း ပိတ်တာ ဟာလည်း… မြလွှာတို့ မန္တလေးရဲ့…အလေ့အထ တစ်ခု ပါပဲရှင်…. ဘုရားကြီး ပရိဝုဏ် အတွင်း မှာရှိတဲ့… ကြေးရုပ်ကြီး များဟာလည်း… စိတ်ဝင်စား စရာ ကောင်းလှပါတယ်… ကြေးရုပ်ကြီး များဟာ… ကမ္ဘောဒီးယား အန်ကောဝပ် ၊ ထိုင်းနိုင်ငံ အယုဒ္ဓယ၊ ပဲခူး ဟံသာဝတီ နှင့်.. ဓည၀တီ ရခိုင်ပြည် တို့ကို ဖြတ်ကာ…. မန္တလေး ရတနာပုံသို့ လမ်းလျှောက် ရောက်လာ ကြသော….. ခရီးသွား ရုပ်တုများ ဖြစ်ပါတယ်… အင်မတန် စိတ်ဝင်စား စရာ ကောင်းသလို.. အင်မတန်မှလည်း ထူးဆန်း လှပါတယ်….ထိုကြေးရုပ်ကြီး များကို လိုသလို ပွတ်သပ်ခြင်း ပြုပါက… ကျန်းမာရေး ကောင်းစေသည် ဟု ယုံကြည်ကြပါတယ်…

နောက်တစ်နေရာ ကတော့… မန္တလေးမြို့ကို ရောက်ပြီ ဆိုရင်… " အသက် ကလေး ရယ်တဲ့ ရှည်စေလို ….မန်းတောင်ရိပ်ခို " အဆို အတိုင်း..မန်းလေးကို ရောက်ပြီ ဆိုတာနဲ့ ရွှေမန်းလေး မြို့ရဲ့ ကျက်သရေ ဆောင်…မန္တလေး တောင် ကိုလည်း မြလွှာ လိုက်ပို့ ချင်ပါတယ်…. မန္တလေးတောင်ဟာ မန္တလေးမြို့ရဲ့ မြောက်ဘက် အရပ်တွင် တည်ရှိပါတယ်… မန္တလေး တောင်ဟာ ၇၇၅ပေ (၂၃၆မီတာ) မြင့်ပြီး… လှေကားဖြင့် တက်ပါက… လှေကား ထစ်ပေါင်း ၁၇၂၉ ထစ်ရှိပါတယ်… လှေကားနဲ့ အပြင် စက်လှေကား၊ ဓာတ်လှေကား တို့ဖြင့်လည်း တက်ရောက် နိုင်ပါတယ်… မြတ်စွာ ဘုရား နုစဉ် ကာလ ဘ၀မျိုးစုံ ကျင်လည် ခဲ့ရာ… ပူးမင်း၊ ခြင်္သေမင်း၊ ငုံးမင်း၊ ဆင်မင်း၊ ကြက်မင်း၊ ဖွတ်မင်းမှ စပြီး သရုပ်ဖော် ထားသော ပုံများ ကိုလည်း မြင်တွေ့ နိုင်ပါတယ်… မန္တလေး တောင်ထိပ် ရှိ ဆုတောင်းပြည့် ဘုရားနှင့်… နာမည်ကြီး မြွှေကြီး (၂)ကောင် ရုပ်တုများ ကိုလည်း တွေ့မြင် နိုင်မှာ ဖြစ်ပါတယ်…

သဘာဝမျှော်စင်ကြီးဖြစ်သော မန္တလေး တောင်ပေါ်မှ… မန္တလေးမြို့ နှင့် ရန်ကင်းတောင်ရှုခင်း၊ စစ်ကိုင်း တောင်နှင့် တံတားအလှ၊ မြစ်မင်း ဧရာ ဝေ့၀ိုက်ကာ စီးဆင်း နေသော… မင်းဝံ တောင်တန်း အဆုံး ၊ ဧရာဝတီ မြစ်တစ်ဖက် ကမ်းရှိ… မင်းကွန်း မြို့နှင့် သာသနိက အဆောက်အအုံ များကိုလည်း တွေ့မြင် ရမှာ ဖြစ်ပါတယ်… မြလွှာတို့ရဲ့ ရွှေမန်း လေးမြို့မှာ ဘုရား၊ စေတီ အင်မတန် ပေါများသော….. ဘာသာတရား ကိုင်းရှိုင်းသော၊ ယဉ်ကျေးမှုမြို့ တစ်မြို့ ဖြစ်ပါတယ်… အခြားထင်ရှားသော ဘုရားများ ကိုလည်း သွားရောက် ဖူးမြော် နိုင်ပါတယ်… ရွှေကျီးမြင်ဘုရား ၊ အိမ်တော်ရာ ဘုရား ၊ စကြာသီဟ ဘုရား၊ ချမ်းသာကြီး ချမ်းသာရ ဘုရား ၊ အရိပ် မထွက် ဘုရား ၊ ရှင်အရဟံ သိမ်တော်၊ စန္ဒာမုနိ ဘုရား ၊ ကျောက်တော်ကြီး ဘုရား ၊ အတုမရှိ ကျောင်း ၊ ကုသိုလ်တော် အစရှိသော ဘုရားများ ကိုလည်း သွားရောက် ဖူးမြော် နိုင်ပါတယ်…. အဲဒါ တွေအပြင်.. မြလွှာတို့တွေ… ရွှေကျောင်းကြီး ကိုလည်း သွားရောက် လေ့လာ နိုင်ပါတယ်… မန္တလေး တောင်ခြေတွင် တည်ရှိကာ.. ဘုန်းကြီးများ အတွက် လှူဒါန်း ခဲ့သော ကျောင်း ဖြစ်ပါတယ်…. ကျောင်းကြီး တစ်ခု လုံးကို ကျွန်းသစ်သားဖြင့် ဆောက်လုပ် ထားပြီး.. သစ်ထွင်း ပန်းပု အားလုံး ကိုလည်း အတွင်းအပြင်… ရွှေလှောင် စက္ကူများ အပြည့် ကပ်ထားခဲ့ ပါတယ်… နှစ်ကာလ ကြာလာတာ နှင့်အမျှ…. ရာသီဥတု ဒဏ်များကြောင့်…. ရွှေများ ကွာကျ သွားသော် လည်း..တစ်ချို့ နေရာ များမှာ အခုတိုင် တွေ့မြင် နိုင်ပါတယ်….. ရွှေကျောင်းနဲ့ မနီးမဝေးရှိ… အတုမရှိ ကျောင်းကိုလည်း သွားရောက် နိုင်ပါတယ်…. အဲ့ဒီ နေရာတွေ အပြင်…မြလွှာ တို့တွေ…အမရပူရ ရှိ… ဦးပိန် တံတား ကိုလည်း သွားရောက် အနားယူ နိုင်ပါတယ်…..

မြလွှာတို့ရဲ့မန်းလေးမြို့မှာတော့ လည်စရာနေရာတွေက အစုံပါပဲရှင်…..

Sunday, November 11, 2007

အာဆီယံခရီးသွားလမ်းညွှန်



သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းပါ။သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမည် ဟူသော မူဝါဒကို လက်ကိုင်ထားရှိသည့် ခရီးသွား ကိုယ်စားလှယ်များနှင့် ခရီးသွား ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်းများကိုသာ ဆက်သွယ် အသုံးပြုပါ။အမှိုက်စွန့်ပစ်ရာတွင် ဂရုပြုပါ။ ခြေရာများသာကျန်ရစ်ပြီး အမှိုက်များ မကျန်ရစ်ပါစေနှင့်။ အမျိုးသားဥယျာဉ်များနှင့် ပင်လယ်သဘာဝ ပတ်ဝန်းကျင်ကဲ့သို့သော နယ်မြေများ ကာကွယ်ခြင်းဆိုင်ရာ စည်းမျဉ်းများ၊ စည်းကမ်းများကို လိုက်နာပါ။တောရိုင်း တိရစ္ဆာန်များနှင့် ကျက်စားရာဒေသများကို

ထိန်းသိမ်းပါ။တောရိုင်း တိရစ္ဆာန်များနှင့် ကျက်စားရာဒေသများကိုထိန်းသိမ်းစောင့်ရှောက်ရာတွင် အရေးကြီးသော အခန်းကဏမှ ပါဝင်ဆောင်ရွက်ပါ။ အမျိုးသားဥယျာဉ်၊ ပင်လယ်သဘာဝ ပတ်ဝန်းကျင်တို့ ကဲ့သို့သော နယ်မြေများသို့ သွားရောက်ရာတွင် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာပါ။မျိုးတုန်းလုဖြစ်နေသော အပင်နှင့် တိရစ္ဆာန်များဖြင့် ပြုလုပ်သော အမှတ်တရ ပစ္စည်းများကို လုံးဝ ၀ယ်ယူ အားပေးခြင်း မပြုပါနှင့်။မလျော်မကန်ပြုခြင်း၊ အမြတ်ထုတ်ခြင်းကို တားဆီးရန် ကူညီပါ။မလျော်မကန်ပြုခြင်း၊ အမြတ်ထုတ်ခြင်းမှ လူသားတိုင်း အကာအကွယ်ရရှိခွင့် ရှိပါသည်။ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များကို ကာကွယ်စောင့် ရှောက်ပါ။ မိမိကိုယ်တိုင် မည်သည်တို့ကို ပြုလုပ်၍ မည်သည့် စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးသုံးစွဲခဲ့သည်ကို ဆင်ခြင်သုံးသပ်ပါ။အာဆီယံနိုင်ငံများတွင် ကလေးသူငယ်များကို လိင်မှုကိစ္စ မလျော်မကန်ပြုခြင်းသည် တရားဥပဒေနှင့် ဆန့်ကျင် ပါသည်။ ပင်လယ်ရပ်ခြားတွင် ကလေးသူငယ်များကို လိင်မှုကိစ္စ

အမြတ်ထုတ်သည့် ခရီးသွားများကို နေရပ်ပြန်ရောက်လျှင် အရေးယူရန် ဥပဒေများ တင်းကြပ်စွာ ချမှတ်ထားပါသည်။ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများကို လေးစားပါ။အရှေ့တောင် အာရှတွင် ဒေသခံတို့၏သဘောထားနှင့် ယဉ်ကျေးမှုများမှာ မိမိတို့ နိုင်ငံနှင့် မတူညီနိုင်ပါ။ ဒေသခံများ၏ ယဉ်ကျေးမှု နှင့် ထုံးတမ်းစဉ်လာများကို လေးစား ဂရုပြုလျှင် ဒေသခံများကို ထိခိုက်စေသည့် အပြုအမူမျိုးကို ရှောင်ရှားနိုင်ပါမည်။အရှေ့တောင် အာရှတွင် အ၀တ်အစားကို အိနြေ္ဒရစွာ ၀တ်ဆင်ရန် အရေးကြီးပါသည်။ ဒေသခံထုံးစံများကို မေးမြန်းပြီး အလားတူ ၀တ်စားဆင်ယင်နိုင်ပါသည်။ ဘာသာရေး အထွဋ်အမြတ်နေရာများ၊ ဘုရားရှိခိုးဝတ်ပြုရာနေရာများသို့ မသွားရောက်မီ မည်သို့သော အ၀တ်အစား ၀တ်ဆင်သင့်သည်ကို စုံစမ်းမေးမြန်းပါ။ဓာတ်ပုံ သို့မဟုတ် ဗွီဒီယို

ရိုက်ကူးရာတွင် ရိုက်ကူးသည့် နေရာ၊ နည်းလမ်းနှင့် အချိန်တို့ကို သတိထားရပါမည်။ မရိုက်ကူးမီ မေးမြန်းပါ။သမိုင်းအမွေအနှစ်ကို ထိန်းသိမ်းပါ။ဧည့်သည်များ သွားရောက်ခွင့်ပြုသော နေရာများသို့သာ သွားရောက်လေ့လာခြင်းဖြင့် သမိုင်းဝင်နေရာများကို ထိန်းသိမ်းရေး ကူညီပါ။ အချို့နေရာများတွင် ၀င်ကြေးကောက်ခံခြင်းမှာ ဒေသခံများအနေဖြင့် နယ်မြေတ၀ိုက် ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဖြစ်ပါသည်။

သို့မှသာ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ဧည့်သည်များ လာရောက် ကြည့်ရှု ခံစားနိုင်ကြမည် ဖြစ်ပါသည်။ဝယ်ယူအားပေးခြင်းဖြင့် စီးပွားလမ်း ဖြောင့်ဖြူးပါစေ။ခရီးသွားများသုံးစွဲသည့် ငွေကြေးမှာ ဒေသခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရပ်ရွာများအတွက် အကျိုးထူးများစွာ ဖြစ်စေနိုင်ပါသည်။ သုံးစွဲလိုက်သောငွေသည် မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို စဉ်းစားပါ။ ဒေသထွက်ပစ္စည်းများ၊ ဒေသခံ လက်မှု အနုပညာရှင်များ၏ လက်ရာများ၊ မိရိုးဖလာ လက်မှုပညာရှင်များ ထုတ်လုပ်သော ပစ္စည်းများကို ၀ယ်ယူအားပေးပါ။ များသောအားဖြင့် ဈေးဆစ်လေ့ ရှိကြသည်မှန်သော်လည်း မျှတသောဈေးနှုန်းကို ပေးရန်

မမေ့ပါနှင့်။ဤမူများကို လေးစားသော ခရီးသွား ကိုယ်စားလှယ်များနှင့် ခရီးသွား ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်းများကိုသာ ဆက်သွယ်အသုံးပြုပါ။ကလေးသူငယ်များကို

လိင်မှုကိစ္စ မလျော်မကန်ပြုခြင်း သံသယရှိပါက ဖော်ပြပါ ဖုံးနံပါတ်များသို့ ဆက်သွယ်ပါရန်..ဖုံးနံပါတ်။ ။ ရန်ကုန် ၀၁ ၅၁၃ ၂၂၇၊ ၀၁ ၅၁၃ ၁၇၅၊ ၀၁ ၅၅၅ ၉၅၂။နေပြည်တော် ၀၆၇ ၄၁၂ ၁၈၈၊ ၀၆၇ ၄၁၂ ၀၃၄၊ ၀၆၇ ၄၁၂ ၁၃၉။

ခရီးစဉ်အမှတ် ဝေဒ

Boarding pass ကို ကိုင်ပြီး အပေါ်ထပ်ကို တက် ။ လေယာဉ်ထွက်မယ့် ဂိတ်ပေါက်ကို အသွား မှာ နောက်တစ်ဆင့်က ကျန်သေးတယ်။
စစစ လိုမျိုးပေါ့။ အဖွဲ့ တစ်ဖွဲ့ က စောင့်နေသေးတယ်။ Hand Carry မှာပါတဲ့ ဟာတွေ စစ်တဲ့ အဖွဲ့ ။ အိတ်လေး ဖွင့်ပြ။ ဟိုကြည့် ဒီကြည့် ဟိုကိုင် ဒီကိုင် ပေါ့။ အဲဒါလည်းပြီးရော Departure Gate ကိုရောက်။ အဲဒီမှာ လွတ်နေတဲ့ ခုံလေးတွေရှိတယ်။ ညောင်းရင် ၀င်ထိုင်။ မညောင်းရင် မှန်ပြတင်းကနေ ကိုယ်စီးရမဲ့ Qatar လေကြောင်းက Airbus A300 ကို ဟိုကြည့်ဒီကြည့်လုပ်နေပေါ့။

" လေယာဉ်ခရီးစဉ်အမှတ် QR603 နဲ့ လိုက်ပါမည့် ခရီးသည်များ Check in Counter no 3 သို့ ကြွရောက်ပါရှင်။"

အဲဒါနဲ့ ပဲ ကျောပိုးအိတ်ကို လွယ် ၊ Luggage ကို ဆွဲပြီး Check in ကောင်တာ ရှေ့ ကို ရောက်ပါလေရော။
သတ်မှတ် ကီလို ၂၀ သာ ခွင့်ပြုပေမဲ့ ပြောတတ်ဆိုတတ်ရင်တော့ ၂၅ ကနေ ၃၀ အထိ ပေးတယ်ဆိုတာ သိပြီးသားဆိုတော့ ကိစ္စမရှိ။

Qatar Airway Check in Counter 3 က ညီမလေးတွေကတော့ ကိုယ့်မျက်နှာကို ကြည့်ပြီး အစ်ကိုက Doha Direct လားဆိုတော့
ီDoha Transit ပါ။ London ကို သွားမှာ။ အဲဒါ ကြည့်ကျက်လုပ်ပေးလိုက်ပါ။ Luggage ကတော့ ၁ လုံးတည်းပါ။
ကောင်မလေးကတော့ ဘာမှ ပြန်မပြောတော့ ။ Computer ကို တစ်ချက်ကြည့်လိုက်ပြီး ခုံနေရာ ချပေးလိုက်တယ်။ လှမ်းကြည့်လိုက်တော့ အဲဒီ ခုံက ကိုယ်တစ်ယောက်တည်း ။ ဘေးမှာ ဘယ်သူမှ မရှိ။ Window Seat ။ ဟ..ဟ...ပိုင်တယ်ကွာ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလိုပေါ့။

အဲဒီလို ကြည်နူးနေတုန်း Luggage က ၂၈ ကီလို ဖြစ်နေပြီတဲ့ ။ ပစ္စည်းပြန်လျှော့ ရမယ် လို့ Doha Airline က တာဝန်ရှိသူ အရာရှိက ပြောပါရော။ အဲဒါနဲ့  ပြန်ကစ်ရတာပေါ့။
ယူနိုး ၀ါထ် ။ ၀ှမ်း အိုင် ကိမ်းဖရောမ် လန်ဒန်.. အိုင် ကင် ကဲရီး ၂၈ ကီလို ။ ဟွိုင်း ကင့်ယူ အလောင်းမီ တူ ကဲရီး ဒ ဆိမ်း ၀ိတ်?
ဆာ...၂၀ ကီလို အစ် မက်စီမမ် အလောင့်ဝမ့် တူ ကဲရီး ။
အိုး..ပလိစ်...ပလိစ်...အိုင်ဟက်ဖ် နန်းသင်း အင်းမိုင် လပ်ဂိတ်။ အုန်းလီး ဘွတ်ခ်စ် ဖော် မိုင် စတမ်ဒီး။ ပလိစ်....
အောရိုက်...အိတ်ဖ် ယူကင် တိတ်ခ်အောက် အိတ်စထရာ ၀ိတ် အင်ရော် ဟန်းကဲရီ ...ဒဲ့ဝယ်လ်ဒူး..
အိုး...သိုင်ခ့်စ် .. အိုင်ဝယ်..

အပို ၈ ကီလို လောက်ကတော့ Hand carry လုပ်ဖို့ ကတော့ ပျင်းသေးတယ်။ အဲဒါနဲ့ ဟိုပြောင်းဒီပြောင်း လုပ်ပြီးတော့ အဆင်ပြေသွားတာပေါ့။

ဒါကြောင့် သွားတာ လာတာမှာ ပြောတတ်ဆိုတတ်ဖို့ အရေးကြီးပါတယ်။ ကြောက်စရာမလို ။ ကိုယ့်အခွင့်အရေးကို ကိုယ် တောင်းဆိုတတ်ရမယ်။ အဆင်ပြေဖို့ က အရေးကြီးတယ်။ Complaint ကို များများလုပ်။ အဆင်ပြေသွားမယ်။


Boarding pass ကို ကိုင်ပြီး အပေါ်ထပ်ကို တက် ။ လေယာဉ်ထွက်မယ့် ဂိတ်ပေါက်ကို အသွား မှာ နောက်တစ်ဆင့်က ကျန်သေးတယ်။
စစစ လိုမျိုးပေါ့။ အဖွဲ့ တစ်ဖွဲ့ က စောင့်နေသေးတယ်။ Hand Carry မှာပါတဲ့ ဟာတွေ စစ်တဲ့ အဖွဲ့ ။ အိတ်လေး ဖွင့်ပြ။ ဟိုကြည့် ဒီကြည့် ဟိုကိုင် ဒီကိုင် ပေါ့။ အဲဒါလည်းပြီးရော Departure Gate ကိုရောက်။ အဲဒီမှာ လွတ်နေတဲ့ ခုံလေးတွေရှိတယ်။ ညောင်းရင် ၀င်ထိုင်။ မညောင်းရင် မှန်ပြတင်းကနေ ကိုယ်စီးရမဲ့ Qatar လေကြောင်းက Airbus A300 ကို ဟိုကြည့်ဒီကြည့်လုပ်နေပေါ့။

အချိန်တန်လို့ Departure Gate ဖွင့်ရင် ဂိတ်ဝမှာ စောင့်နေတဲ့ လေယာဉ် စပါယ်ယာမ ကို Boarding pass ပြလိုက်ရင် သူက ကိုယ်စီးရမဲ့ ထိုင်ခုံကို ညွှန်ပေးလိမ့်မယ်။ ၀င်သွားလိုက်ယုံပဲ။ အဲဒီ Air Line ကတော့ မြန်မာ လေယာဉ် စပါယ်ယာမ တွေ ရှိတော့ နိုင်ငံခြား ခရီး ပထမ ဆုံး ထွက်မဲ့ သူတွေ အတွက် အဆင်ပြေတာပေါ့။ သူတို့ က အဆင်ပြေအောင် ဆောင်ရွက်ပေးပါလိမ့်မယ်။

ကိုယ်ထိုင်ရမဲ့ ထိုင်ခုံနေရာကိုရောက်ရင် အဲဒီအပေါ်မှာ Luggage Cabin ရှိတယ်။ ဆွဲဖွင့်ပြီး Hand carry အိတ်တွေ ထိုးသာထည့်လိုက်။ ပြည့်နေရင်တော့ တစ်ခြားနေရာမှာ ရှာပြီးထည့်။ အားနာစရာမလိုဘူး။ ပိုက်ဆံပေးစီးတာ။

မြန်မာပြည်ကနေ Doha ဆွဲတဲ့ Qatar Airline ဟာ များသောအားဖြင့် ခရီးသည် နည်းတတ်ပါတယ်။ တစ်စီးလုံးမှ ခရီးသည် ၅၀ တောင်မရှိပါဘူး။ ထိုင်ခုံ နေရာတွေ အများကြီး လွတ်ပါတယ်။ တစ်ကယ်လို့ များ ကိုယ့်ထိုင်ခုံမှာ ဘေးမှာလည်း လူရှိနေတယ်။ နေရာကလည်း တောင်ပံ နေရာလောက်မှာ ကျနေမယ် ။ စိတ်ကြိုက်မတွေ့ ဘူးဆိုပါတော့ ။ လေယာဉ် မတက်ခင် (အခြေအနေပေးရင် တစ်ခါတည်း နေရာပြောင်းလိုက်) ဘယ်နေရာမှာ ထိုင်ခံလွတ်နေသလဲ ဆိုတာ ကြိုတင်သာ ကြည့်ထား။ လွတ်လွတ်လပ်လပ် အိပ်ချင်ရင် အလယ်တန်းနေရာက ခုံ ၄ ခုံ ကို ရအောင်သာ နေရာ ဦးထား။ ထိုင်ခုံ လက်တန်းတွေကိုဖယ်ပြီး ကုတင်တစ်လုံးလို လုပ်ပြီး အိပ်လို့ ရတယ်။ ခရီးစဉ်က ကြာမယ် ဆိုတော့ အိပ်တဲ့အခါမှာ သက်တောင့်သက်သာ ဖြစ်အောင်၊ မညောင်းအောင် ၊ အဆင်ပြေအောင် ကြံရတာပေါ့။

အဆင်ပြေပြီဆိုရင်တော့ ထိုင်ခုံမှာ စိတ်အေးအေးထားပြီးထိုင်။ ဘုရားစာလေး ဘာလေးရွတ်။ တော်ကြာ လေယာဉ်ပြေးလမ်းချော်ပြီး ဟုတ်ပေ့ဖြစ်နေမယ်။
ခေါင်းပေါ်မှာ စာဖတ်ဖို့ အတွက် မီးလုံးရယ်၊ လေအေးပေးတဲ့ ခလုတ်ရယ် ၊ လေယာဉ်စပါယ်ယာ ကို ခေါ်ဖို့ ခလုတ်တွေ ရှိတယ်။ ကြိုက်တာသာနှိပ် ။ လိုအပ်ရင်ပြောတာပါ။

ကိုယ်ထိုင်တဲ့ ခုံရဲ့ လက်ရမ်းကိုလည်း ကြည့်လိုက်အုံး ။ ညာဖက်မှာ သီချင်းနားထောင်ဖို့ အတွက် pin ထည့်ဖို့ အပေါက် ပါတယ်။ pin ကတော့ ခဏနေရင် လာပေးမယ်။ အသာလေးနေ ။ ပြီးတော့ ဆေးလိပ်သောက်တတ်တဲ့ သူတွေအတွက် ပြာချွေဖို့ အံဝှက်ရှိတယ်။ အဲဒါက ရှိသာရှိတာ။ သုံးလို့ မရဘူး။ ဆေးလိပ်သောက်ခွင့်မပြုဘူးလေ။ လက်ရမ်းမှာ ကိုယ့်ထိုင်ခုံကို ရှေ့ တိုး နောက်ဆုတ် Adjust လုပ်လို့ ရအောင် ၊ မှီတဲ့အခါမှာ အဆင်ပြေအောင် အတွက် လုပ်ဖို့ ဘုတစ်ခုတွေ့ အုံးမယ်။ စမ်းကြည့် ။
ထိုင်ခုံပေါ်မှာ အိပ်ဖို့ ခေါင်းအုံး သေးသေးလေး တစ်လုံး ပေးထားမယ်။ ထိုင်ခုံအောက်မှာ က Life Jacket ရှိမယ်။ ယောင်လို့ တောင် ထုတ်မကြည့်နဲ့ မလိုအပ်ဘူး။ လေယာဉ် ရေထဲ ထိုးဆင်းပျက်ကျမှ အဲဒါက အသုံးဝင်မှာ။

အဲဒီမှာ Leg rest လို့ ခေါ်တဲ့ ခြေတင်လို့ ရတဲ့ အတန်းလေးတစ်တန်း ရှိတယ်။ ထိုင်ခုံရဲ့ အောက်ခြေမှာပေါ့။ Adjust လုပ်လို့ ရတယ်။ လေယာဉ် အတက် ၊ အဆင်းမှာ အဲဒါကို အပေါ်တင်ထားရတယ်။ ကျန်တဲ့အချိန်မှာတော့ အဲဒါလေးချပြီး ခြေထောက်ကို အနားပေးထားပေါ့။

ကိုယ့်အရှေ့ မှာတော့ သူများထိုင်ခုံနောက်ကျောပေါ့ ။ အဲဒီမှာ ကလိလို့ ရတယ်။ အစားအသောက်တင်ဖို့ အတွက် ခေါက် Table လေး ရှိတယ်။ အဲဒါကို တင်လိုက်ချလိုက် လုပ်ကြည့် ။ အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ မဂ္ဂဇ္ဖင်းတွေ၊ စာအုပ်တွေ ၊ လေယာဉ်မူးရင် အန်တတ်တဲ့သူတွေအတွက် အိတ် ရှိတယ်။ အစားအသောက် Menu ကဒ် ထည့်ချင်လည်း ထည့်ထားမယ်။

Airline အားလုံး အတူတူပဲ ။ Singapore ။ Malaysia ၊ Thai အဲဒီ အတိုင်းပဲ။

လူစုံလို့  လေယာဉ်တံခါးပေါက်ပိတ်ပြီး မကြာခင်မှာပဲ လေယာဉ် စပါယ်ယာမ တစ်ယောက်က ပေါင်းတင်ထားတဲ့ မျက်နှာသုတ်ပ၀ါ တစ်ခု လာပေးမယ်။ ယူသာယူ ။ ချွေးပြန်နေတဲ့ မျက်နှာ ။ လည်ပင်းတွေ အကုန်သုတ်၊ ပြီးမှ လက်ကိုသုတ်။ အဲဒါကို ပြစ်မချနဲ့ အုံး ။ လက်ထဲမှာ ကိုင်ချင်ကိုင်၊ မကိုင်ချင်ရင် ကိုယ့်ရှေ့ မှာ ရှိတဲ့ စားစရာတင်တဲ့ Table ပေါ်ကို တင်ထားယုံပဲ။ တစ်အောင့်လောက်ကြာရင် စပါယ်ယာမ က လာသိမ်းလိမ့်မယ်။ သကြားလုံးလည်းကျွေးပါလိမ့်မယ်။ စားသာစားပါ ။ အဆိပ်ခတ်မထားပါဘူး။

အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ ပလတ်စတစ် အထုပ်တစ်ထုပ်လာပေးပါလိမ့်မယ်။ ဒါလည်းယူထားလိုက်ပါ။ ပြီးတော့ ဖွင့်ကြည့်လိုက်ပါ။ နီညိုရောင် စောင်ပါးလေး တစ်ထည် ၊ Qatar တံဆိပ်နဲ့ Bag လေး တစ်ခု ။ အဲဒီ အိပ်ထဲမှာတော့ သွားတိုက်ဆေး ၊ သွားတိုက်တံ ၊ ခြေအိပ်တစ်စုံ၊ အိပ်တဲ့အခါမှာ မီးရောင်နဲ့ မအိပ်တတ်တဲ့သူတွေအတွက် Eye mask လို့ ခေါ်တဲ့ မျက်လုံးကို ပိတ်တဲ့ ဟာလေး ။ နောက်ဆုံးတစ်ခုကတော့ သီချင်းအစီအစဉ် ၊ ဗွီဒီယို အစီအစဉ် ၊ ရေဒီယို အစီအစဉ်တွေ နားထောင်လို့ ရအောင်ဖို့ အတွက် Ear Phone တစ်ခု အစရှိတာတွေ ပါ ပါတယ်။

ယူသာ ယူထားပါ။ စောင်နဲ့ Earphone မှ အပ ကျန်တာတွေဟာ ကိုယ့်အတွက် ကိုယ်ပိုင်ဖြစ်ပါတယ်။ ယူသွားလို့ လည်း ခွင့်ပြုပါတယ်။

အဲဒါတွေရရင်တော့ ခြေအိတ်ကို လဲချင် လဲလိုက်ပါ။ တစ်ချို့ ခြေအဆီ ထွက်တဲ့သူတွေဟာ ခြေအိတ်စွပ်ရင် အနံ့ ထွက်တတ်ပါတယ်။ အဲဒါကို ကာကွယ်ဖို့ အတွက်ပါပဲ။ လွတ်လွတ်လပ်လပ် ၊ သက်တောင့်သက်သာ နေပါ။ ဖိနပ်ကိုလည်း ၀ါသနာပါရင် ချွတ်လိုက်ပါအုံး ။ ခြေထောက် အိုက်ပါတယ်။ စီးရမဲ့ ခရီးစဉ်က အကြာကြီးဆိုတော့ ဖိနပ်ချွတ်တာဟာ အကောင်းဆုံးပါ။ လိုအပ်မှ ပြန်စီးပါ။


ခရီးသည်အများစုဟာ မြန်မာပြည်သားတွေ ဖြစ်ဖို့ များပါတယ်။ အနည်းအကျဉ်းကတော့ နိုင်ငံခြားသားတွေပါပဲ။ ဒီအထဲမှာတော့ Doha မှာ အလုပ်သွားလုပ်ကြတဲ့ မြန်မာတွေ လည်း ပါပါလိမ့်မယ်။ ခွင့်နဲ့ ခဏပြန်လာကြတဲ့သူတွေပါ။

လေယာဉ်ဟာ Boarding Gate ကနေ ခွာတော့မယ်ဆိုရင်တော့ ခါးပတ်တွေ ပတ်ခိုင်း ၊ ဆေးလိပ်မသောက်ရ ဆိုတဲ့ Sign တွေကို တင်ပါလိမ့်မယ်။ ကိုယ့်အတွက်တော့ ထူးမှာမဟုတ်ပါဘူး။ ဆေးလိပ်က သောက်မှ မသောက်ရတာ။
မကြာခင်မှာပဲ လေယာဉ် ဒရိုင်ဘာကနေပြီးတော့ စကားပြောပါလိမ့်မယ်။ သူဟာ ဘယ်သူဘယ်ဝါပေါ့။ ဒီခရီးစဉ်ဟာ မိုင်ဘယ်လောက်ရှိမယ်။ ပျံသန်းချိန် ဘယ်လောက်ကြာမယ်။ အမြင့်ပေဘယ်လောက်ကနေပျံသန်းမယ်ဆိုတာကို ပြောပြီးတော့ ကမ္မ၀ါ ညှပ်ပါလိမ့်မယ်။

လေယာဉ်ဟာ ပြေးလမ်းပေါ်ရောက်လို့ အရှိန်ယူပြီး ကောင်းကင်ကို ပျံတက်တဲ့အခါမှာ အဲဒီ အရသာကို ခံစားကြည့်ပါ။ အသည်းထဲ အေးခနဲ ၊ ငြိမ့်ခနဲ ပါပဲ။ ပြတင်းပေါက်ခုံ နဲ့ နီးတဲ့လူဆိုရင်တော့ ရန်ကုန်မြို့ တော်ရဲ့ ညအလှကို မီးမှိတ်တုတ်နဲ့ မြင်ရမှာပါ။

ဝေဟင်ကို လေယာဉ် ပျံတက်ပြီး သိပ်မကြာခင်မှာ ညစာကျွေးပါမယ်။ Menu Card လေးတွေ လာပေးပါမယ်။ စားချင်တာသာမှာစားပါ။ အားမနာနဲ့ ။ သောက်တတ်တဲ့သူများ မှာသောက်ပါ။ ဘီယာ ၊ ၀ိုင် ၊ တစ်ခါတစ်လေ Whisky တောင် ပေးပါတယ်။ ချသာ ချ ။ ပိုက်ဆံပေးပြီး စီးတာ။ တန်အောင်စားပါ။ အရည်အတွက်ကတော့ ရေချည်းပဲ သောက်မနေပါနဲ့ ။ ရေဆာရင် အချိုရည်တောင်းသောက်ပါ။ ဘီယာတောင်းသောက်ပါ။ (ကြိုက်တတ်တဲ့ သူတွေ အတွက်ပါ)

Thai Airway က ဆိုရင်တော့ လေယာဉ်စပါယ်ယာ က လက်တစ်ဘက်စီမှာ ၀ိုင်ပုလင်း တစ်လုံးစီကိုင်ပြီး White Wine? Red Wine ဆိုပြီး လာအော်ပါလိမ့်မယ်။ မော့သာမော့ပစ် ။ ချဉ်ချဉ်တူးတူး ၊

အဲဒီလို စားစရာ သောက်စရာ မှာပြီးရင်တော့ လေယာဉ် ရဲ့ အလယ်လိုင်းမှာ တီဗီတွေပါ ပါတယ်။ အဲဒါလေး အသာလေးမှေးပြီး Ear Phone လေးနဲ့ မျက်စိအရသာ ခံယုံပါပဲ။ တီဗွီအစီအစဉ်မကြိုက်ရင် သီချင်း ၊ သီတင်း ၊ ရေဒီယို ပါတဲ့ လိုင်းကို လျှောက်နှိပ်ပြီး နားထောင်နေယုံ ပါပဲ။

အဲဒီလိုနဲ့ မှာထားတဲ့ စားစရာတွေရောက်လာရင် ကိုယ့်ထိုင်ခုံ အရှေ့ က Table လေးကို ချပြီး စားသောက်ယုံပဲ ။ ကိုယ်က မလုပ်တတ်ရင် လေယာဉ်စပါယ်ယာမတွေက အစအဆုံး လုပ်ပေးပါမယ်။ စိတ်မပူနဲ့ ။ မရှက်နဲ့ ။ တစ်ခုခု တောင်းချင်ရင်တော့ စကားရဲ့ နောက်ဆုံးကနေ Please ဆိုတာလေး တစ်လုံးပါ ပါပါစေ။ လိုချင်တာ အကုန်ရမယ် ။ မရတာကတော့ မရှိလို့ ပဲ မှတ်ပါ။

စားပြီးသောက်ပြီးရင်တော့ အိပ်ဖို့ အတွက် လေယာဉ်က မီးမှိတ်ပေးပါမယ်။ အဲဒီအခါမှာတော့ မအိပ်ချင်ရင် ကိုယ့်မှာပါလာတဲ့ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ ကို စာကြည့်မီးလုံးလေးဖွင့်ပြီး ဖတ်ချင်ဖတ်၊ အဖော်ပါတဲ့သူကတော့ အဖော်နဲ့ စကားတွေဖောင်ဖွဲ့ ပေါ့။ အဖော်မပါလည်း အခြေအနေပေးရင် လေယာဉ်နောက်ပိုင်းမှာ ငိုက်ချင်ငိုက် ၊ သူ့ အလုပ်သူ ရှုပ်နေတဲ့ လေယာဉ်စပါယ်ယာမတွေနဲ့ တော်ကီ သွားပွားပါ။
သူတို့ က အတွေ့ အကြုံတွေများတဲ့သူဆိုတော့ တစ်ခြားနိုင်ငံ အတွေ့ အကြုံတွေ ကို ပြောပြပါလိမ့်မယ်။ English လို စကားပြောကျင့်သလိုမျိးပါပဲ။ များသောအားဖြင့် သူတို့ ဟာ Asian နိုင်ငံတွေ က ဖြစ်ပါတယ်။ အိပ်ချင်ရင်တော့ လေယာဉ်မထွက်ခင်က ကြိုတင်ရှာထားတဲ့ ထိုင်ခုံ နေရာမှာ ခြေဆန့် လက်ဆန့် တစ်မေ့တစ်မော အိပ်လိုက်ပေတော့။

အိမ်သာသွားချင်ရင်လို့ ကိုယ့်ဘေးမှာ လူရှိနေလည်း အားမနာနဲ့ ။ နိုင်ငံခြားသားဆိုရင်လည်း Excuse me လို့ သာပြော။ အိပ်နေလည်း နှိုးပြီးတော့ ပြော။ ကိုယ့်အရေး က သူအိပ်နေတာထက် ပို ကြီးတယ်။

အဲဒီလိုနဲ့ ခရီးဆုံးခါနီး ၂နာရီ အလိုဆိုရင် စားစရာလေးတွေ နောက်တစ်ခေါက် ထပ်လာမယ်။ မနက်စာပေါ့။ စားသာစား ၊ သွပ်သာသွပ်။
Doha ရောက်လို့ အပိုငွေမကုန်စေချင်ရင် စားသာစားထား။

အဲ...တစ်ခုပြောရအုံးမယ်။ လေယာဉ်စီးလို့ မူးပြီး အန်ချင်ရင်တော့ အိပ်ရှိတယ်ဆိုတာ မမေ့နဲ့ ။ ကိုယ်ထိုင်တဲ့ ထိုင်ခုံရှေ့ အောက်နားက အိတ်ထဲမှာ ရှိတယ်။ နောက်တစ်ခုက လေယာဉ်တွင်းမှာဆိုတော့ လေဖိအား နည်းတာ ၊ များတာ ဖြစ်လို့ နားတွေ တိန်း ကုန်တာ ၊ နားအကြား တွေ တိုးသွားတာတွေ ဖြစ်တတ်တယ်။ အဲဒါဆိုရင်တော့ နှာခေါင်းပေါက် ၂ ဖက်လုံးကို လက်နဲ့ ပိတ်ညှစ်ပြီးတော့ တံတွေး မျိုချလိုက်။ တစ်ခေါက်နဲ့ မရရင် နောက်တစ်ခေါက်ထပ်လုပ်ကြည့်ပါ။ ပျောက်သွားပါလိမ့်မယ်။

လေယာဉ်ပျံသန်းနေတုန်း တစ်ခါတစ်လေ လေပြင်းထန်တာ၊ ရာသီဥတုဆိုးရွား လို့ ရှိရင်တော့ ခါးပတ်ပြန်ပတ်ခိုင်းပါလိမ့်မယ်။
ကျန်တဲ့အချိန်မှာတော့ ခါးပတ်ပတ်ထားတာကို ဖြုတ်ဖို့ မမေ့ပါနဲ့ ။ သက်တောင့်သက်သာ နေပါ။ ပင်ပန်းလှပါတယ်။ ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ ။

Doha လေဆိပ်ကို လေယာဉ်ဆင်းလို့ ရှိရင် ညဖက်ဆိုတော့ ကောင်းကင်ကနေ မြေပြင်အလှကို ကြည့်ရတာ တော်တော်လှပါတယ်။ နေ့ ဖက်ဆိုရင်တော့ သိပ်မလှဘူး ။ဘာလို့ လည်း ဆိုတော့ သဲကန္တာရ ထဲမှာ ဆောက်ထားတဲ့ မြို့ ဖြစ်ပြီး အတော်လည်း ပူပါတယ်။ နေ့ ဖက်ဆိုရင် ကျစ်ကျစ်ပူနေပါရော။ မြန်မာပြည်ထက်ကို ပူပါတယ်။ ညဖက်လည်း ပူတာပဲ။

Doha လေဆိပ်ကတော့ Tube မရှိတဲ့ အတွက် လှေခါးပါတဲ့ ကားတွေနဲ့ တံတားထိုးပြီး အောက်မှာတော့ Aircon Bus တွေ လာကြိုပါလိမ့်မယ်။ လေယာဉ်ပေါ်ကဆင်းရင်လည်း Cabin Luggage တွေကို ပြန်ယူဖို့ မမေ့နဲ့ အုံး။ ၀မ်းသာအားရဖြစ်ပြီးတော့ မေ့တတ်တယ်။ အဲဒီကနေ တစ်ဆင့် Arrival ကို Bus တွေနဲ့ သယ်သွားပါလိမ့်မယ်။ တစ်ခါတစ်လေ အဲဒီ Arrival ကို ရောက်ဖို့ ၁၅ မိနစ်လောက်ကြာပါတယ်။ အဲသလောက် ဝေးတယ်။ တစ်ခါတစ်လေတော့လည်း ၅ မိနစ်ပေါ့။ လေယာဉ်ပေါ်မှာ မူတည်ပါတယ်။

Doha လေဆိပ် အတွင်း မြင်ကွင်း (ဆက်ရန်)....

Friday, November 9, 2007

မြလွှာတို့ရဲ့ ရတနာပုံရွှေ မန္တလေး (၁) .....

မြလွှာရဲ့မမက မြလွှာကို ပြောတယ်... မြလွှာ တို့ရဲ့ရွှေ မန္တလေးနဲ့ ပတ်သတ်ပြီး... ရွှေမန်းမြေရဲ့ သမိုင်း ကြောင်းလေး ကိုလည်း သိချင် ပါတယ် တဲ့လေ.. ထူးခြား ချက်လေး ကိုရောပေါ့နော်...... ပြီးတော့ လည် ပတ်လို့ ကောင်းမယ့် နေရာလေး တွေပေါ့..... မြလွှာလည်း ရေးမယ် ရေးမယ်နဲ့ တော်တော်နဲ့ မရေး ဖြစ် ဘူး ဖြစ်နေတယ်... အခုမှပဲ မြလွှာလည်း အေးအေး ဆေးဆေး ရေးပြခွင့် ကြုံရ တော့တယ် .....

လည်စရာကောင်းတဲ့ နေရာလေးတွေ... စိတ်ဝင်စား စရာ ကောင်းတဲ့ နေရာ လေးတွေ... ကာလ ကြာ ရှည်စွာ တည်ရှိ နေတဲ့ နန်းမြို့ရိုး၊ ကျုံး နဲ့ မန္တလေး တောင်အလှ ၊ မြလွှာတို့ ရွှေမန်းသူ တွေရဲ့ အလှ တို့ နဲ့ ပေါင်းစပ်ပြီး မန္တလေး မြို့ရဲ့ ရှုမငြီး ဖွယ်ရာ မန္တလေး ထိုးမုန့်ကို လာရောက် မြီးစမ်းစေ ချင်တာ စေတနာ နဲ့ပါ........
ပထမဆုံး ပြော ပြ ချင်တာ က တော့ သမိုင်း ကြောင်းလေးပေါ့နော်...

မြလွှာတို့ရဲ့ရွှေမန္တလေးမြို့ဟာ မြန်မာပြည်ရဲ့ ဒုတိယ မြို့တော် ဖြစ်ပါတယ်... မြလွှာတို့ရဲ့ ရွှေ မန္တလေး မြို့ကို လာလည်မယ် ဆိုရင် လေယာဉ်၊ သင်္ဘော၊ ရထား ၊ ကား ခရီးစဉ် တို့ဖြင့် အရောက် လာနိုင် ပါတယ်... " အုတ်ကျစ် ကျော်အေး-မန္တလေး " ဟူသည့် အဆိုအရ..... မြန်မာ သက္ကရာဇ် ၁၂၂၁ ၊ လွန်ခဲ့ သော အေဒီ ၁၈၅၉ တွင် ကုန်းဘောင်မင်း (၁၀) ဆက်မြောက် မင်းတုန်း မင်းကြီး (၁၈၅၃-၁၈၇၈) တွင် တည်ထောင် ခဲ့သော မြို့ဖြစ်ပါတယ်.......

မန္တလေး ဟူသည်မှာ ပျံ့ပျူး သာယာသော နယ်မြေ ဟုလည်း အဓိပ္ပာယ် ရတယ် တဲ့လေ....... သာသနာ သက္ကရာဇ် (၂၄၀၀) ကျသည့်နှစ်တွင် မြလွှာတို့ရဲ့ ရွှေမန်းလေးမြို့ ကို တည်ထားခဲ့တာ ကြောင့် မြို့လေး မျက်နှာ အကျယ် အ၀န်း စုစုပေါင်း "တာ " ၂၄၀၀ ရှည်သော မြို့ရိုး တို့နဲ့ တည်ဆောက် ခဲ့ပါတယ်... မြို့ရိုး တစ်ဖက်ဟာ အရှည် ၁မိုင်၂ဖာလုံ ရှိပါတယ်... နန်းမြို့ရိုး ပတ်လည်မှာ မြလွှာ တို့ရဲ့ ရွှေမန္တလေးရဲ့ အလှ တစ်ခု ဖြစ်တဲ့ ကျုံးကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်... ကျုံးဟာ ၂၂၅ပေ ကျယ်ပြီး... ၉မိုင် အရှည် ရှိကာ... ၁၁ပေ နက်ပါတယ် ... မြို့ရိုး တစ်ဘက်လျှင် တစ်နှစ်မှာ ၁၂လ အမှတ် အသားဖြင့်... မြို့ရိုး တစ် ဖက် လျှင် တံခါး (၃) ပေါက်စီ ရှိပါတယ်.... တစ်လလျှင် (၄) သီတင်း ရှိသည့် အတွက်... မြို့ရိုး တစ် ဘက်လျှင်... ဂိတ်တံခါးကြီး တစ်ပေါက် ထားရှိပါတယ်... တစ်နှစ်မှာ (၄၈) သီတင်း ရှိသည်ကို ရည်မှတ် ပြီး ... မြို့ရိုး လေးမျက်နှာမှာ ၄၈ ပြသာဒ် ရံစီထားပါတယ်...... မန္တလေးမြို့ဟာ ပူပြင်း ခြောက်သွေ့ သော ရာသီဥတုတွင် တည်ရှိပါတယ်... မိုးလည်း အင်မတန် နည်းပါးပါတယ်... ပင်လယ်အမြင့်ပေ(၂၀၀) တွင်ရှိပြီး... Five gate way City ဟု ကမ္ဘာတွင် ကျော်ကြားပါတယ်.... မင်းတုန်းမင်းတရားကြီးဟာ... မန္တလေးမြို့ တည်သည်နှင့် တစ်ပြိုင်နက်... သတ္တဌာန(၇)ဌာနတို့ကိုလည်း တစ်ပါတည်း ပန္နက်ချ တည်ဆောက် ခဲ့ပါတယ်...

(၁)မန္တလေးမြို့တော်
(၂)ကျုံးတော်
(၃)မဟာလောကမာရဇိန်ဘုရား
(၄)ပိဋကတ်တိုတ်များ
(၅)မဟာ အတုလဝေယန်ကျောင်းတော်
(၆)သုဓမ္မာဇရပ်(၃၃)ဆောင်
(၇)သိမ်တော် တို့ကို တစ်ပြိုင်နက်တည်ဆောက်ခဲ့ပါတယ်..

မြလွှာတို့ရဲ့ ရွှေမန်းလေးကို အလည်တစ်ခေါက် ရောက်ခဲ့မယ် ဆိုရင်တော့...မြလွှာ ခုပြောပြတဲ့ နေရာလေးတွေကို အလည်တစ်ခေါက်အရောက်လာနိုင်ပါတယ်....ဒါကတော့ မြလွှာတို့ရဲ့ မန်းလေးမြို့ရဲ့အကြောင်းလေးပေါ့နော်... ကျန်တာတွေကို ပြီးမှ ဆက်ရေးမယ်နော်... ဒုတိယပိုင်းမျှော်ပေါ့....... :)

မြလွှာ


(ပြည်တွင်းမှ ပို့စ် တင်ရန် အခက်အခဲ ရှိပါသဖြင့် အက်ဒမင်မှ တင်ပေးခြင်း ဖြစ်ပါသည်။ ပြည်တွင်းမှ ပို့စ်တင်ရန် အခက်အခဲရှိသူများ အက်ဒမင်ထံ အီးမေးလ် ဖြင့်လဲ ပေးပို့နိုင်ပါသည်။ )

ကျွန်မနှင့် ရောက်ရှိနေသောမြို. ( ၁ )

ကျွန်မနှင့် ရောက်ရှိနေသောမြို. ( ၁ ) ကို ကျွန်မ ဘလော့မှာတင်ထားသားဖြစ်ပေမဲ့ နယ်စည်းမခြား မြန်မာဘလော့ဂါများ မှာနောက်တစ်ခေါက်ထပ်တင်လိုက်ပါတယ်။

*********

ကျွန်မ အခု ရောက်နေတဲ့ နေရာကတော့ ကမ္ထောဒီးယားဆိုတဲ့ မထင်မရှား နိုင်ငံလေးတစ်ခုပါ။ မထင်မရှားဆိုပေမဲ့ ငယ်ငယ်လေးတည်းက ကျွန်မတို့နဲ့ အကျွမ်း တ၀င်ဖြစ်နေတဲ့ နိုင်ငံလေးပါပဲ။ မြန်မာနိုင်ငံနဲ့လည်း သိပ်မဝေးသလို သိပ်ပြီးမကွာ ခြားလှပါဘူး။ မြန်မာနိုင်ငံနှင့် ယှဉ်လိုက်ရင် မြန်မာထက်အနည်းငယ်နှိမ့်ကျသော အဆင့်မှာရှိပါတယ်။ အများသတ်မှတ်ထားကြ သလို ဖွံဖြိုးဆဲ နိုင်ငံပေါ့။ ဖွံဖြိုးဆဲနိုင်ငံဆိုတော့ လိုအပ်ချက်တွေများ လှပါတယ်။ လျှပ်စီးမီး ၂၄ နာရီ ရတဲ့ အတွက် မြန်မာထက်တော့ ဒါလေးတစ်ခုသာပါတယ်။ ပျက်ခဲတာ မဟုတ်ပါဘူး ပျက်ကို မပျက်တာ။ မြို.တော်ဖြစ်တဲ့ PHNOM PENH က ရန်ကုန်လောက်ကိုမလှဘူး။ သန့်လည်း မသန့်ရှင်းဘူး။ ရာသီဥတုကတော့ ဆယ့်နှစ်ရာသီပတ်လုံး နွေရာသီပါပဲ။ နွေလည်း ပူဧ။် ၊ မိုးရာသီတွင် မိုးမရွာက ပူဧ။် ၊ဆောင်းရာသီတွင် မနက်ခင်းနေမထွက်ခင်အချိန် တစ်ချက်မှလွဲပြီး ပူဧ။် ။ အပူပိုင်းတွင်ကျရောက်တဲ့ အတွက် ကမ္ထောဒီးယား နိုင်ငံသူ/ သားတွေဟာ အသားညို / မဲပါတယ်။ လူနေထိုင်မှု.ဟာ ချမ်းသာတဲ့ လူတန်းစားက အဆင့်အတန်းမြင့်ပြီး ၊ ဆင်းရဲသော လူတန်းစားမှာ အဆင့်အတန်းနှိမ့်လှပါတယ်။

ထူးဆန်းတာက ဘတ်စ် လုံးဝမရှိဘူး။ မီးရထားမရှိဘူး ( ကုန်တင်သောမီးရထားမှလွဲ၍ ) ။ သွားလာရေးမှာ ဆိုင်ကယ်တွေသာ အဓိကထားကြတယ်။ မြိုတော်ရဲ. လူအများစုဟာ ဆိုင်ကယ်စီးကျတယ်။ လမ်းစည်းကမ်း ၊ယာဉ်စည်းကမ်း ကတော့ လုံးဝ ( လုံးဝ ) မရှိဘူး။ တစ်ခါတစ်ရံ မီးပွိုင့်ဆိုတာ တပ်ထားရုံသာရှိသည့် သဘောမျိုးဖြစ်သည်။ ဘယ်သူမှ ဂရုသိပ်မစိုက် ကြတယ်မရှိဘူး။ ဆိုင်ကယ်တွေဆိုတော့ သွားရလာရ လွယ်ကူတဲ့အတွက် လွတ်ရင် လွတ်သလိုသွားကြတယ်။ အက်ဆီးဒင့် အများဆုံးဖြစ်တာကလည်း မော်တော်ဆိုင်ကယ်စီးတဲ့ သူတွေပါပဲ။ ဆိုင်ကယ် ဦးထုပ် မစောင်းကြဘူး၊ ဆိုင်ကယ်နောက်ကြည့်မှန် မတပ်ကြဘူး။ အက်ဆီးဒင့်ဖြစ်လိုက် ရင် ဆိုင်ကယ်သမားတွေပဲ အခံရများပါတယ်။ တစ်ခါတစ်လေ လမ်းမှာ အက်ဆီးဒင့်ဖြစ်တာနဲ့ တိုးမိရင် ကြည့်တောင် မကြည့်ရဲဘူး။စည်းကမ်းကတော့ ဒီလောက်မဲ့တာ အခုမှတွေ့ဘူးတယ်။ မောင်းချင်သလို လွတ်သလိုမောင်း နေကျတယ်။ ရန်ကုန်က မော်တော်ပီကေ တွေသာတွေ့ရင် သွားရည်တွေ တမျဉ်းမျဉ်းကျနေမှာ..( ဟီးဟီး ) ဖမ်း၇တာလက်ကို လည်မှာ မဟုတ်ဘူး။ တက္ကစီတွေက လမ်းမှာ လျှောက်သွားနေတာ မဟုတ်ဘူး။ တက္ကစီသုံးချင်ရင် TAXI Company ကို ဖုန်းဆက် လိုက်ဒါမှ သုံးလို့ရတာ။ ဘတ်စ် အစား မြို.တွင်း ဟိုသွား ဒီသွား ကတော့ အငှားဆိုင်ကယ်ကို အသုံးပြုကြတယ်။ နောက်တစ်မျိုးကတော့ TOTO လို့ခေါ်တဲ့ တက္ကစီ အမျိုးအစားပါ။ TOTO က ဆိုင်ကယ်ထက်စာရင် ပိုပြီး လုံခြုရေးကို စိတ်ချရတယ်။ TOTO တွေကို နိုင်ငံခြားသားတွေ တော်တော်လေးကြိုက်တယ်... အဲ့ TOTO စင်းလုံးငှားပြီး မြို.အတွင်း သွားရတာ ပိုအဆင်ပြေတယ်။ ကျွန်မတို့လည်း TOTO ကိုငှားစီးသာများတယ်။ ဆိုင်ကယ်ကတော့ကြောက်တယ် သိပ်မစီးရဲဘူး။

ဒီမှာ ကားကတော့ အရမ်းပေါတယ်။ အမေရိကန် ကနေ ၀င်လာတဲ့ SECOND MADE တွေ US$5000 ရှိရင် ကားအလတ်အသန့် တစ်စီးဝယ်စီးလို့ရပြီ။ ရောက်စတုန်းက သိရတာ တော်တော်လေးကို အံသြမိတယ်။ စက်ကင်းမိတ် တွေဆိုပေမဲ့ တော်တော်လေး ကောင်းပါတယ်။ ကျွန်မလည်း ကားအကြောင်းတွေ သိပ်နားလည်တာမဟုတ်ဘူး။ ရန်ကုန်က တက္ကစီစုတ်စုတ်ကားလိုမျိုး သတိရမိသွားတော့ စိတ်တောင်မကောင်းဘူးဖြစ်သွာတယ်။ ကျွန်မလည်း ၀ယ်စီးရင်ကောင်းမလားလို့။ မဖြစ်သေးပါဘူးလေ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း မရှိတာနဲ့ ခံနေရဦးမယ်။ ( မောင်းလည်း မမောင်းတတ်ပါဘူး။ ဟိဟိ ) ။

ကောင်းတာတစ်ခု နဲ့ မကောင်းတာ တစ်ခုကတော့ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာကို လွတ်လပ်စွာ သုံးခွင်ပြုထားတယ်။
ကောင်းတာက ငွေလဲတဲ့ အလုပ်မလုပ်ရတော့ အဆင်ပြေပြေသုံးဆွဲလို့ရတယ်။ အပြင်ထွက်ရင် တစ်ရွက်လောက်ကို ခေါက်ပြီးထည့်သွား အိုကေပီ။ မကောင်းတာက လူတန်းစားမရွေး အားလုံးရဲ.လက်ထဲမှာ ဒေါ်လာတွေပဲကိုင်တယ် ဆိုတော့ ဒေါ်လာတွေက ဟောင်းနွမ်းနွမ်းတွေ။ သူတို့ ကမ္ထောဒီးယားပိုက်ဆံ ( RIEL ) တောင်မှ ဒေါ်လာထက် သစ်သေးတယ်။ ရန်ကုန်မှာကတော့ ဒေါ်လှ ဆိုရင် ခေါက်ရာလေး မရှိအောင် ဂရုတစိုက် နူးညံနေရတာ။ ပိုးမွေးသလိုမျိုး။

နောက်တစ်ခုက ကမ္ထောဒီးယားမှာ နာမည်အကြီးဆုံးဖြစ်တဲ့ အန်ကောဝတ် ( ANGKOR WET ) ကျောင်းတော်ကြီးပါ။ အန်ကောဝတ်ဆိုတဲ့ နာမည်လည်း ကျွန်မတို့နဲ့ မစိမ်းလှတဲ့နာမည်လေးပါ။ ဘယ်နှစ်တန်းမှာ သင်ရတာလည်းတော့ ခပ်ရေးရေးဖြစ် နေပြီ မမှတ်မိတော့ဘူး။ အဲမြို.တော့ နိုင်ငံခြားဧည့်သည်တွေကို အတွက် အထူးစီစဉ်ထားတဲ့ အတွက် မြို.တော်ဖြစ်တဲ့ PHNOM PENH ထက်လှပအောင်ပြင်ဆင်ထားတယ် ။ အကယ်၍ မိတ်ဆွေ ဟာ ကမ္ထောဒီးယားကို ရောက်လာခဲ့မယ်ဆိုရင် အန်ကောဝတ် ကိုတစ်ခေါက်လောက်သွားဖြစ်အောင်သွားသင့်ပါတယ်။ ကျွန်မလည်း ရောက်ပြီးပါပီ အခွင့်အရေးရှိ မယ်ဆိုရင် နောက်တစ်ခေါက် ထပ်သွားချင်သေးပါတယ်။ ကျွန်မ ကိုယ်တိုင်ရိုက်လာတဲ့ အမှတ်တရ ပုံတစ်ချို.ကို ဟိုးရှေ.မှာ ဖော်ပြဘူးပါတယ်။
ဒီနေရာလေးကိုနှိပ်ပြီး ထပ်သွားကြည့်နိုင်ပါတယ်ရှင်။ ပြောသာပြောရတာ ဒီမှာက အန်ကောဝတ်ပြီးရင် သွားစရာနေရာ မရှိတော့ဘူး။ ရုံးပိတ်ရက်ဆို ဦးနှောက်ခြောက်တယ်..သွားစရာနေရာ မရှိလို့။ စနေ၊ တနင်္ဂနွေဆို အပြင်ထွက် ပစ္စည်းဝယ်တာက လွဲလို့ အိမ်မှာပဲ အနေများတယ်။

အခုတော့ဒီမှာ ခနရပ်ကြရအောင်။ နောက်ကြုံရင် စိတ်ကူးရသလိုရေးပါမယ့်။

မောင်လေး ကိုဖြိုးရေးပေးတဲ့ ၇န်ကုန်အကြောင်း

လည်လည်သွားမယ်

မခွန်မြလှိုင်ရေ ..အချိန်က ညနေငါးနာရီဆိုတော့ နေတောင်အပျင်းထူပြီး အနားယူဖို့ကြံစည်လို့နေပေါ့။ ရန်ကုန်မြို့တော်ရဲ့ တစ်နေရာရာကို ရောက်ဖူးခဲ့တယ်ဆိုပေမယ့်လည်း ထပ်ကာသွားလိုက်ကြသေးတာပေါ့ဗျာ။ အမသွားချင်တဲ့ လှော်ကားတို့၊ ကန်တော်ကြီးတို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အဲနေရာလေးမှာ ဘယ်တော့မှ မရိုးနိုင်မယ့် မြင်ကွင်းတွေရှိတယ်။အခု ကျွန်တော်က မြေနီကုန်းကိုရောက်နေတာဆိုတော့ ဒီနေရာမှာ လည်ချင်သပဆိုရင် ဒဂုံစင်တာရယ်၊ ဂမုန်းပွင့်ရယ်၊ ဘလေဇွန်ရယ်၊ ပြီးတော့ ရှုပ်ပွနေတဲ့ လူတွေကြားမှာရယ် ဒါတွေကို တိုးဝင်ခံစားမယ်ဆိုလည်း ခံစားချင်စရာပါပဲလေ။ ဒါပေမယ့် ကျွန်တော်က အမကို တစ်နေရာရာကို ခေါ်သွားပါ့မယ်။ အဲနေရာကို ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏရောက်နေကြမို့လို့ပါ။ ပြောနေရင်ကြာတယ်ဗျာ။ လာဗျို့ .. ဟိုရှေ့မှာ ၄၈ မီနီဘတ်စ်လေး စီးသွားရအောင်။ ကားခက ငါးဆယ်ကျပ်မျှပဲ ကျပါတယ်။ကားက အတော်နဲ့မထွက်နိုင်တော့ ချွေးတွေသံတွေရွှဲနေရောပေါ့။ မပူပါနဲ့ဗျာ။ စံပြမှာဆင်းပြီး မမယ်လိုဒီမောင်ဆီဝင်ကြတာပေါ့။ သူ့နယ်မြေမို့ သူဒကာခံပါလိမ့်မယ်။မြေနီကုန်းကနေ မြို့ထဲကို ကားစီးရင် ကားရဲ့ ဘယ်ဘက်မှာ ရပ်နေတာအကောင်းဆုံးပဲ။ ပြည်သူ့လွှတ်တော်ရှေ့ကဖြတ်ရင် ပြည်သူ့ရင်ပြင်ကြီးရဲ့နောက်မှာ တင့်တယ်တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကြီးလေ။ အခုလို ညနေစောင်းချိန်ဆို အရမ်းကို ကြည်ညိုဖွယ်ရာသပ္ပာယ်လို့နေပေါ့။ စံပြကားမှတ်တိုင်ကနေဆင်းပြီး ဘုန်းကြီးလမ်းအတိုင်းလျှောက်သွားရင် မမယ်လိုဒီမောင်တို့ရုံးကို ရောက်ပေါ့။ ဖုန်းဆက်ကြည့်ဦးမှပါ။ ဟယ်လို မမယ်လိုဒီ ..။ ပြီးရင် တရုတ်တန်းတစ်ပါတ်လမ်းပတ်လျှောက်ကြမယ်လေ။ ကားစီးရင် မူးတတ်တဲ့ အမကို အရင်ဆုံး မမီတို့ရုံးရှေ့က လက်ဖက်ရည်ဆိုင်လေးမှာ ဘလက်ကော်ဖီကို သံပရာသီးစိတ်ကလေးညှစ်ထည့်ပြီး တိုက်မယ်လေ။ ဒါဆို စိတ်တွေလည်း အနည်းငယ်လန်းဆန်းလို့သွားမှာပေါ့။ လမ်းဘေးတစ်နေရာမှာထိုင်ပြီး နေ၀င်ချိန်အိပ်တန်းတက်ငှက်ကလေးတွေကို ငေးမောကြည့်ရတာဟာ အရသာတစ်ခုပါပဲလေ။ ပြီးတော့ မြို့ပြရဲ့ ဂျူတီချိန်းနေတဲ့ လူတွေလေ။ သူတို့ထဲက တစ်ချို့က အိမ်ပြန်ကြ၊ တစ်ချို့က အလုပ်ခွင်ဝင်ကြ၊ တစ်ချို့က အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်လာကြ။ ဒီလူတွေကြားမှာ စီးမျောလို့သွားကြတာပေါ့ဗျာ။ သင်တန်းက ပြန်လာမယ့် ဘာညာလေးလိုက်လာလိမ့်မယ်။ မချစ်လေပြေက လမ်းမတော်မှာ ရောင်းတဲ့ ရေခဲကြော်စားချင်လို့ ဖုန်းတွေဆက်ပြီး ပြောနေပြီ သူ့ကိုစောင့်နေပါတဲ့။ မပန်ကိုလည်း မေးလိုက်ပါဦးလေ။ ဘာများစားချင်ပါသေးလဲလို့။ နောက်ပြီး မနိုင်းနိုင်းတို့၊ မလေးတို့၊ မဂျစ်၊ မမွန်းသက်ပန်တို့ကိုပါ မေးလိုက်ပါဦးလေ။ လူစုံလည်း မစုံလည်း ကျွန်တော်တို့ ခြေထောက်တွေနဲ့ပဲ လမ်းတွေကို ဆက်လျှောက်ကြတာပေါ့။ မိုးလှိုင်ညကတော့ လမ်းမတော်က ခွာသွားလောက်ပြီလေ။ဘုန်းကြီးလမ်းထောင့်က နေချိုးကွေ့လို့ လမ်းဆက်လျှောက်ကြမယ်။ လမ်းတောက်လျှောက်မှာ စတိုးဆိုင်သေးသေးလေးတွေရှိနေကြတယ်။ စိတ်ဝင်စားလို့ရှိရင် ယနေ့ခေတ် မြန်မာလူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုပြယုဂ်တွေ၊ သုံးစွဲနေထိုင်မှုပြယုဂ်တွေကို အဲဒီဆိုင်တွေမှာ ခဏတာငေးမောကြည့်လို့ရတယ်။ လိုချင်တာဘယ်တော့မှ ကွက်တိမရတတ်တဲ့ စတိုးဆိုင်တွေဟာ ရသလောက်လေးနဲ့ လည်ပတ်နေတာ နှစ်တွေတောင် အတော်ကြာပေါ့။ တရုတ်တန်းမှာ တရုတ်စာတွေ၊ ကုလားစာတွေ၊ မြန်မာစာတွေ၊ စတဲ့ အစားအစာတွေ (စာပေမဟုတ်ပါ) အစုံရနိုင်တာမို့ အမအနေနဲ့ ဒီမှာသာ ကြာကြာနေရင် မုန့်ဖိုးနဲ့ မွဲကိန်းမြင်တယ်။ မုန့်ဟင်းခါးကြိုက်တတ်ရင်တော့ ၁၆ လမ်းထိပ်မှာ ဆိုက်ကားကလေးနဲ့ ရောင်းတဲ့ အညာသားတွေရှိတယ်။ ဒိန်ချဉ်သောက်ချင်ရင် မုန့်ဟင်းခါးစားပြီး လမ်းကူးလိုက်ရုံပါပဲ။ ညကျရင် အိမ်မှာ ဘာလေးညာလေးချက်ပြုတ်စားချင်သပဆို လမ်းမတော်လမ်းထိပ်ကနေ အသီးအရွက်ကလေးဘာလေး ၀ယ်သွားရုံပေါ့ဗျာ။ ပြီးရင်တော့ အရင်တစ်ချိန်တုန်းက တီဗီမှာ ပျိုးပျိုးပြက်ပြက်လင်းလက်ခဲ့တဲ့ ရွှေတွေကို ကြော်ငြာနေတဲ့ ရွှေဆိုင်တွေလေ။၁၈လမ်းထိပ်က ဒေါ်မြရင်ဝက်အူချောင်းကိုတော့ အမအပြန်ကျရင် စားဖို့ ၀ယ်ထည့်ပေးလိုက်မယ်။ ရှေ့တူရှုမှာ ရှမ်းရိုးရာအစားအသောက်တွေကို ဖောဖောသီသီမြင်တွေ့ရမှာပေါ့လေ။ ၁၉လမ်းရဲ့ အမိုးအောက်မှာ ဘာလချောင်ကြော်တွေဘာတွေအမျိုးစုံရနိုင်သေးရဲ့။ မူးချင်သပဆို ၁၉လမ်းထဲ ၀င်မူးရုံပေါ့ဗျာ။ အဲဒီအမူးတွေက သိပ်မရိုင်းကြတာတော့ တော်ပါသေးရဲ့ပဲ ပြောရမှာပဲ။အမတစ်ခုသတိပြုမိလားဗျ။ တရုတ်တန်းမှာ ကောင်မလေးတွေ သိပ်လှတာပဲနော်။ အင် သတိမထားမိဘူးဟုတ်လား။ အင်းဟုတ်မှာပေါ့လေ။ အမက မိန်းခလေးကိုး။ ဘယ်သတိထားမိပါ့မလဲ။ ဒါပေမယ့်ဗျာ သူတို့လေးတွေလှနေတာဟာ အနှစ်ဘယ်လောက်များခံမှာလဲဆိုတာ တွေးမိတိုင်း (သူတို့ဘေးက အန်တီတို့ မေမေတို့ကို မြင်ယောင်မိလို့) တစ်မျိုးကြီးဖြစ်ဖြစ်သွားတယ်။ အမစိတ်ဝင်စားမယ်ဆိုရင် စဥ့်အိုးတန်းအောက်လမ်းက ကွမ်ရင်မယ်တော်ကျောင်းမှာ စာသွားချလို့ရသေးသဗျ။ မောခဲ့ပန်းခဲ့မယ်ဆိုရင်တော့ ကယ်လီဖိုးနီးယားကို သွားပြီးအနားယူတာပေါ့လေ။ တစ်ခုပဲပြောစရာရှိတယ်။ တစ်ချက်တစ်ချက် ဟင်းချက်နေတဲ့ အနံ့ကလေးနံတာကလွဲလို့ပေါ့။ အဲဒီနားက အီးဇီးဆိုတာလေးကတော့ မဆိုးဘူးဆိုပဲ။ အဲဒါကို မျက်စေ့ရှုပ်နားရှုပ်တယ်ထင်ရင် လမ်းမတော်လမ်းက ဂျေဒိုးနတ်ကို ပြန်သွားကြတာပေါ့ဗျာ။ ရှင်းလင်းတောက်ပြောင်နေတဲ့ လမ်းမနက်နက်ကြီးမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ အရာတွေကို ထာဝရဖွက်ထားခဲ့ပေါ့။အား … အမတို့တော့ မသိဘူး။ ကျွန်တော်ကတော့ အတော်လေးပင်ပန်းနေပြီ။ ခြေထောက်အကြောလေးဘာလေးများ အညောင်းပြေ အညာပြေနှိပ်ချင်သပဆိုရင်လည်း အိုကေသေးသဗျ။ ကောင်းတာမကောင်းတာထက် အသာအယာလေးဇိမ်ကျလို့ရတယ်လေ။ မိုးချုပ်ညဥ့်နက်နက်မှာ ကမ်းနားသွားပြီးလေညှင်းလေးဘာလေးခံ။ အချိန်တန်တော့ အားလုံးအိမ်ပြန်ကြတာပေါ့လေ။မခွန်မြလှိုင်ရေ .. ကျေနပ်နိုင်ပါစေဗျာ။ကိုဖြိုး

နှုတ်ခွန်းဆက်သလွှာ


ဒီ နည်းစည်းမခြား မြန်မာ ဘလော့ဂါ များ ဘလော့ကို အစ်မခွန်မြလှိုင် ဖိတ်ကြားချက်နဲ့ ကျွန်မ ပို့စ်တွေကို တင်ခွင့်ရပါတယ်။


အခုလောလောဆယ်တော့ ကျွန်မ ကမ္ထောဒီးယားကို နောက်နှစ် ( ၂၀၀၈ မေလ ထိ) ရှိနေပါဦးမယ်။ ကျွန်မတို့ ကုမ္ပဏီက တစ်နှစ်ကို တစ်နိုင်ငံပဲ နေခိုင်းပြီး၊ တစ်နှစ်ပြည့်ရင် နောက်တစ်နိုင်ငံကို ပြောင်းရပါတယ်။ ကျွန်မက အခုမှ အလုပ်စလုပ်တဲ့အတွက် ကျွန်မကို တစ်ခြားနိုင်ငံသို့ မလွတ်သေးပါဘူး.။ နောက်နှစ် ဒီမှာဘဲ ဆက်နေရမလား၊ တစ်ခြားနိုင်ငံသို့ပြောင်းရမည်လား ကျွန်မ မသိသေးဘူး။

ကျွန်မ ဒီနိုင်ငံမှာရှိနေတဲ့ အချိန်ကာလအတွင်းမှာ ကမ္ထောဒီယားနဲ့ သက်ဆိုင်သော ခရီးသွားများ၊ နိုင်ငံအတွင်း ကျွန်မခံစားချက်များ၊ နိုင်ငံအခြေနေများ၊ နေထိုင်စဉ်အခက်အခဲများ စသဖြင့် ရေးသားသွားပါမယ်။ လိုအပ်ရင်လိုအပ်သလို ဓါတ်ပုံများပါ ဝေေ၀ဆာဆာ တင်ပြသွားပါမယ်။

ဒီပို့စ်ကိုရေးခြင်းဖြင့် ကျွန်မတို့ မြန်မာနိုင်ငံနှင့် နယ်ခြားရောက်နေသော ဘလော့ဂါမောင်နှမများ မိမိရောက်ရှိနေသော နိုင်ငံ၊ ဒေသ တို့ရဲ့ ရင်ဖွင့်သံ၊ ဗဟုသုတဖလှယ်မှု.များ၊ အသိအမြင်များ ၊ အတွေ့အကြုံများကို တစ်ပေါင်းတစ်စုထဲ ပိုမိုနွေးထွေးစွာဖြင့် နည်စည်းမခြား မြန်မာဘလော့ဂါများ ဘလော့ မှာ ရင်ခုန်သံများကို ဖလှယ်နိုင်ကြပါတယ်။

ကျွန်မကို ရေးသားခွင့်ရအောင် ဖိတ်ခေါ်သော အစ်မခွန်မြလှိုင် ကို ဒီပို့စ်လေးနဲ့ အတူကျေးဇူးတင်ပြီး အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အားလုံးပဲ မင်္ဂလာပါ ....................... >:D<