Sunday, January 27, 2008

၁-စင်္ကာပူ-ကိုလံဘို SIA လေယာဉ်ခရီးစဉ်အမှတ် SQ 466


စင်္ကာပူ မှ ကိုလံဘို ခရီးပျံသန်းမဲ့လေယာဉ်ကို Changi လေဆိပ် Terminal 2 မှာ Check in ၀င်ရမယ်။ လေယာဉ်ထွက်မှာ က 0705 hours။ မနက် ၄ နာရီခွဲတော့ မောင်ဇော်မင်းကားလေးနဲ့အကြိုရောက်လာတယ်။ဒကာဦးမောင်က ပစ္စည်းတွေ ကူသယ်ပေး၊ ဒကာဦးကြူနဲ့ ဆာရာတို့ကလည်းရန်ကုန်ကိုသွားကြမှာဆိုတော့ လေယာဉ်စီးခရီးသည်က ၃ ယောက်။ ဂျူရောင်းကနေ မိနစ် ၃၀ ကျော် ကားစီးပြီးနောက် စင်္ကာပူကျွန်းအရှေ့ဘက်ရှိ ချန်ဂီလေဆိပ်ကို ရောက်လာတယ်။ လမ်းဘေးဝဲယာမှာတော့ လမ်းမီးရောင်တွေ ဖြာနေဆဲ ပေါ့။

အကြိုရောက်နေတဲ့ Eris ကိုတွေ့ရချိန်မှာတော့ ပစ္စည်းတွေကို ချိန်တွယ်နေပါပြီ။ အပ်ပစ္စည်းက ကီလို ၂၀၊ လက်ဆွဲက ၇ ကီလို သယ်ဆောင်ခွင့်ပြုတယ် လို့ဆိုပေမဲ့ စုစုပေါင်း ၃၂ ကီလိုရှိနေတယ်။သဘောကောင်းပုံရတဲ့ ကောင်တာက တရုပ်မလေးကအားလုံးကို အပ်ပစ္စည်းလုပ်ပေးလိုက်တဲ့အတွက် ဟင်းကယ်ရီ ဆိုလို့ ပါ့စ်ပို့ နဲ့ အရေးကြီးစာရွက်စာတမ်းထည့်ထားတဲ့ လွယ်အိတ်လေးတစ်လုံးပဲ ကျန်တော့တယ်။ အင်မီဂရေးရှင်းကောင်တာမဖြတ်ခင် လိုက်ပါပို့ဆောင်သူ ဒကာ ဒကာမများကို နုတ်ဆက် ချိန်မှာတော့ အမှတ်ရစရာတွေ သတိရနေမိတယ်။

လေဆိပ်ကို ရောက်လာချိန်မှာ Dhamma Friends တွေနှင့်အတူ ပန်းစည်းလေးပေးပြီး ကြိုနေတတ်တဲ့၊ ထွက်ခွါချိန်မှာ ရှူဆေး.တစ်ရှူး စတဲ့ အသေးအဖွဲ့လေးတွေကအစ စေ့စေ့စပ်စပ်သေသေချာချာ ဂရုတစ်စိုက်စီမံပေးတတ်မြဲ အစ်မ တစ်ယောက် လိုက်ပါမပို့ဆောင်နိုင်တော့။ ကံ.စိတ်.ဥတု.အာဟာရ အကြောင်းလေးပါးပြုစီမံမှ အနိုင်နိုင်ဖြစ်ပေါ်လာကြတဲ့ ရုပ်နာမ်ဓမ္မ သင်္ခါရ သဘော တွေးတောဆင်ခြင်လျက် အင်မီဂရေးရှင်းကောင်တာကိုဖြတ်၊ လေဆိပ်အတွင်းခန်းမ ကိုလှမ်းဝင်လာခဲ့ပါတယ်။ ဟင်းကယ်ရီ မပါ လွယ်အိတ်တစ်လုံးလွယ်လျက် လေယာဉ်စီးရမဲ့ ဂိတ်နံပါတ်က E 52 ကိုရောက်လာချိန်မှာတော့ ဂိတ်ဖွင့်ခါနီးပါပြီ။ ဂိတ် အပြင်ဘက် စီတန်းထိုင်စောင့်နေတဲ့ ခရီးသည်များအကြား ရပ်တန့်နေရင်း ရန်ကုန်သွားမဲ့ ဒကာ ဦးကြူ ကို ဖုန်းဖြင့်နုတ်ဆက်ခဲ့ပါတယ်။

နောက်ဆုံးဂိတ် ကိုဖြတ်ပြီးချိန်မှာတော့ Boarding Pass ဖြတ်ပိုင်းလေးနှင့်အတူ သီရိလင်္ကာ သို့ရောက်ရင်ဖြည့်ရမဲ့ Arrival Form တစ်ခု ကိုပဲ လက်ထဲမှာထားပြီး ပါ့စ်ပို့ စတာတွေကို တော့လွယ်အိပ်ထဲမှာ သိမ်းဆည်းထားလိုက်ပါပြီ။ Boarding Bridge ကနေ လေယာဉ်ပေါ်မတက်ခင် ခန်းမထဲ မှာ ခေတ္တစောင့်ဆိုင်းနေစဉ်အတွင်း Arrival Form ကိုဖြည့်ပါတယ်။ အဲဒီခန်းမ ထဲမှာ ခရီးသည်တိုင်း ဖရီးသုံးနိုင်တဲ့ အင်တာနက် မှာ အချိန်လု မေးချက် နေသူများတွေ့ရသလို ကိုယ်ပိုင်လက်တွန့်ကွန်ပြူတာနဲ့ အင်တာနက်သုံးနေတဲ့ခရီးသည်များကိုလည်းတွေ့ရပါတယ်။

လေယာဉ်စီးခရီးသည်များကို လေယာဉ်ပေါ်တက်ရောက်နေရာယူရန် စပီကာမှ ဖိတ်ခေါ်သံ မကြာမှီကြားရပါတော့တယ်။ ဘိဇနက် ခရီးသည် ကိုပထမ ဖိတ်ခေါ်ပြီးနောက်..ကလေးနဲ့သက်ကြီးရွယ်အို များ.နောက် ဂိုးလ်မင်ဘာ ခရီးသည်များ ဖိတ်ခေါ်ပြီးနောက် လေယာဉ်အမြီးပိုင်းက ခရီးသည်များကိုလေယာဉ်ထိုင်ခုံ နံပတ် စဉ် ဖြင့်ပိုင်းပြီး အသုတ်လိုက် (ထိုင်ခုံနံပါတ်စဉ် ၅၄ မှ ၄၅ အတွင်း စသည်) လေယာဉ်ပေါ်တက်ရောက်နေရာယူရန်ဖိတ်ခေါ်ပါတယ်။ 35 I ထိုင်ခုံလက်မှတ်ရထားတဲ့ အတွက် နောက်ဆုံးအသုတ်အဖြစ် Boarding Bridge ကိုဖြတ်ပြီးလေယာဉ်ပေါ်ကို တက်ခဲ့ပါတယ်။



လေယာဉ်ပြူတင်းနေရာ မှာ ထိုင်ခုံနေရာ ရတယ်။လေယာဉ်ရဲ့ညာဘက် သုံးခုံတန်း။ အစွန်ဆုံးပြူတင်းဘက်နေရာ။ အလယ်မှာတော့ ခရီးသည်မပါ။အပြင်ဘက်မှာတော့ နေထွက်အလင်းရောင်နဲ့မြင်ကွင်းက မပီတပီ။ လွမ်းမောစရာ။ Bording Bridge မှာရပ်နားထားတဲ့ SIA ပိုင် လေယာဉ်ကြီးတစ်စင်းကို အမှတ်တရအဖြစ် smart phone လေးနဲ့ မှတ်တမ်းတင်ထားလိုက်ပါတယ်။ သတ်မှတ်ထားတဲ့အချိန်အတိအကျအတိုင်း မသွေမတိမ်း ဆောင်ရွက်လေ့ရှိတဲ့ နိုင်ငံတကာလေကြောင်းလိုင်းတစ်ခုဖြစ်သည်နှင့်အညီ ဒေသစံတော်ချိန် မနက် ၇ နာရီ ၅ မိနစ်မှာတော့ လေယာဉ်စက်သံနှင့်အတူစင်္ကာပူ-ကိုလံဘို ခရီးစဉ်ပျံသန်းရန်အတွက် ပြေးလမ်းဆီသို့ လေယာဉ် ဘီးလှိမ့်စတင် ထွက်ခွါခဲ့ပါတော့တယ်။




Thursday, January 24, 2008

ပီနန် ခရီးစဉ် (၄)


ပီနန် မြန်မာ ဘုန်းတော်ကြီးကျောင်း ရဲ့ အပြင်ဖက်မှာ မြင်ကွင်း


ပီနန် မြို့ မှာ နောက်ဆုံးရက်ဖြစ်တဲ့ ၃၀ ရက် ဒီဇင်ဘာ မှာ တော့ ထုံးစံ အတိုင်း မနက်စာ စားပြီး ကမ်းခြေမှာ လမ်းဆင်းလျှောက်ပြီ အမေ ကျေနပ်အောင် ဓာတ်ပုံလေး နည်းနည်း ပါးပါး ဆင်းရိုက် ပါတယ်၊ ကမ်းခြေမှတော့ အဖြူကောင် တွေလို့ ကိုယ်တို့ ခေါ်တဲ့ စလုံး အခေါ်ကတော့ အာမော် တွေပဲ အများအားဖြင့် တွေ့ရတယ်၊ သူတို့လဲ ဒီဇင်ဘာ အားလပ်ရက် အပန်းဖြေ လာကြ တာထင်တယ်၊ ကိုယ်တို့ ပြန်တဲ့ နေ့ကလဲ အာမော်တွေ တသုတ်ကြီး ထပ်ရောက် လာတာ တွေ့သေးတယ်၊ ဓာတ်ပုံလေး ဘာလေး ရိုက်ပြီးတာနဲ့ ကိုယ်တို့လဲ မနေ့က ဘတ်စ်ကား စီးတာ အလေ့အကျင့်လေးကလဲ ရသွားတော့ ဘတ်စ်ကားပဲ ပြန်စီးဖို့ ဆုံးဖြတ်လိုက် ကြတယ်၊ မနေ့က စီးခဲ့တဲ့ နံပါတ်ကို စောင့် စီးရင် မနေ့က သွားခဲ့တဲ့ မြန်မာဆိုင် တွေ ရှိတဲ့ မြို့ထဲ ကKomtor Shopping ကိုပဲ ပြန်ရောက်မှာ ဆိုတော့ မှားစရာ မရှိဘူးလေ၊

ဒါနဲ့ ဟိုတယ်နားက ဘတ်စ်ကား ဂိတ်မှာ စောင့်နေတုံး ၁၅ မိနစ် လောက်ပဲ ကြာတယ်၊ မနေ့က စီးခဲ့ တဲ့ ကားနံပါတ်ပဲ ပြန်လာတာ တွေ့ တာနဲ့ ကိုယ်တို့လဲ ၀မ်းသာ အားရ တက်စီးပြီးတာနဲ့ ကိုယ့် အဖေက လမ်းညွှန် မြေပုံကြီး ကြည့်ပြီး ဒီကားက တတိယ ကမ္ဘာစစ်တုံးက နံမည်ကြီး ခဲ့တဲ့ ပီနန် Fort Canting ခံတပ် ကို ရောက်တယ် ဆိုတာ တွေ့လို့ ကားသမားကို မေးပြီး ရောက်တယ် ဆိုတော့ ကိုယ်တို့လဲ မြို့ထဲမှာ မဆင်းပဲ အဲဒီ ခံတပ်ရှိတယ် ဆိုတဲ့ ဂိတ်ဆုံးထိ လိုက်သွား လိုက်တယ်၊ အဲဒီကားက Jetty လို့ ခေါ်တဲ့ မလေးရှား ဘက်ကို ကူးတဲ့ ကူးတို့ ဆိပ်ကမ်းပါ၊ Butterworth လို့ ခေါ်တဲ့ ပီနန်ရဲ့ တဖက်ကမ်းကို ကူးလို့ ရတဲ့ Ferry Terminal ရှိတဲ့ နေရာပါ၊ မြန်မာပြည်မှာ ဆိုရင်တော့ မော်လမြိုင်နဲ့ မုတ္တမ လိုမျိုးပေါ့၊ ရထား နဲ့ သွားရင် မုတ္တမ အထိပဲ ရောက်ပြီး မော်လမြိုင်ကို သင်္ဘောနဲ့ ကူးရသလိုပဲ၊ ပီနန်ကို ရထားနဲ့ သွားရင် Butterworth ကို အရင်ရောက်ပြီး ပီနန်ကို သင်္ဘောနဲ့ ကူးရတာပါ၊

ဘတ်စ်ကား ဂိတ်ဆုံးမှာ ဆင်းပြီးတော့ ကိုယ်တို့ မိသားစုလဲ မြေပုံကိုင်ပြီး တွေ့ သမျှလူတွေ ဟိုမေး ဒီမေးနဲ့ တော်တော်လေး လျှောက်ပြီးတာနဲ့ ခံတပ်ရဲ့ နောက်ကျောတွေ့ ရော အဲဒီ ခံတပ်နားမှာ ဗြိတိသျှတွေရဲ့ လက်ရာ အတိုင်း နာရီစင် ကြီးကိုလဲ အခန့်သားတွေ့ရပါတယ်၊ ဓာတ်ပုံရိုက် ၀ါဿနာပါတဲ့ သားအမိ နှစ်ယောက်လဲ ဓာတ်ပုံ တွေ ရိုက်နေတုံး အဖေက နင်တို့ နောက်က လိုက်ခဲ့ ငါ ၀င်ပေါက်ကို သွားရှာအုံးမယ် ဆိုတာကို သေသေ ချာချာ မကြားပဲ ပြန်လာခေါ်မယ် ထင်လို့ အဲဒီနားမှာ ခဲတပ်ရဲ့ ဂိတ်ဖြစ်တဲ့ မန္တလေး ကျူံးလိုမျိုး အုတ်တံတိုင်းနဲ့ အမှတ်တရ ဆိုပြီး သားအမိ နှစ်ယောက် စိတ်ကြိုက် ဓာတ်ပုံရိုက်နေတုံး အဖေက ကိုယ်တို့ သားအမိ ပေါ်မလာ ပေါ်မလာနဲ့ ပြန်လှည့် လာကြည့်တော့ သားအမိ နှစ်ယောက် မော်ဒယ်ဂဲလ် အရှုံးပေး ရလောက်အောင် ဓာတ်ပုံ ရိုက်နေတာ တွေ့တာနဲ့ ကိုယ့် အဖေ ဦးဒေါသ ကုမ္မာရလဲ ဒေါသအိုး ပေါက်ကွဲပြီး ကင်မရာကို သိမ်းဖို့ ပြင်ပါတယ်၊ ကိုယ်ကလဲ အသိမ်း မခံတော့ ကိုယ်တို့ကို ပွစိ ပွစိနဲ့ ဆူပါလေရော ဒါနဲ့ ကိုယ်လဲ သူ့နော က်ကို ကုပ်ကုပ်နဲ့ လိုက်ခဲ့တာ ခံတပ်ရဲ့ မျက်နှာစာကို ရောက်တော့မှ အလွန်လှတဲ့ ကမ်းခြေဖက် မျက်နှာပြုထားတဲ့ ခံတပ်ရဲ့ ရှုခင်း အလှကို တွေ့ တော့မှ အဖေ့နောက် မလိုက်ပဲ မဟုတ်က ဟုတ်က မလှမပ နေရာ မှာ ဓာတ်ပုံ ရိုက်နေမိတာ နောင်တရမိတယ်၊ ဒါနဲ့ပဲ အဖေ့ရှေ့မှာ ကြောက်ကြောက်နဲ့ ဓာတ်ပုံတောင် ထုတ် မရိုက်ရဲ တော့ဘူး၊ ဒါကြောင့် အရမ်းလှတဲ့ ခံတပ် ရှုခင်းကို ဓာတ်ပုံ ရိုက်ပြချင် ပေမယ့်လဲ အဖေရဲ့ ဒေါသကို ကြောက်တာကြောင့် သယ်ရင်းတို့ကို မပြနိုင်တော့တာ ခွင့်လွတ်ပါနော်၊ ကိုယ့်အပြစ်နဲ့ ကိုယ်သာ ရှိပါစေတော့ ၊ ဟင့် ဟင့်။

ခံတပ်ကနေ တဆင့် မြို့ထဲ ကို ပြန်လာ shopping နဲနဲပတ်၊ နေ့လည်စား ၊ ပြီးတာနဲ့ မနေ့က သွားခဲ့တဲ့ အမေ့အိမ် မြန်မာဆိုင်ကို လိုက်ရှာတာ နောက်ထပ် မြန်မာဆိုင်တွေ တော်တော် များများကို ထပ်တွေ့ရသေးတယ်၊ မြန်မာ စားသောက်ဆိုင်ကြီးပဲ စုစုပေါင်း ၁၀ ဆိုင်လောက် ရှိတယ်တဲ့၊ ကိုယ်တို့လဲ အမေ့အိမ်ဆိုင်မှာ လက်ဖက်ရည်နဲ့ မုန့်ဟင်းခါး ထပ်စားပြီး သူတို့ ညွှန်တဲ့ အတိုင်း မြန်မာ ဘုန်းကြီးကျောင်းကို ဘတ်စ် ကားနဲ့ ချီတက် လာပြန်တယ်၊ ညနေ ၄ နာရီလောက်မှာ ဘုန်းကြီးကျောင်းကို ရောက်ပြီး အဲဒီက ဘုန်းဘုန်းက မနေ့က ပြောတဲ့ အတိုင်း ပီနန် ဆရာတော် ဘုရားကြီးနဲ့ တွေ့ဖို့ စီစဉ် ပေးတာနဲ့ ပီနန် ဆရာတော် ဘုရားကြီးကို ၀င်ရောက် ဖူးတွေ့ ခွင့် ရခဲ့ပါတယ်၊ ပီနန် ခရီးစဉ်မှာ ဆရာတော်ကို တိုက်တိုက် ဆိုင်ဆိုင် ဖူး တွေ့ ခွင့် ရတာ အမြတ်ဆုံးနဲ့ ၀မ်း အသာဆုံး ပါပဲ၊၊ ကိုယ်တို့ နိုင်ငံမှာ ခေါင်းဆောင်ကောင်း မရှိပဲ ၀ါးအစည်း ပြေ သလို ဖြစ်နေတာရော၊ သာဿနာ ကွယ်ပျောက်လု မတတ် ဖြစ်နေတဲ့ ကိုယ်တို့ နိုင်ငံရဲ့ အဖြစ်ဆိုးနဲ့ ရဟန်း သံဃာတော်တွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက်၊ ပြည်ပမှ ရဟန်း သံဃာတော်တွေနဲ့ အများပြည်သူတွေ တောင်းပန် လျှောက်ထား မှုတွေကြောင့် သက်တော် ၈၀ ကျော်နေတာတောင် တိုင်းပြည်ရဲ့ လိုအပ်ချက် ကြောင့် နိုင်ငံတိုင်းမှာ သဿနာ့ ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကို ဦးစီး ပြီး အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါတယ်၊ အခုဆို နိုင်ငံ အတော် များများမှာလဲ အဖွဲ့ခွဲတွေ အသီးသီး ဖွဲ့စည်းပြီး သလောက်ရှိပါပြီ၊


ဆရာတော်ကြီး ဟောကြားသလို့ ဘုန်းကြီးတွေလဲ ဘုန်းကြီး အလုပ် လုပ်နေပြီ၊ လူတွေလဲ လူ့တာဝန် ကို ကျေပွန်စွာနဲ့ ညီညီ ညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး လုပ်ကြပါ၊ အဓိက နံပါတ် တစ်က ဘာလဲ၊ နံပါတ်တစ်ကို အရင် လုပ်ပါ၊ မြန်မာလူမျိုးတွေ များသောအားဖြင့် မအောင်မြင်တာ ၁ မပြီးသေးဘူး ၂ တွေ သုံးတွေကို ကျော် လုပ်နေလို့တဲ့၊ နံပါတ် ၁ ကိုယ် အောင် မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြပါတဲ့၊ ဒီလောက် ကိုယ့် အသက် အရွယ်ကို မငဲ့ကွက်ပဲ၊ တိုင်းပြည့်ရဲ့ လိုအပ်ချက် အရ ဦးစီး ဦး ဆောင် လုပ်နေတဲ့ ဆရာတော်ကို လေးစားဖို့ မပြောနဲ့ ငရဲမကြောက် ဘာမကြောက် စော်ကား မော်ကား ပြောတဲ့ သူတွေကလဲ ရှိပါသေးတယ်၊ ဘုန်းကြီးက ဘုန်းကြီး အလုပ် မလုပ်ဘူး၊ နိုင်ငံရေးကို ၀င်ပါတယ်တဲ့၊ အဲလိုသာ ပြောကြေးဆို ဟိုး လွန်ခဲ့တဲ့ ဗြိတိလျှ ကိုလိုနီခေတ် သူ့ကျွန် လက်အောက်မှာ ကတည်းက ဆရာတော် အရှင် ဦးဥတ္တမ ၊ ဦးဝိစာရ တို့လို နိုင်ငံကျော် ဆရာတော် ဘုရားတွေသာ နိုင်ငံရေး မလုပ်ပဲ လွတ်လပ်ရေးရဖို့ တဖက်တလမ်းက မပါဝင်ပဲ၊ ၊ ဒကာကြီး ဒကာမကြီးတို့ သူ့ကျွန့် လက်အောက် ကျရောက်တာ နင်တို့ ထိုက်နဲ့ နင်တို့ ကံပဲ တရားနဲ့ သာ ဖြေပါ လို့ ဆိုပြီး ရွှေပြည်အေး တရားပဲ ဟောနေခဲ့ လို့ ရှိရင် ၊ သူတို့ အခု လိုတောင် စည်းစိမ်ချမ်းသာတွေကို စံစား ခံစားပြီးတော့ တောင် နေနိုင်မှာ မဟုတ်ပါဘူး၊ ဒါဆိုရင် ကိုယ်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာလည်း အခုလို မဟုတ်ပဲ တမျိုး တဖုံတော့ ပြောင်း လိမ့်မယ် ထင်တယ်၊


ပီနန်ကျောင်းရှေ့မှ ခြင်္သေကြီး ၊ စင်္ကာပူက တိုးပါးရိုးဘုန်းကြီးကျောင်းက ခြင်္သေကြီးနဲ့ ညီအကို ထင်တယ်




ပီနန်ကျွန်းက ဘယ်မှာလဲ ရှာကြည့် ကြပါအုံး


ကိုယ်လဲ ရေးရင်းရေးရင်းနဲ့ ပီနန် ခရီးစဉ်ကနေ ဘယ်တွေ ရောက် ကုန်ပြီလဲ သိဘူးနော်၊ ဆောတီး ကိုယ် မသိဘူး၊ သူဘာသာသူ အလိုလို ဖြစ်သွားတာ၊ ကိုယ် မပါဘူး၊ ကိုယ် ကြောက်တယ်၊ အဲဒီလိုနဲ့ ဆရာတော်ကြီးကို ဖူးမြော်ပြီးတော့ ကိုယ်တို့ မိသားစုလဲ ဟိုတယ်ကို ပြန်ခဲ့ ကြပြီး နောက်နေ့ မနက်စောစောမှာ စင်္ကာပူ နိုင်ငံသို ပြန်လည် ထွက်ခွာလာ ပါတော့တယ်၊ ရေးစရာတွေ ရှိသေးပေမယ့် ကြောက်လို့ တိုက်သုတ် ရိုက်ပြီး အကျဉ်းချုံး၍ ကိုယ့်ရဲ့ ပီနန် ခရီးစဉ်ကို အောင်မြင်စွာ နိဂုံး ချုပ်လိုက် ပါတယ်၊

အပိုင်း(၄) ထိ မငြီးမငြူ အားပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြား လိုက်ပါတယ် ရှင့် ၊ အားလုံး အဆင်ပြေကြ ပါစေ။

ပီနန် ခရီးစဉ် (၃)

အားပေးကြတဲ့ သူတွေ ရှိလို့ အားတက်စွာနဲ့ အပိုင်း (၃) ကို ဆက်လိုက် ပါတယ်၊ ကိုယ် တို့ မိသားစု Penang Hill က တောင် ခြေ နားက food court မှာမနက်စာနဲ့ ညနေစာကို ပေါင်းစားပြီး၊ မြန်မာဘုန်းကြီး ကျောင်းကို ပြန် သွားဖို့ အဲဒီ ဆိုင်က မြန်မာ ကောင်လေးကို စီးရမယ့် ဘတ်စ်ကား နံပါတ်နဲ့ ဆင်းရမယ့် နေရာ ကို မေးပြီး၊ ဘတ်စ်ကား စမ်းစီးကြဖို့ ဘတ်စ်ကား ဂိတ်ကို ချီတတ် လာပါတယ်၊ ဘတ်စ်ကား မှတ်တိုင်မှာ တော့ ကိုယ်တို့ အရင်ရောက်ပြီး နောက် ကားစီးမယ့်ူသူတွေ တဖွဲဖွဲ မှတ်တိုင်ကို ရောက်လာကြလို့ အားတက်စွာ စောင့်ဆိုင်းနေတာ ၁၀ မိနစ်လဲ မလာ၊ ၁၅ မိနစ် ကြာလဲ မလာ၊ နာရီဝက်ထိလဲ မလာတော့ မနက်က လိုက်ပို့တဲ့ Taxi driver ပြောတာ အမှန်ပဲ ဆိုတာ လက်ခံလိုက်ရတယ်၊ ဒါနဲ့ သည်းခံတဲ့ အတိုင်းအတာ အားနည်းလာနဲ့ တွေ့တဲ့ Taxi ကို ဖမ်းတားပြီး မြို့ထဲ ဖြစ်တဲ့ Komtar လို့ ခေါ်တဲ့ အထပ် ၆၀ ကျော် ရှိတဲ့ komtor shopping centre ကို ပဲ သွားလိုက်တာ 15 RM ပဲ ကျပါတယ်၊


အဲဒီမှာ ဈေးလေး ဘာလေး နဲနဲ ၀ယ်ဖို့ လျှောက်ကြည့် နေတုံး ၊ shopping centre အထပ်တိုင်းမှာ ဟို တစ်စု ဒီတစ်စုနဲ့ မြန်မာအဖွဲ့ တွေကို တွေ့တွေ့ မိနေတယ်၊ စနေနေ့လဲ ဖြစ်တာနဲ့ တူပါတယ်၊ တော်တော် များများ အဲဒီကို လာကြတယ်၊ အဲလို ဟို လျှောက် ဒီလျှောက် လျှောက် ကြည့် နေတုံး မမျှော်လင့်ပဲ မြန်မာ လက်ရေးနဲ့ ရေးထားတဲ မြန်မာ ဘီယာ ရမည်၊ ၃ လုံးနှင့် အထက် ၀ယ်ယူသူကို လက်ဖက်သုတ် တစ်ပွဲ အလကားပေးမည် ဆိုတဲ့ ဆိုင်း ဘုတ်ကို တွေ့ ပြီး အဲဒီက ၀န်ထမ်း မိန်းကလေး ကို မေးကြည့်တော့ ဒါမြန်မာ ဆိုင်လား ဆိုတော့ သူက ဟုတ်တယ်တဲ့၊ ဒါပေမယ့် သူ့ကြည့်ရတာ မြန်မာ လို ရေရေလည်လည် ပြောတတ်ပုံ မရဘူး၊ တိုင်းရင်းသား တစ် မျိုး မျိုး ဖြစ်ဖို့ တော့များတယ်၊


အဲဒါနဲ့ ကိုယ်တို့လဲ မြန်မာဆိုင်တွေ ရှိသေးလားမေးတော့ ရှိတယ် ဟိုဘက် နားမှာတဲ့ သူ လမ်းညွှန်ပြတာနဲ့ အမေ့အိမ် ဆိုတဲ့ မြန်မာ ထွက်ကုန် ပစ္စည်း အမျိုးမျိုးတင်ရာင်းတဲ့ ဆိုင်ကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်သွားတယ်၊ အဲဒီက ဆိုင်ရှင် တွေကလဲ သဘောကောင်းကြတယ်၊ ပျူပျူ ငှာငှာနဲ့ ကြို ကြတယ်၊ peninsula က မြန်မာဆိုင်တွေနဲ့ များ ကွာပ၊ ကိုယ့် အဖေကလဲ ကိုယ့်ဘာသာ ကိုယ် မိတ်ဆက်ပြီ။ ကိုယ် သိချင်တာလေးတွေ စပ်စု ရတာပေါ့။ သူတို့ က သေသေချာ ချာ ဖြေတဲ့ အပြင် ဟိုဘက်မှာ စားသောက် ဆိုင်ပါ ဖွင့်ထား သေးတယ် ဆိုလို့ ကိုယ်တို့လဲ အားပေးတဲ့ အနေနဲ့ လက်ဖက်ရည် မှာသောက်ပြီး ကိုယ် သိချင်တာလေးကို စပ်စု ရတာပေါ့၊ မြန်မာ ဘုန်းကြီးကျောင်းကို သွားဖို့ မေးတော့ အခုတော့ ၆ နာရီကျော် နေလို့ သွားဖို့ မကောင်းတော့တဲ့ အကြောင်း မနက်ဖြန်မှပဲ သွားဖို့၊ သူတို့ ဆိုင်ကို လဲ မနက်ဖြန် ထပ်လာခဲ့ဖို့၊ မနက်ဖြန်ဆို တနင်္ဂနွေ ဖြစ်လို့ လူတွေ လဲ ပိုစည်မယ် ဆိုတဲ့ အကြောင်း၊ အဲဒီဆိုင်က အန်တီ၀၀ကြီင်္းက သဘော ကောင်းစွာနဲ့ ပြောပါတယ်၊ ကိုယ်တို့လဲ လက်ဖက်ရည် သောက်ရင်း မြန်မာပြည် အကြောင်းလေး အတင်းလေး ဘာလေး တုတ်ပြီး၊ ပီနန်အကြောင်း သိကောင်းစရာလေး တွေ နဲ့ ထွေရာလေးပါ ပြောဆို ကြပါတယ်၊

ဒါနဲ့ ကိုယ်တို့လဲ မိုးလဲ ချုပ်ပြီမို့လို့ တည်းတဲ့ ဟိုတယ် ကိုပဲ ပြန်ဖို့ ဆုံးဖြတ်ပြီး သူတို့ကို ပြန်ဖို့ ဘတ်စ်ကား လမ်းကြောင်း မေးပြီး ပြန်လာခဲ့ ကြတယ်၊ အဲဒီမှာ ကိုယ်တို့ က အကြား မှားပြီး ကိုယ် တို့ သွားမယ့် လမ်းကြောင်းရဲ့ ဆန့်ကျင်ဘက် ကို သွားတဲ့ မှတ်တိုင်မှာ စောင့် နေတုံး၊ အနောက်မှာ ကောင်လေး တစ်ယောက်က လာပြီ အဲဒီကားက အမတို့ သွားမယ့် နေရာကို မရောက်ဖူး၊ အမတို့ စီးချင်တဲ့ ကားက ဟိုဘက်မှာ ကျွန်တော်လဲ အဲဒီဘက်ကို သွားမှာ ကျွန်တော်နဲ့ လိုက်ခဲ့ ဆိုတာနဲ့ ကိုယ်တို့လဲ ကျေးဇူးတင်စွာနဲ့ သူ့နောက်လိုက်ခဲ့ ကြတယ်၊ ဘတ်စ်ကား မှတ်တိုင်ကို သွားနေတုံး အဖေကတော့ စာရေးဆရာ ဆိုတဲ့အတိုင်း သူ့ကုန်ကြမ်း ရဖို့ အတွက် ကောင်လေးကို အင်တာဗျူးရင်း သူ့နောက်လဲ လိုက်ရင်းပေါ့၊ ကောင်းလေးက ပြောတယ် ဦးလေးတို့ လက်ဖက်ရည်ဆိုင် မှာ ကတည်းက ပြောတာ ကြားနေတယ်၊ ဦးလေးတို့ လမ်းမှားသွားလို့ ကျွန်တော်က လိုက်ခေါ်တာတဲ၊့ ကြည့် ဘယ်လောက်များ ကူညီရိုင်းပင်း တတ် သလဲဆိုတာ၊ အဲဒါ မှ ကိုယ့်တို့ ရဲ့ မြန်မာပြည်သားကွ၊ အဲလိုနဲ့ ကားဂိတ်ကို ရောက် လာပြီး သူက ကားတွေကို လိုက်မေးပြီး သူ ကိုယ်တိုင် ဘတ်စ်ကား ဒရိုင်ဘာကို သူတို့ကို ဟိုတယ်ရှေ့ရောက် ရင် ချပေးပါလို့ သူတို့ (Malay language) ဘာသာ စကားနဲ့ ပါ ပြောပေးပြီး ပိုက်ဆံပါ ထုတ်ပေးနေလို့ ကမန်းကတန်း အတင်းတားပြီး ကိုယ့် ပိုက်ဆံကိုယ် ထုတ်ပေး လိုက်ရတယ်။ ကောင်လေးက အလွန်ဆုံး ရှိလှ ၁၈ နှစ် ၁၉ နှစ်လောက်ပဲ ရှိသေးတယ် ၊ ကိုယ် တူဝမ်းကွဲလေး အရွယ်ပေါ့ ၊ ကျောင်းနေသင့် တဲ့ အရွယ်မှာ သူများတိုင်းပြည် မှာ ချို့ ချို့ ငဲ့ငဲ့နဲ့ အလုပ်လာလုပ် နေရတယ်၊ သူတို့ တစ်ယောက်ချင်း တွေ အကြောင်းကို နောက်မှ ပို့စ် တစ်ခုအနေနဲ့ အဖေ့သမီး ပီသစွာ ရေးပါအုံးမယ်၊

ကားပေါ်ရောက်မှ ကိုယ်တို့လဲ ဟင်းချနိုင်ပြီး ကားပေါ်မှာ အေးအေး ဆေးဆေး လိုက်ပါ သွားတော့တယ်၊ သူ့ကိုလဲ ကျေးဇူး အထပ် ထပ် တင်ရင်းပေါ့၊ ပီနန်က ဘတ်စ်ကား တွေက နှစ်မျိုးရှိတယ်။ ဘတ်စ်ကား အသစ်နဲ့ အဟောင်း ဆိုပြီးတော့ ဘတ်စ်ကား အဟောင်းက တော်တော် ကို ဟောင်းနေပြီး နံပါတ် ၁၁ ဆိုရင်၊ ဘတ်စ်ကား အသစ်က နံပါတ် ၁၀၁ သွားတဲ့ လမ်းကြောင်း ကတော့ အတူတူပဲ၊ ဘတ်စ်ကား အသစ်က တော့ တော်တော် ကောင်းတယ် သူတို့လဲ ကားစပယ်ရာ(ယာဉ်နောက်လိုက်) မရှိဘူး၊ ကားဒရိုင်ဘာ ကိုပဲ သွားမယ့် မှတ်တိုင်ပြော၊ ကျသင့်ငွေကို ပိုက်ဆံဗုံး ထဲထည့် ကားဒရိုင်ဘာ ကပဲ လက်မှတ် ပေးတယ်၊ ကားခကို အကြွေ ဆောင် ထားမှ ရတယ် သူတို့က ပြန်မအမ်းဘူး၊ ပိုက်ဆကိုံ ပုံးထဲ ထည့်ရတာ ဆိုတော့ အ၀င်ပဲ ရှိတယ် အထွက် မရှိဘူးပေါ့ ။ အတန်ကြီး ပေးလို့ကတော့ ပြန်မအမ်းဘူးပဲ၊ ကားခက ဟိုတယ် အထိ တစ်ယောက် ၁.၅၀ ရင်းဂစ် ကျတယ်၊ သုံးယောက် ဆိုတော့ လေးကျပ်ခွဲပေါ့၊ အဲဒီ စနစ်က သိပ်မကောင်းဘူး၊ ဒရိုင်ဘာ က လက်မှတ် ဖြတ်ပေးရ၊ ဆင်းမဲ့ မှတ်တိုင် ပြောရ၊ ဆိုတော့ အလုပ်တော့ ရှုပ်တယ်။ မှတ်တိုင်မှာ အတက် အဆင်း ကြာတာပေါ့၊

ကိုယ်တို့လဲ တထိပ်ထိပ်နဲ့ လမ်းဘေး ၀ဲယာကို ကြည့် ပြီး လိုက်လာတာ မိနစ် လေးဆယ်လောက် အကြာမှာ ကိုယ်တို တည်းတဲ့ ဟိုတယ်ကို ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်လာ တော့ တာပါပဲ ၊ မောင်းမင်းကြီးသားလေးရဲ့ ကျေးဇူးပေါ့၊ ကိုယ်တို့လဲ ဟိုတယ်ရောက်မှ ရေချိုး ပြီး နားရတော့တယ်၊ ဟိုတယ် ရောက်တော့ ည၈ နာရီကျော်လောက် ရှိနေပြီ၊ အဲဒီမှာ အမေက complain လုပ်တယ် ကမ်းခြေဘေး ဟိုတယ်မှာ နေပြီး ကမ်းခြေလဲ မဆင်းရဘူး။ မနက်ဖြန် မြို့ထဲ မထွက်ခင် ကမ်းခြေဆင်းပြီး ဓာတ်ပုံ ရိုက်ပြီးမှ မြို့ ထဲ ထွက်မယ် ဆိုပြီး ရာဇသံ ပေးတာနဲ့ ကိုယ်တို့လဲ မနက်စောစော ထဖို့ စောစော အိပ်ရာ ၀င်လို့ ရတယ်၊

အပိုင်း(၃) လဲ နည်းနည်း ရှည် သွားလို့ အပိုင်း (၄)ကို ဆက်ပါအုံးမယ်၊ အပိုင်း(၄) မှာ ကမ်းခြေမှာ ဓာတ်ပုံရိုက်တာနဲ့ မြန်မာ ဘုန်ကြီးကျောင်း ကို တကျော့ပြန်နဲ့ ပီနန်က မြန်မာဆိုင်တွေ လေ့လားရေး စသဖြင့် ဝေေ၀ဆာဆာ တင် ဆက် သွားမှာပါ၊ စောင့်မျှော် အားပေး ကြပါလို့၊

ဆက်ရန်

ပီနန် ခရီးစဉ် (၂)

မနက် ၇ နာရီမှာ အိပ်ရာထ ရေမိုး ချိုး ပြီး ဟိုတယ်မှာပဲ မနက်စာ စား၊ မနက်စာက Local food အပါအ၀င် Buffet ကြိုက်တာ စားပေါ့၊ စားတာတွေ ကြွားရမယ် ဆိုရင်တော့ အုန်းထမင်း နဲ့ ကြက်သား (Nasi lamak), ညှပ်ခေါက်ဆွဲကျော် (Fried Kway teo)၊ ခေါက်ဆွဲကျော် (Mee Goreng), Sausage, Ham, Porridge, Mee soto, European style ပါမုန့် ၊ Fruits, Juice and Coffee စသဖြင့် အများကြီး ပါပဲ ဓာတ်ပုံ နဲ့ တကွ မပြနိုင်တာ ခွင့်လွတ်ပါနော်၊ စားနေတော့ ဓာတ်ပုံ ရိုက်ခဲ့ဖို မေ့သွားလို့၊ အစားအသောက်ကို ဓာတ်ပုံနဲ့ မနှိပ်စက်ချင်လို့ လဲ ပါတာပေါ့၊ ဒါကတော့ အိပ်ခန်းကနေ ကမ်းခြေကို လှမ်းရိုက် ထားတာပါ၊






9:30 နာရီလောက်မှာ ဟိုတယ်က စီစဉ်ပေးတဲ့ တနာရီကို RM 25 ပေးရတဲ့ black taxi နဲ့ မြို့ထဲကို လျှောက်ကြည့်ဖို့ ထွက်လာ ပါတယ်၊ ပထမဆုံးအနေနဲ့ ရွှေသာလျောင်း ဘုရားဖြစ်တဲ့ (Wat Chaiya Mangalaram Buddhist Temple) သူတို့က Sleeping Budda လို့လဲ ခေါ်ကြတယ်၊ အဲဒါက နံမည်ကြီး ပီနန် မြန်မာ ဘုန်းကြီးကျောင်းနဲ့ မနက်ခြင်းဆိုင်မှာပဲ ရှိတာပါ၊ ကိုယ်တို့ မိသားစု ပီနန်သွားချင်တဲ့ အဓိက အကြောင်း ဖြစ်တဲ့ ပီနန်က မြန်မာ ဘုန်းကြီးကျောင်းကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက် သွားပါတယ်၊ ကိုယ်တို့လဲ ၀မ်းသာ အားရနဲ့ ဘုန်းဘုန်းကို ဦးချ အလှူငွေတွေ လှူပြီး တဲ့ သကာလမှာ ဘုန်းဘုန်းက ဒကာကြီးတို့ ပီနန် ဆရာတော်ဘုရားကြီးကို ၀င်ဖူးအုံးမလားလို့ အချိန်ရလား ဆိုတော့ ကိုယ်တို့က ဖူးချင်ပါတယ်၊ ဒါပေမယ့် ကားက အချိန်နဲ့ ငှားလာတာ ဆိုတော့ ညနေဖြစ်ဖြစ် နောက်နေ့မှပဲ ဖြစ်ဖြစ် ပြန်လာဖို့ မိန့်တာနဲ့ ကိုယ်တို့လဲ တခြား နေရာတွေကို ဆက်လက် ထွက်ခွာ လာပါတယ်၊


ရွှေသာလျောင်း ဘုရားပါ


ဘုန်းကြီးကျောင်းကနေ ထွက်လာပြီးတော့ နာမည်ကြီး ပီနန် ဒူးရင်းသီးနဲ့ ကားသမားက မိတ်ဆက်ပေးပါတယ်၊ ဒူးရင်းသီး စားပြီး ကွမ်ရင် မယ်တော်ကျောင်း ကို ပို့ပေးပါတယ်၊ ပြီးတော့ နာမည်ကြီး ပီနန် တရုတ် သူဌေး ဖြစ်တဲ့ Khoo Kongsi မိသားစု ပိုင်တဲ့ အိမ်ဝိုင်းကြီးကို ပြတိုက်အနေနဲ့ ထားတာတာပါ၊ ၀င်ကြေး ၅ ရင်းဂစ် ပေးရပါတယ်။ သူဌေးတော့ သူဌေးပဲ ဘာသဌေးလဲ တော့ သိဘူး၊ ကျားပန်းပရုပ်ဆီ သဌေးလိုမျိုး သဌေး ထင်ပါတယ်၊ အဲဒီနား တ၀ိုက်က အိမ်တွေက သူတို့ မိသားစု ပိုင်တာတွေ ကြီးပဲတဲ့ တော်တော်တော့ ချမ်းသာမှာ၊

နောက်ပြီးတော့ local product တွေ ရောင်းတဲ့ ပီနန် ထွက်ကုန် မုန့်ပဲ သရေစာတွေ ရောင်းတဲ့ ပင်ရင်းဆိုင်ကို လိုက်ပို့ပါတယ်၊ အဲဒီမှာကတော့ Butku tay လို့ ခေါ်တဲ့ တရုတ်ရိုးရာ ဆေးမြစ်တွေ နဲ့ ၀က်နံရိုး ၊ ကြက်သား စတဲ့ ကိုယ်ကြိုက် နှစ်သက်ရာနဲ့ ပြုတ်သောက်ရတဲ့ ဆေးတဖုံ စီ ထုပ်ပိုးပြီးသား packing လိုက် ကို အမြည်းပေးပြီးတော့ ရောင်းတာပါ၊ ပြီးတော့ နာမည်ကျော် လိမ်းဆေးဆီ၊ ကိုယ့်ကိုတောင် အဆစ် လိမ်းပေးသေးတယ်၊ ကိုယ်က အဖေ့အတွက် နောက်ကျောနာရင် လိမ်းတဲ့ ဆေးလေး မေးရုံရှိသေးတယ် ကိုယ်ရဲ့ အင်္ကျိကို အတင်း လှန်ပြီးတော့ လိမ်းပေးပါလေရော၊ ကိုယ့်မှာ ရှက်ရှက်နဲ့ အောင့်ခံရ တယ်။ အားနာတော့ ငြင်းလဲ မငြင်းရဲဘူး၊ ဘာမှ မဖြစ်ပဲ နေပူထဲမှာ၊ ဆေး ပူပူကြီးတွေ အလိမ်းခံလိုက်ရတယ်၊ ဆေး ကောင်းမကောင်း တော့မသိဘူး၊ တော်တော်တော့ ပူတယ်၊ အဲဒီမှာ လက်ဆောင်ပေးဖို့ မုန့်တွေနဲ့ မစားဖူးတဲ့ မုန့်လေး နည်းနည်း ပါးပါးဝယ်ပြီး။ ပီနန်မြို့ ရဲ့ နံမည်ကြီး အဓိက ထုတ်ကုန် ဖြစ်တဲ့ ပါတိတ်နဲ့ ကော်ဖီ စက်ရုံကို ပို့ပေးပါတယ်၊ ကော်ဖီတွေကတော့ အမျိုးပေါင်းစုံကို ပါကင်လိုက် ထုတ်ထားတာပါ၊ အားလုံးကို နမူနာ အဖြစ်နဲ့ ဆိုင်ထဲကို ၀င်တာနဲ့ အမြည်းတိုက်ပါတယ်၊ ကိုယ် မြည်းချင်တဲ့ ကော်ဖီ အမျိုးအစားကို ပြောပြီး ကြိုက်သလောက် မြည်းလို့ ရပါတယ်၊ ကော်ဖီကြိုက်တဲ့ ကိုယ်အတွက်ကတော့ ရေငတ်တုံး ရေတွင်းထဲ ကျပေါ့၊ စိတ်ကြိုက်မြည်းပြီး၊ ကိုယ်ကြိုက်တဲ့ အမျိုးအစား နည်းနည်းဝယ်ပြီး ပါတိတ် ရိုက်တဲ့ စက်ရုံကို ကူးခဲ့ပါတယ်၊ အဲဒီ နှစ်ဆိုင်က ကပ်ရက်ပါပဲ၊ ပါတိတ် ဆိုင်က သူတို့ ပါတိတ်ကို ဘယ်လို့ ရိုက်တာ ဘယ်လို ဒီးဇိုင်း ဆွဲတာ ဆိုတာကို သရုပ်ပြရင်း သေသေချာချာ ရှင်းပြပါတယ်၊ နိုင်ငံခြားသားတွေ အတွက် ရည်ရွယ်ပြီး သေသေချာချာ လုပ်ထားတာ ဆိုတော့ ဈေးကြီးတာကတော့ အထူး ပြောစရာ မလိုပါဘူး၊ ဒါပေမယ့် အမှတ်တရ အနေနဲ့ ဒါ အစစ် ပဲလေ ဆိုပြီး မျက်စိမှိတ် ပြီး အမေ့အတွက် တစ်စုံ၊ ကိုယ့်အတွက် တစ်စုံ ၀ယ်လာခဲ့တယ်။


ထိုင်း ဘုန်းတော်ကြီးကျောင်းပါ

အဲဒီအချိန်မှာ ၁၂နာရီ ကျော် ကျော် လောက်ဖြစ်နေပါပြီ ကားဆရာက ထမင်းစားဖို့ ပြောပေမယ့် မနက်စာကို တနင့်တပိုး စားထားတာရယ်၊ ဒူးရင်းသီးရယ်၊ အမြည်းတွေရယ်၊ ကော်ဖီတွေ ရယ်ကြောင့် ဗိုက်က မဆာသေးတော့၊ နောက်ထပ်နေရာတွေကို ဆက်ပါတယ်၊ အဲဒီကနေမှ Thai ဘုန်းကြီးကျောင်းကို သွားတယ်၊ ပြီးတော့ ကွမ်ရင် မယ်တော် ရုပ်ထု အကြီးကြီး ရှိတဲ့ တောင်ပေါ်က ဘုန်းကြီးကျောင်းကို သွားပါတယ်၊ အဲဒီတောင်ပေါ်ကို ကားနဲ့ တက်ပြီး အဲဒီကနေ lift နဲ့ ကွမ်ရင် ရုပ်ထုရှိတဲ့ နေရာကို တက်ရပါတယ်၊ ထူးထူးဆန်းဆန်း အဲဒီက lift က တစောင်းကြီး တက်ရတာ၊ ရှုခင်းကတော့ တော်တော် လှတယ် အေးလဲ အေးချမ်းတယ်။ ကိုယ်တို့လဲ အစီအစဉ် ဆွဲထားတဲ့ အတိုင်း နောက်ဆုံး ပိတ်ဖြစ်တဲ့ Penang Hill ကို တက်ဖို့ ရထားလက်မှတ်ကို ၂ နာရီ မှာ ဖြတ်ထားတော့ အဲဒီကို အချိန်မှီ ပြေးရမှာ ဖြစ်လို့ ကမန်းကတန်း ဓာတ်ပုံလေး ရိုက်ပြီး အမြန် ပြေးဆင်းခဲ့ရတယ်၊









အစီအစဉ်အတိုင်း ၂ နာရီမှာ ပီနန်တောင်ပေါ်ကို တက်ဖို့ အချိန်ကိုက် ရောက်သွားပါတယ်၊ ကားသမားရဲ့ စီစဉ်မှု ကောင်းတာလဲ ပါတယ်၊ သူက လက်မှတ်ကြို မှာပေးထားလို့ လက်မှတ် ၀ယ်ဖို့ စောင့် စရာမလိုပဲ ရထားပေါ် တန်းတက် လိုက်ရုံပါပဲ၊ ဒီနေ့အတွက် သူနဲ့ ခရီးစဉ်က တော့ ဒီမှာ ဆုံးပါတယ်၊ ကားခလဲ ၄ နာရီစာ ရှင်း ပေးလိုက်ရပါတယ်၊ ကိုယ် အကြိုက်ဆုံးကတော့ အဲဒီ ပီနန် တောင်ပေါ် တက်ရတာပဲ အတွေ့ အကြုံအသစ် တစ်ခုပေါ့၊ တခါမှ မစီးဘူးတဲ့ ကြိုးနဲ့ ဆွဲတဲ့ cable ရထားကို စီးရတာကတော့ စိတ်လှုပ်ရှားစရာပါ၊ အမြင့်ပေ 700 m မြင့်တဲ့ တောင်ပေါ်ကို ရထား နှစ်ဆင့် ပြောင်းပြီး တက်ရပါတယ်၊ ရထားကလဲ စီးနေကျ ပုံစံလိုအတည့် မဟုတ်ပဲ တစောင်းကြီးပါပဲ တွဲကတော့ တတွဲတည်းပါပဲ၊ ဒါပေမယ့် အကန့် တွေခွဲထားပြီး အားလုံး တူတူ ဆန့်သလောက် တက်စီးရတာ၊ ထိုင်ခုံက နည်းနည်းပဲ ပါပြီး များသောအားဖြင့် မတ်တပ်ရပ် စီးရတာပါ၊ ဓာတ်ပုံလေးတွေမှာ ကြည့်ပါနော်၊ တောင်ပေါ်တက်ဖို့ စုစုပေါင်း နာရီဝက်လောက်ကြာပါတယ်၊ ရထားက စက်သီးကြိုးနဲ့ ဆွဲပြီး ဖြည်းဖြည်းချင်းတက်တာပါ။ မီရထားလမ်းက တလမ်းတည်း ရှိပြီး။ အတက်နဲ့ အဆင်းကို အလည်မှာ လမ်းခွဲလေး တစ်ခုပဲ ထားပြီး အတက်နဲ့ အဆင်းကို အချိန်ကိုက်ပြီး အဲဒီ့လမ်းခွဲကနေ လမ်းလွှဲပြီး ဆင်းပါတယ်၊ ရထား စီးနေရင်းနဲ့ မနက်ချင်းဆိုင်မျာ ရထားလာနေတာကို အသည်းယား စဖွယ်တွေ့ရပါတယ်။ ခရီးတ၀က်လောက်မှာ အပေါ် ဆက်တက်ဖို့ ရထားပြောင်းစီးရပါတယ်။ တောင်ပေါ်မှာ တော်တော် သာယာပါတယ်၊ အမြင့်မှာမို့လို့ တိုက်တဲ့ လေလေးတွေကလဲ အေးမြနေတာပါပဲ၊ အပေါ်စီးကနေ ပီနန်မြို့နဲ့ တံတားကို လှပစွာတွေရလို့ ဓာတ်ပုံတွေ စိတ်ကြိုက် ရိုက်ပြီး ၄ နာရီမှာ တောင်ပေါ်က ပြန်ဆင်းလာပြီး နေ့လည်စာကို တောင် အောက်မှာ စားပါတယ်၊ အပြန်ခရီးကိုတော့ ကားသမားကို မေးပြီးတော့ bus စီးလို့ ရမလားလို့ မေးတော့ သူက ရတယ်၊ ဒါပေမယ့် ပီနန်မြို့ ရဲ့ လိုင်းကား သဘာဝက ကြာတတ်တယ်၊ အချိန် အတိအကျ မရှိဘူးတဲ့၊ ၁၅ မိနစ်ကြာချင်ကြာမယ်။ နာရီဝက် ကြာချင် ကြာမယ်၊ တနာရီလဲ ကြာချင် ကြာနိုင်တယ်တဲ့။ စိတ်ရှည် ရမယ်တဲ့၊ ကိုယ်တို့လဲ ထမင်းစား နေတုံး ကံကောင်းချင်တော့ ကိုယ်တို့ စားတဲ့ ထမင်းဆိုင်မှာ မြန်မာ ကောင်လေးတွေ အလုပ်လုပ်နေတာနဲ့ ကြုံတာနဲ့ ကိုယ့် အဖေရဲ့ ထုံးစံ အတိုင်း သူတို့ကို လဲ အင်တာဗျူး ကိုယ် သွားချင်တဲ့ နေရာကိုလဲ လမ်းမေးနဲ့ အဆင်ပြေသွားပါတယ်၊ ပီနန်မှာတော့ မြန်မာတွေ တော်တော်များပါတယ်၊ အဲဒီကို ရောက်မှ temasak က အငြိမ့်မှာ လူရွင်တော်တွေ ပျက်တဲ့ ဟာသဖြစ်တဲ့ မြန်မာပြည်ရဲ့ ထွက်ကုန်က ဘာလဲ လူတွေလေလို့ ဆိုပြီး ဟောဒီမှာ ကြည့်ပါလား နည်းတဲ့ မြန်မာတွေ မဟုတ်ဘူး ဆိုပြီး ပရိတ်သတ်တွေကို ထိုးပြတာ၊ အဲဒီ ဟာသ အမှန်ဖြစ် နေပြီ ဆိုတာ သဘောပေါက် လိုက်တယ်၊ စိတ်ထဲတော့ တော်တော်လေး မကောင်းဘူး၊ ပို့စ်လဲ တော်တော် ရှည်သွားပြီ ဆက်ပါအုံးမယ်၊ အပိုင်း (၃)ကို စောင့်ပြီး ဖတ်ကြတဲ့ သူတွေကိုလဲ အားနာပါတယ်။
ဆက်ရန်











PS : ကမန်းကတန်းမို့လို့ စားလုံးပေါင်း အမှားများ ပါရင် သည်းခံပေး ကြဖို့ တောင်းပန်ပါတယ်၊ လွဲချော်မှုများ ရှိလျင်လဲ ပြင်ပေး ဖို့ ဖိတ်ခေါ်ပါတယ်၊

ဒီဇင်ဘာ အားလပ်ရက် ပီနန် ခရီး စဉ် ၂၀၀၇ (၁)

၂၀၀၇ ခုနှစ် ကုန်ဆုံးပုံက ကိုယ့်အတွက် ကောင်းတယ်လို့ ပြောရမလား မကောင်းဘူးလို့ ပြောရမလားတော့ မပြောတတ်ဘူး၊ အရင် ၂ နှစ် နဲ့ မတူ တာကတော့ အမှန်ပါပဲ၊ ပြီးခဲ့တဲ့ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ် မှာတော့ အလုပ် လုပ်ရင်း နှစ်သစ်ကို ကူးပြောင်း ခဲ့ ရတာကြီးပဲ၊ ၀င်ငွေ အတွက်က တော့ အပေါင်း လက္ခဏာ၊ ပျော်ရွှင်မှု အတွက်တော့ အနုတ် လက္ခဏာပေါ့၊ ဒီနှစ်မှာတော့ အလုပ်က New year plant shut down ရှိတော့ မယူမနေရ force leave 2 ရက် ယူပြီးတော့ ခရစ္စမတ် နဲ့ new year ပိတ်ရက် အပါအ၀င် စုစုပေါင်း ၁၀ ရက် နားရက် ရတယ်၊ ခွင့် သိပ်မယူရပဲ နဲ့ ဒီဇင်ဘာ ပိတ်ရက်တွေနဲ့ နားရက် များများ ရတုန်း မြန်မာ ပြည်ကို ပြန်ချင်ပေမဲ့ သံရုံးကိုပေးရမဲ့ ၀င်ငွေခွန်တွေရယ်၊ အဆမတန် ဈေးကြီးနေတဲ့ လေယာဉ် လက်မှတ်နူန်းထား တွေရယ်ကြောင့် အကြောင်းထူး မရှိပဲ ငွေကြေး အမြောက်အမြား မသုံးစွဲချင်တာနဲ့ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကို ချိုးနှိမ့်လို့ ဖြစ်နိုင်တဲ့ နီးနီးနားနား မလေးရှားက ကိုယ် မရောက်ဖူးသေးတဲ့ ပီနန်မြို့ကို အလည်ထွက်ဖို့ ရွေးချယ်လိုက်ပါတယ်၊ ဆန္ဒနဲ့ ဘ၀ တထပ်တည်း မကျနိုင်တာ အခုချိန်ထိပါပဲ၊

မြေပုံထဲမှာ တွေ့ရတဲ့ ပီနန်ကျွန်းလေး

ဒီဇင်ဘာ၂၈ ရက် သောကြာနေ့ မနက် ၉ နာရီ တိတိမှာ ကိုယ်တို့ သားအမိ သား အဖ သုံးယောက် Singapore က ထိုင်းလူမျိုးတွေ စုရပ်ဖြစ်တဲ့ Golden Mile Tower ကနေ Five Star Traveller က ၁၈ ယောက်စီး Snoozer Seat ပါတဲ့ ကားကြီးနဲ့ ခရီးစဉ်ကို စတင် ခဲ့ပါတယ်၊ ကားခ ကတော့ ပီနန်ကို အရောက် တယောက်ကို S$ 55 ပါ၊ ကားအကြီးမှာ ၁၈ ခုံပဲ ပါပြီး၊ ၃ ယောက် တတန်း နဲ့ စုစုပေါင်း ၆ တန်း ပဲ ထည့်ထားတာ ဖြစ်လို့ ၁ ခုံနဲ့ တစ်ခုံ အတော်တော် လှမ်းသလို ထိုင်ခုံက လှဲပြီး အိပ်လို့ ရအောင် လိုသလို ညှိယူလို့ ရပါတယ်၊ ထိုင်ခုံ တိုင်းမှာလဲ ကိုယ်ပိုင် တီဗီ အသေးစားလေးတွေ တပ်ဆင် ပေးထား ပါတယ်၊ တီဗီမှာ ကိုယ်စိတ်ကြိုက် အင်္ဂလိပ်ရုပ်ရှင်ကား၊ တရုတ်ကား၊ ကိုရီးယားကားနဲ့ အခြား ရုပ်ရှင်ကား အတော် များများကို အင်စတော လုပ်ပေး ထားတာပါ၊ ကိုယ့်စိတ်ကြိုက် ရုပ်ရှင်ကားကို ရွေး ကြည့် ရုံပါပဲ၊ တော်တော် သက်တောင့် သက်သာ နဲ့ အဆင်ပြေပြေ ခရီးသွားလို့ ရအောင် လုပ်ပေးထားတာ ကတော့ ပေးရတဲ့ ဈေးနူန်းနဲ့ တန်အောင် ၀န် ဆောင်မှု အပြည့် ပေးထားတာပါ၊

မနက် ကိုးနာရီ တိတိ မှာ လက်မှတ်မှာ ရေးထားတဲ့ အချိန်အတိုင်း အတိအကျ (အဲဒါကတော့ မြန်မာပြည်နဲ့ တော်တော် ကွာပါတယ်) မှာ ဂိတ်ကနေ စထွက် ပြီးတော့ ၁၀ နာရီ လောက်မှာ Tuas Check point ကိုရောက်ပြီးတော့ singapore immigration & malaysia immigration တို့ကို ဖြတ် အပြီး ၁၀း၃၀ နာရီမှာ မလေးရှား နယ်စပ် ဖြစ်တဲ့ JB (Johor Bahru) ကနေ စတင် ပြီး မောင်းနှင်လာတာ ၁၂ နာရီမှာ ထမင်းစားဖို့ တစ်ထောက် နားပါတယ်၊ ထမင်းစားဖို့ကို နာရီဝက် အချိန် ပေးပါတယ်၊ ၁၂း၃၀ နာရီမှာ တော့ ထမင်းဆိုင် ကနေ ဆက်ပြီး မောင်းလာတာ ပီနန်ရောက်တဲ့ အထိ အပေါ့ အပါး သွားဖို့ ကြားထဲမှာ တစ်ခါ ပဲ ရပ်ပေးတယ်၊ ကိုယ်ကတော့ ထမင်းစား ပြီးကတည်းက ကားပေါ်မှာ အိပ်တလှည့်၊ ဗီဒီယိုကြည့် တလှည့်နဲ့ လမ်းဘေး ၀ဲယာက ရှုခင်း တွေ ကိုတောာင် မကြည့်အားပါဘူး၊ တစ်ခု သေသေချာချာ သိလိုက် တာကတော့ ကတ္တရာ လမ်းမကြီး ကတော့ ဖြောင့်ဖြူး ချောမွတ် တယ် ဆိုတာပါပဲ၊ နိုင်တကာ အဆင့်မှီ ဆိုတဲ့ အတိုင်း လမ်းဘေးမှာ အပေါ့ အပါး သွားဖို့ ရပ်ပေးတဲ့ အိမ်သာ ကတောင် ဟိုတယ် အသေးစားလေးလား တော်တော် သားသား နားနား လုပ်ထားတာပါ၊ ပိုက်ဆံလဲ တပြားမှ မပေးရပါဘူး၊ အောက်မှာ အမှတ်တရ ရိုက်လာ ပါတယ် ၊

အပေါ့ အပါး သွားဖို့ အခမဲ့ မိန်းခလေး အိမ်သာ

ဒီလိုနဲ့ ကားစီး လာလိုက်တာ၊ အိပ်ရေး နှစ်ရေးနဲ့ ဗီဒီယိုကား နှစ်ကား အပြီး မှာ ပီနန်မြို့ ကို ရောက်ဖို့ ကီလို ၆၀ ကျော်ပဲ လိုတော့ ပါတယ်၊ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ KL ကို ဘယ် အချိန် ဖြတ်သွားလဲတောင် မသိလိုက် ပါဘူး၊ ညနေ ၆ နာရီ ခွဲ ကျော်ကျော် ၇နာရီ လောက်မှာ မလေးရှားမြို့နဲ့ ပီနန်မြို့ကို ပေါင်းကူးပေးထားတဲ့ ကမ္ဘာ့ အရှည်ဆုံး တံတား စာရင်းဝင် Penang Bridge ကို ဖြတ်ရပါတယ်၊ ပီနန်မြို့ကို ၀င်ဖို့ ဆိုရင် ရေကြောင်းလမ်း နဲ့ ကုန်းလမ်း၊ ဝေဟင်လမ်း တွေကနေ ၀င်လို့ ရပါတယ်၊ ကုန်းလမ်းက ဆိုရင် ထိုတံတားမှ လွဲပြီး ၀င်လို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ သူက ကျွန်းငယ်လေး တကျွန်း ဖြစ်နေလို့ပါပဲ၊ အဲဒီ တံတားကို စတက်ပြီ ဆိုတာနဲ့ ကားတွေ အများကြီး တန်းစီနေပြီ Traffic Jam ကို စတွေ့ ရပါပြီ၊ KL ကို အ၀င် မှာလဲ ဒီလိုပါပဲ၊ တံတားကတော့ တော်တော် ကို ရှည်လျားတာပါ၊ ကားပေါ်မှာလဲ ဖြစ်နေတာက တကြောင်း ညနေ မိုးချုပ်တဲ့ အချိန်လဲ ဖြစ်နေတာက တစ်ကြောင်း ဓာတ်ပုံ မရိုက်ထား လိုက်နိုင်ပါဘူး၊ ဒါပေမယ့် ပီနန်တောင်ပေါ်ကနေ ရိုက် ထားတဲ့ ပုံကိုတော့ တံတားကြီးက ဘယ်လောက်ရှည်ပြီး လှတယ် ဆိုတာ သိရအောင် အောက်ကပုံ မှာ ကြည့်ပါ၊

ပီနန် တောင်ပေါ်မှ မြင်ရသော ပီနန်မြို့ နဲ့ ပီနန် တံတား မြင်ကွင်း


ည ၈ နာရီမှာ ပီနန်မြို့ရဲ့ အဝေးပြေး ကားဂိတ်ကို ရောက် ပါတယ်၊ ရောက် ရောက်ခြင်းပဲ အပြန်အတွက် ကားလက်မှတ် ကို အပြေးအလွှား စီစဉ် ရပါတယ်၊ စင်္ကာပူ ဖက်ကနေ ကြို ၀ယ် လို့ မရလို့ အဲဒီဘက်ကမှာ ၀ယ်ရတာပါ၊ တစ် ဆိုင်ဝင် တစ်ဆိုင် ထွက်နဲ့ လိုက်မေးတာ နောက်ဆုံးမှ အလာက ထိုင်ခုံမျိုး ၁၈ယောက် စီးကားနဲ့ပဲ မလေးရှား RM80 နဲ့ သုံးယောက်စာ လက်မှတ် ရလိုက်ပါတယ်၊ စလုံးက ၀ယ်တဲ့ လက်မှတ် ခထက် S$၁၅ လောက် သက်သာနေသေးတယ်၊ အပြန် လက်မှတ်ရပြီ ဆိုမှပဲ စိတ်အေး လက်အေးနဲ့ ညစာကို အဲဒီက အဝေးပြေး ဂိတ်မှာပဲ ဖြစ်သလိုစားပြီး၊ တည်းမည့် ဟိုတယ်ကို ကားငှားပြီး သွား ရပါတယ်၊ အဝေးပြေးဂိတ်နဲ့ ဟိုတယ်က တောင်နဲ့ မြောက် မို့လို့ RM ၃၅ ကျပ်ပေး လိုက် ရပါတယ် အဲဒါကတော့ ဈေးမှန်ပါ၊ အပြန်လဲ ၃၅ ကျပ်ပါပဲ၊ ဘာပဲပြောပြော စလုံးနဲ့ ယှဉ်ရင်တော့ ပစ္စည်း တန်ဖိုး ခြင်း ကတော့ တူတူပဲ Exchange rate က နှစ်ဆ ကျော် ကွာနေတာမို့ စလုံးနဲ့ ယှဉ်ရင် တော်တော် သက်သာတယ်လို့ ပြောလို့ ရပါတယ်၊ ဥပမာ အနေနဲ့ ထမင်းကြော် တစ်ပွဲ၊ ကြာဆံကြော် တစ်ပွဲ ၃ ကျပ် ခြင်း အတူတူ၊ စင်္ကာပူ ဒေါ်လာနဲ့ ပြန် တွက် ကြည့်လိုက်ရင် ၁ ကျပ် ၅၀ ပြားတောင် မကျပါဘူး၊

ဒီလိုနဲ့ ၉း၃၀ နာရီမှာ တည်းမည့် ဟိုတယ် Tanjung Bungah Beach Hotel ကို ချောချော မောမော နဲ့ ဆိုက်ရောက် ပါတော့တယ်၊ ဟိုတယ်ကိုတော့ ကြိုတင် ဘွတ်ကင် လုပ်ထားလို့ အခန်းမရမှာ စိတ်ပူစရာ မလိုတော့တာ တော်သေးတယ်၊ မဟုတ်ရင် နယူးရီးယား ကာလမှာ နေရာတိုင်းက အပန်းဖြေလာသူတွေနဲ့ ပြည့်နေတာ ဆိုတော့ အဆင်မပြေမှာ စိုးရိမ် ရတယ်၊ ကိုယ်တို့ တည်းမဲ့ ဟိုတယ်က ကမ်းခြေ ဘေးလေးတင် ရှိတာပါ၊ ဒါပေမယ့် မောမောနဲ့ ကမ်းခြေလေးကို အသာချောင်းကြည့် ရုံပဲ ကြည့်နိုင်ပြီး ခရီးပန်းလာနဲ့ တချိုးတည်း တန်း အိပ်လိုက် ကြတာပါပဲ၊ စာလဲ တော်တော် ရှည်သွားလို့ နောက်နေ့တွေ လျှောက်လည် တာတွေကို အပိုင်း (၂) မှာ ဆက်လက် ရှုစားပါလို့၊

လာမည် ကြာမည် မျှော်....

ချစ်လေပြေ


Wednesday, January 23, 2008

ကျွန်တော်တွေ့ကြုံခဲ့ရသော ဆလုံတိုင်းရင်းသားများ


ကျွန်တော်မြိတ်မြို့သို့ရောက်ရှိစဉ် အဘဦးသိန်းတင်နှင့် တွေ့ဆုံခဲ့ရပါသည်။ အဘဦးသိန်းတင်သည် (၁၉၆၄)ခုနှစ်၊ ရန်ကုန်မြို့တွင် ကျင်းပသော ပြည်ထောင်စုနေ့အခမ်းအနားသို့ ဆလုံတိုင်းရင်းသား ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့်ရရှိခဲ့သူ ဖြစ်ပါသည်။ (၁၉၆၄) ခုနှစ်က မြိတ်နှင့်ကော့သောင်းဝန်းကျင် ကျွန်းစုများတွင် နေထိုင်လျက်ရှိသော ဆလုံလူဦးရေမှာ(၂၄၀၀)ဦးခန့် ရှိပါသည်။
“ပျူ၊ မွန်၊ မြန်မာ၊ သက်”ဟူသော မြန်မာတိုင်းရင်းသားအစ လူမျိုးကြီး(၄)စုမှာ ဆလုံတိုင်းရင်းတို့မှာ “သက်”လူမျိုးတို့မှတစ်ဆင့် ဆင်းသက် လာခဲ့သည်ဟု မှတ်သားခဲ့ဖူးပါသည်။ ဆလုံတိုင်းရင်းသားတို့ကို “မော်ကင်း”ဟုလည်းခေါ်ကြပါသည်။ ပင်လယ်ထဲမှာ ပေါ့ပေါ့ပါးပါး သစ်၊ ၀ါး၊ ရင်ကမ်းသားတို့နှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ရိုးရာလှေကို အိမ်လိုသဘောထားပြီး မိသားစုကြီးတစ်ခုလုံး နေကြ၊ ထိုင်ကြ၊ ချက်ပြုတ်စားသောက်ကြရုံသာမက သူတို့ဘ၀၏အဖော်မွန်ဟုခေါ်သော ခွေးများကိုလည်း တစ်ပါးတည်း သယ်ဆောင်သွားကြပါသည်။ ဟိန်းဇဲ၊ ဘုတ်ကျွန်း၊ မောင်းမကန်၊ ရှင်မွန်၊ မလိ၊ ပြင်ကြီး၊ မီးစိမ်း၊ ကတန်၊ ဒုံးကျွန်း၊ ၀ါးကျွန်း၊ ပင်လယ်အော်၊ လန်ပိတစ်ဝိုက်မှာလည်း ပင်လယ်ထဲ ရာသီဥတုဆိုးချိန်မှာ ယာယီခြေတံရှည်တဲအိမ်လေးများတည်ဆောက်ပြီး နေထိုင်ကြပါသည်။
ရေမှာကျွမ်းကျင်သဖြင့် ပုလဲ၊ မျှော့(ပင်မယ်မျှော့)၊ ရေခူ၊ ငါး၊ပုဇွန် ၊ ကမာတွေငုပ်ပြီး ကင်းမွန်၊ ရှပ်၊ ငါးကြီးအန်ဖတ်တွေကို ရှာဖွေရင်းနှင့်လည်း အသက်မွေးတတ်ကြပါသည်။ သူတို့ရိုးရာဓလေ့များထဲတွင် ဗုံတီးခြင်း၊ ဘင်(ဘင်ခရာ)တီးခြင်း။ သူတို့ဘာသာ စကားနှင့် သီချင်းဆိုပြီး ကခုန်ခြင်း၊ ရိုးရာနတ်ကိုးကွယ်ခြင်းတို့လည်း ပါဝင်ပါသည်။ ဆလုံရိုးရာပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ် ဘာလိုင်းကျေးရွာအုပ်စု၊ လန်ပိကျွန်း၏တစ်ဖက်ကမ်း “မကြုံဂလက်”ကျေးရွာတွင် (၂၀၀၄)ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။


(၁) ဆလုံတိုင်းရင်းသားတို့၏ မွေးဖွားခြင်းအစ
(၁၉၆၄)ခုနှစ်က မှတ်သားတွေ့ရှိချက်များအရ ဆလုံတိုင်းရင်းသားတို့သည် စတင်မွေးဖွားသည့် ကလေးငယ်များကို ချက်ကြိုး ဖြတ်ပြီးသည်နှင့် ရေထဲသို့ နှစ်စက္ကန့်ခန့် ရေထဲမြှပ်လိုက်၊ နှစ်လိုက်။ ပေါ်လိုက် သုံးကြိမ်ခန့်ပြုလုပ်ပါသည်။ သူတို့ အယူအဆမှာ မွေးစကလေးငယ် ရေကိုကျွမ်းကျင်စေရန်၊ မကြောက်စေရန်ဖြစ်သည်ဟု ဆို၏။ ထိုသို့ လွဲမှားသောအယူအဆကြောင့် တစ်ချို့ကလေးငယ်များမှာ မွေးစကပင်သေဆုံးသွားကြပါသည်။ ဤကား ယခင်ကအဖြစ်အပျက်။ ယခုအချိန်တွင်မူ ဆလုံတိုင်းရင်းသားတို့ ခေတ်မီလာသည်ဟု ဆိုရပါမည်။ မွေးစကလေးငယ်ကို ရေထဲတွင် မနှစ်ကြတော့။ ကိုယ်ဝန်ဆောင်ကို မွေးဖွားပေးသည့် လက်သည်မှာ သူတို့ဆလုံအမျိးသမီး အချင်းချင်းပင်ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ ခက်ခဲသည့် မွေးဖွားမှုများကို သူနာပြုဆရာမနှင့် မွေးလေ့မွေးထ ရှိလာကြပါပြီ။


(၂) ဆလုံတို့၏ ကျန်းမာရေး
ဆလုံတိုင်းရင်သားတို့သည် အစစ အရာရာတွင် နတ်ဆရာကိုသာ အားကိုးကြသည်။ တစ်စုံတစ်ယောက်နေမကောင်းလျှင် သူတို့၏ အယူအဆမှာ နတ်ဖမ်းစားသည်ဟု အများအားဖြင့် ယူဆကြသည်။ နတ်ဆရာနှင့်တိုင်ပင်၍ ပူဇော်ပသ၊ ကိုးကွယ်တင်မြှောက်ခြင်းများ ပြုလုပ်လေ့ရှိကြပါသည်။ သို့သော်လည်း ယခုချိန်ခါတွင် အချို့တိုင်းရင်းသားဆလုံတို့မှာ ခေတ်မီလာသည်ဟု ဆိုရပါမည်။ နေထိုင်မကောင်းဖြစ်သောသူများကို ဆရာဝန်နှင့် ဆေးခန်းသို့ ပြသ ကုသလာကြပါသည်။ တစ်ဖက်ကလည်း သူတို့အစွဲဖြစ်နေသည့် နတ်ဆရာနှင့် ပူဇော်ပသခြင်းကိုလည်း လုပ်မြဲလုပ်ကြပါသည်။ ဆလုံအများစုတွင် ဖြစ်ပွားတတ်သည့်ရောဂါမှာ ငှက်ဖျားစွဲခြင်းနှင့် အာဟာရချို့တဲ့ခြင်းများပင် ဖြစ်ပါသည်။


(၃) ၀တ်စားဆင်ယင်ခြင်း
ဆလုံတိုင်းရင်းသားတို့သည် မွေးကင်းစ ကလေးအရွယ်မှ ငါးနှစ် ခြောက်နှစ်အရွယ်အထိ ယခင်က အ၀တ်အစားဝတ်လေ့ဝတ်ထ မရှိသော်လည်း ယခုအခါ အ၀တ်အစား ဆင်ယင်လာကြပါသည်။ အမျိုးသမီးများမှာ သူတို့ဓလေ့အရ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံ ၀တ်ဆင်သည်ဆိုသော်လည်း ၊ အချို့မှာ အိမ်ထောင်ကျသည်နှင့် အပေါ်ပိုင်း ဗလာကျင်း နေတတ်ကြပါသည်။ သို့သော်လည်း ယခုအခါတွင်မူ အိုမင်းသောအဘွားအရွယ်များမှလွဲ၍ အမျိုးသမီးအများစုမှာ အပေါ်ပိုင်း၊ အောက်ပိုင်း လုံလုံခြုံခြုံဝတ်ဆင်လာကြပေပြီ။ ဆလုံအမျိုးသားတို့မှာ များသောအားဖြင့် ယခင်ကအောက်ပိုင်းတွင် လုံချည်(သို့မဟုတ်) ဘောင်းဘီတိုနှင့်နေပြီး အပေါ်ပိုင်းဗလာကျင်း နေတတ်သည့် သဘာဝရှိပါသည်။ သူတို့ဓလေ့အရ တော်ရုံတန်ရုံလည်း ဖျားနာခြင်း မရှိကြပါ။ ခံနိုင်ရည်ရှိသော လူမျိုးပင် ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါ သူတို့လည်း အပေါ်ပိုင်းအင်္ကျီများ၊ များသောအားဖြင့် ၀တ်ဆင်လာကြပေပြီ။ ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်နှင့်အနီးအနားတွင် နေ၍လားမသိ၊ သူတို့၏အသားအရောင်မှာ ညိုရောင်သန်းပါသည်။ ယခုအခါ ဆလုံတိုင်းရင်းသားတို့မှာ ခေတ်မီလာသည့်အလျောက် ယိုးဒယားနိုင်ငံမှရောက်လာသော အ၀တ်အစား၊ပါတိတ်။ တီရှပ်တို့ဖြင့် သစ်သစ်လွင်လွင် တောက်တောက် ပပဖြစ်လာလေပြီ။ ယခင်က ဖြစ်သလိုနေခဲ့သော်လည်း ယခုအခါ သားသားနားနားဝတ်ဆင်လာကြပေပြီ။


(၄) အစားအသောက်
ဆလုံတို့သည် ပင်လယ်ထဲတွင် အတည်တကျမနေဘဲ ရေကြည်ရာ မြက်နုရာသို့ သွားလာလုပ်ကိုင်နေထိုင်ကြသည့်အလျောက် ပင်လယ်ပျော်များ ဖြစ်သည့်အားလျော်စွာ သူတို့စားသောက်ကြသည်မှာ များသောအားဖြင့် ပင်လယ်အစားအစာများ ဖြစ်ပါသည်။ ပင်လယ်ကျွန်းစု၊ ကျောက်ဆောင်များတွင် တွယ်ကပ်လျက်ရှိသော ဂုံး(ခရုတစ်မျိုးအထဲတွင်ရှိသည်)ဟု ခေါ်သည့် တငိုကိုခွာ၍ အထဲမှ ခရုသဖွယ်အရာကို ချက်ပြုတ်စားသောက်ကြပါသည်။ ပင်လယ်ကျောက်ဆောင်ဂူထဲတွင်ရှိသော လင်းနို့၊ လင်းဆွဲများကို တုတ်ရှည်ဖြင့် ရိုက်ချကာ ခုတ်ထစ်ဖြတ်တောက်၍လည်း ချက်ပြုတ်သုံးဆောင်ကြပါသည်။ သူတို့သည် စားသုံးဆီသုံးစွဲမှု နည်းသူများဖြစ်သည့် အလျှောက် တစ်လလုံးတွင် မိသားစု(၆)ယောက်အတွက် ဆီ(၂၀)ကျပ်သားခန့်သာ ကုန်ပါသည်။ ထို့ကြောင့် ဆလုံအများစုတွင် သွေးတိုးရောဂါ မရှိကြပါ။ ဆလုံတိုင်းရင်းသားတို့သည် ပျားအုံဖွတ်ရာတွင်လည်း အလွန်ကျွမ်းကျင်သူများပင်ဖြစ်သည်။ သစ်ပင်အမြင့်ပေါ်တွင် စွဲကပ်နေသောပျားအုံကို အုန်းလက်မီးတုတ်ဖြင့် ရိုက်ချကာ ပျားအုံမှပျားရည်ကို ခံယူကြပါသည်။ ပျားသလက်နှင့် ပျားပေါက်စတို့ကိုလည်း ချက်ချင်းပင် လတ်လတ်ဆတ်ဆတ် စားသုံးကြပါသည်။ ဆလုံတို့၏သဘာဝမှာ စားသောက်ရာတွင်လည်း သူတို့ရိုးရာလှေပေါ်တွင် မိသားစုအားလုံး သိုက်သိုက်ဝန်ဝန်း ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စားသောက်ကြပါသည်။
ဆလုံတိုင်းရင်းသားတို့စားသုံးသည့် အရွက်များဖြစ်သော ဆလုံမုန်လာ၊ ဆလုံမုန်ညင်း၊ဆလုံကန်စွန်းတို့မှာ အရွက်အသားထူသည်မှ လွဲ၍ မြေပြန့်ကမုန်လာ ၊ မုန်ညင်း၊ ကန်စွန်းတို့နှင့် အတော်ဆင်တူပါသည်။ ထိုအရွက်တို့မှာလည်း ဆလုံဒေသတောတောင်ထဲတွင် အလေ့ကျ ပေါက်နေကြခြင်းပင်။ ကျွန်တော်တွေ့ဖူးသည့် ဆလုံကွမ်း( ကွမ်းယာအတွက်လိုအပ်သော ကွမ်း)မှာလည်း အရွက်အသား ပိုထူကာ အလေ့ကျပေါက်နေခြင်းပင်ဖြစ်ပါသည်။ ဆလုံတစ်ချို့လည်း ကွမ်းစားတတ်ကြသည်ကို ကျွန်တော်တွေ့ဖူးပါသည်။




(၅) အလုပ်အကိုင်
ဆလုံတိုင်းရင်းသားတို့သည် အလုပ်လုပ်ကိုင်ရာတွင် အားလုံးစုပေါင်းဝိုင်းဝန်း၍ လုပ်ဆောင်လေ့ရှိကြသည်။ တောထဲတွင်ရှိသော သစ်ပင်ကြီးများကို သူတို့၏စုပေါင်းစွမ်းအားဖြင့် ခုတ်လှဲပါသည်။ လှေထွင်းပါသည်။ ထိုကြီးမားသော သစ်ထွင်းလှေကို ပင်လယ်ကမ်းခြေဆီသို့ သယ်ဆောင်ထုတ်ယူသည်မှာလည်း အလွန်စနစ်ကျကာ အားကျဖွယ်ရာကောင်းပါသည်။ ပင်လယ်ကမ်းစပ် နေရာများတွင် ပေါက်ရောက်လေ့ရှိသော ရင်ကမ်းပင်မှ ရင်ကမ်းအလက်များကို တစ်စုနှင့်တစ်စု စီစီညီညီထပ်ကာပြုလုပ်ထားသော ရင်ကမ်းလှေမှာ အလွန်ပင်လက်ရာမြောက်လှပါသည်။ ထိုရင်ကမ်းလှေတွင် သံချက်ဆို၍ တစ်ချက်မျှမပါ၊ ကြိမ်ဖြင့်သာရစ်ပတ်ခြင်း ၊ ကွပ်ခြင်းပြုလုပ်ထားသည်မှာ ခိုင်ခန့်လှပါသည်။ စိစပ်လှပါသည်။ ရေတစ်စက်မျှလှေဝန်းထဲသို့ မ၀င်ပါ။ သူတို့၏ကျွမ်းကျင်မှုကြောင့် လှိုင်းလေလာလည်း ကြောက်လန့်မှုမရှိကြပါ။ သို့သော်လည်း လှိုင်းလေများ အလွန်ပြင်းထန်စွာတိုက်ခတ်လာသောအခါ သူတို့သည် ကမ်းခြေများ၊ လေကွယ်ရာကျွန်းစုများတွင် စုပေါင်း၍ နေထိုင်လေ့ရှိကြပါသည်။
ဆလုံတိုင်းရင်းသားတို့၏ အလုပ်အကိုင်ကို ဖော်ပြရလျှင် ငါးဖမ်းခြင်း၊ ပုလဲငုပ်ခြင်း၊ ပင်လယ်မျှော့ငုပ်ခြင်း၊ ကနုကမာရှာဖွေခြင်း၊ ပျားဖွတ်ခြင်း၊ ငှက်သိုက်ရှာခြင်း၊ ရေနှင့်ပါတ်သက်သောလုပ်ငန်း အ၀၀ကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သော တိုင်းရင်းသားများပင် ဖြစ်ပါသည်။ ကျောက်ကြို ကျောက်ကြားထဲသို့ နှစ်ခွစူး၊ မှိန်းတံရှည်နှင့် ငါးထိုးနေသော ကလေးငယ်များကိုလည်း ကျွန်တော်မြင်ဖူး ပါသည်။ ယခုအခါ ခေတ်မီလာသောဆလုံတို့မှာ ရေငုပ်မျက်မှန်အကောင်းစားနှင့် အောက်စီဂျင်အသက်ရှူဘူးတို့ဖြင့် ရေငုပ်ကာ ပုလဲရှာနေကြပြီ၊ ပင်လယ်မျှော့ ရှာနေကြပြီ ဖြစ်ပါသည်။
ကျွန်တော်တွေ့ခဲ့သော ဆလုံတိုင်းရင်းသားတို့မှာ ယောက်ျားလေးရော၊ မိန်းကလေးပါ အသက်(၁၀)နှစ်ခန့်တွင် ရေနှင့်ပါတ်သက်၍ အစစ အရာရာ အလွန်ကျွမ်းကျင်နေကြလေပြီ။ ထိုစဉ်က ကျွန်တော့်မျက်စိရှေ့တွင်ပင် (၁၀)နှစ်သားခန့်ရှိသော ဆလုံယောက်ျားလေးမှာ ခက်ရင်းစူးခွမှိန်းတံရှည်ကို ကိုင်ဆောင်လျက် (၁၅)ပေခန့်နက်သော ပင်လယ်ရေထဲသို့ လှေပေါ်မှ ပလုံကနဲ ခုံဆင်းလိုက်သည်မှာ (၁၀) မိနစ်ခန့်ပင် မကြာလိုက်ပါ။ သူပြန်တက်လာသောအခါ လက်ထဲတွင် (၂)ပေခန့်ရှိသော ငါးမန်းဖြူတစ်ကောင် ပါလာသည်ကို တွေ့ရသဖြင့် ကျွန်တော်မှာ လွန်စွာပင် အံ့သြသွားပါသည်။ မနက်ပိုင်းကလည်း ထိုနည်းတူစွာ ငါးလိပ်ကျောက် (လိပ်ပုံသဏ္ဍန်ငါးပြားကြီး) တစ်ကောင်းကို ရခဲ့ကြောင်း၊ ထိုသူငယ်က လက်ဟန်ခြေဟန်ဖြင့် ကျွန်တော့်ကို ပြောပြပါသေးသည်။ ဆလုံတို့သည် လူကြီး လူငယ်မရွေး အအားမနေဘဲ အမြဲတစေ အလုပ်လုပ်နေသော လူမျိုးပင်ဖြစ်ပါသည်။ လွတ်လပ်မှုကို မြတ်နိုးကာ တစ်ခုမဟုတ် တစ်ခု အလုပ် လုပ်နေသော တိုင်းရင်းသားများပင်။ များသောအားဖြင့် သူတို့သည် လက်ထဲတွင် ခက်ရင်းစူးခွမှိန်းတံရှည်ကို ကိုင်ဆောင်ကာ ကမ်းခြေ၊ ကျောက်ဆောင်၊ ကျောက်ကြို ကျောက်ကြားအောက်ရှိ ငါးမျိုးစုံတို့ကို ထိုးယူဖမ်းဆီးကြပါသည်။ ဟိုစဉ်က ဆလုံတိုင်းရင်းသားတို့ ငါးဖမ်းသည်ဆိုသည်မှာ ငါးဖမ်းပိုက်များဖြင့် ဖမ်းလေ့ဖမ်းထနည်းပါးပါသည်။ သို့သော် ယခုအခါတွင်မူ ငါးဖမ်းပိုက်အမျိုးမျိုးဖြင့် အတော်များများဖမ်းဆီးလာကြပါသည်။ သူတို့ဘ၀မှာ ယခင်က ဖမ်းယူရရှိငါးများနှင့် ရေငုပ်၍ရရှိသော ပုလဲ၊ ပင်လယ်မျှော့ တို့ကို ရောင်းချရာတွင် ဈေးနှိမ်ခြင်းခံရသော်လည်း ယခုအခါထိုက်ထိုက်တန်တန် ဈေးမှန်၊ အလေးမှန်ရရှိခဲ့ပါပြီ။ ဖဲရိုက်ကာ ကက်ဆက်နားထောင်နေကြသော ဆလုံများ၊ ရွှေဆွဲကြိုးတ၀င်းဝင်းနှင့် ဆလုံများ၊ ခြင်းလုံးခတ်ကာ အပန်းဖြေနေကြသော ဆလုံကလေးငယ်များ၊ ဘာပဲပြောပြော ဆလုံတိုင်းရင်းသားတို့ လူနေမှုဘ၀ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။


(၆) ထိမ်းမြားလက်ထပ်ခြင်း
ဆလုံတိုင်းရင်းသားတို့သည် ကလေးမီးဖွားလျှင် မွေးဖွားလာလျှင် မွေးဖွားစကလေးအတွက် နတ်ဆရာနှင့် နတ်ကိုးကွယ်ကြသည်။ သေဆုံးသွားလျှင်လည်း သေဆုံးသူ ကောင်းရာမွန်ရာရောက်အောင် နတ်ဆရာနှင့် ပူဇော်ပသလေ့ရှိသည်။ ထိုနည်းတူစွာ သတိုးသားနှင့် သတိုးသမီးထိမ်းမြားလက်ထပ်ပွဲတွင်လည်း နတ်ဆရာနှင့် ရိုးရာနတ်ကို ပူဇော်ပသမှုပြုမှသာလျှင် လင်မယားအရာမြောက်သည်ဟု ဆလုံတို့က ယူဆပါသည်။ ဆလုံတိုင်းရင်းသားတို့သည် ငယ်ရွယ်စဉ်ကပင် အိမ်ထောင်ပြုသူများဖြစ်သည့်အားလျော်စွာ အသက်(၁၇)၊ (၁၈)နှစ်ခန့်တွင် အိမ်ထောင်ပြုလေ့ရှိပါသည်။ အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်ကို သဘောကျ နှစ်သက်သောအခါ အမျိုးသမီးမိဘများထံသွား၍ တောင်းရမ်းရပါသည်။ ထိုသို့ တောင်းရမ်းစဉ် အမျိုးသားနှင့်အတူ မိဘ(၂)ပါး ပါရသည်။ ဆလုံတို့၏ အကြီးအကဲ ပါရသည်။ အမျိုးသမီးဘက်က လက်ခံသောအခါ မင်္ဂလာပွဲရက်ကို နေ့သတ်မှတ်၍ နတ်ဆရာနှင့်တိုင်ပင်ကာ စားသောက်ဖွယ်ရာများကို စီမံပြင်ဆင်ကြပါသည်။
သူတို့၏ အစားအသောက်များကား အထူးအဆန်းမဟုတ်ပါ။ ငါးကင်များ၊ ဆီနည်းနည်းဖြင့်ကြော်ထားသော လင်းနို့ကြော်၊လင်းဆွဲကြော်၊ အူ အသည်းများထုတ်ထားသော ကြက်ကောင်လုံးပြုတ်၊ ကြက်ကောင်လုံးကင်၊ တစ်ခါတစ်ရံရတတ်သော သင်းခွေချပ်ကြော်၊ မျောက်သားကြော်နှင့် ပျားရည်၊ အရက်တို့ပင် ဖြစ်ပါသည်။ မျောက်ချေးခါးကိုလည်း ဆလုံတို့ စားလေ့စားထရှိပါသည်။ မင်္ဂလာ အခမ်းအနားကျင်းပသည့်နေ့ရက်တွင် တစ်စုတစ်ဝေးတည်းနေကြသည့် ဆလုံတို့မှာ မည်သည့်ကိုယ်ရေးကိုယ်တာ အလုပ်ကိုမျှမလုပ်ဘဲ မင်္ဂလာပွဲအတွက်သာ အားလုံးဝိုင်းဝန်းလုပ်ဆောင်ချက်ပြုတ်ကြပါသည်။ နံနက်(၉)နာရီခန့်တွင် ဆလုံနတ်ဆရာ ရောက်လာပါသည်။ သူ့လက်ထဲတွင် ပလွေကဲ့သို့သော တူရိယာလေးတစ်ခု ပါလာပါသည်။ ဆလုံမင်္ဂလာပွဲကို များသောအားဖြင့် ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ကျင်းပလေ့ရှိပါသည်။ ဆလုံနတ်ဆရာတစ်ယောက် မင်္ဂလာပွဲသို့ ရောက်ရှိလာချိန်တွင် နတ်ပူဇော်ပွဲအတွက် အစားအသောက်များပြင်ဆင်ပြီး အဆင်သင့်ဖြစ်နေပါပြီ။ နတ်ဆရာသည် ရှေးဦးစွာ သူတို့၏ ဆလုံရိုးရာနတ်ကို လက်နှစ်ဖက် ခေါင်းပေါ်မြှောက်ကာ အပေါ်အောက်လှုပ်ရှားလျက် ပလွေမှုတ်ကာ ပင့်ဖိတ်ပါသည်။ ပြီးနောက် လက်ထပ်မည့် အမျိုးသား၊ အမျိုးသမီး လက်လေးဖက်ကို ပူးယှက်စေကာ သူတို့လက်ပေါ်သို့ နတ်ဆရာ၏လက်ဝါးနှစ်ဖက်ကို အုပ်မိုးလိုက်ပါသည်။ ထို့နောက် သူတို့ ရိုးရာဖြင့် ဤမင်္ဂလာမောင်မယ်ကို ရာသက်ပန်စောင့်ရှောက်စေလိုကြောင်း သူတို့၏ ကျန်းမာရေးအတွက် သူတို့အလုပ်အကိုင်အတွက် အကူအညီများ ပေးစေလိုကြောင်း တိုင်တည်ပြောဆိုပါသည်။ သတိုးသားနှင့် သတိုးသမီးကိုလည်း ရာသက်ပန်ရိုးရာ ရိုးမြေကျ ပေါင်းဖေါ်မည့်အကြောင်း ရိုးရာနတ်ထံ လက်လေးဖက်မြှောက်ကာ တိုင်တည်စေပါသည်။
ဆလုံတိုင်းရင်းသားတို့သည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသောသူများ ဖြစ်ပါသည်။ သူတို့လောကတွင် အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝလက်မခံချေ။ အိမ်ထောင်ရေး ဖောက်ပြန်သူများကို သူတို့အစုအဝေးမှ ရာသက်ပန်နှင်ထုတ်ကာ သူတို့နှင့် လုံးဝအဆက်အသွယ်မလုပ်တော့ပါ။ သူတို့သည် အစုအဝေးနှင့် နေတတ်သည့်အားလျော်စွာ ထိုကဲ့သို့ အပြစ်ဒဏ်မျိုးကို အလွန်ပင် ကြောက်ရွံ့ကြပါသည်။ သူတို့သည် အိမ်ထောင်ကျသောအခါ သူတို့အတွက် (မင်္ဂလာမောင်မယ်အတွက်) ရိုးရာလှေတစ်စီး၊ ငါးဖမ်းပိုက်တစ်စုံနှင့် ငါးဖမ်းကိရိယာအချို့ကို လက်ဖွဲ့လိုက်ပါသည်။ ဇနီးမောင်နှံနှစ်ယောက် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြတော့ဟု ဆိုလိုသည့်သဘောပင်။ သို့သော် ဇနီးမောင်နှံနှစ်ယောက်မှာ အဝေးသို့သွားစရာမလို၊ သည်အစုအဝေးမှာပင် နေထိုင်စေပါသည်။
ဆလုံရိုးရာနတ်ပွဲများတွင် နတ်ဆရာသည် နတ်ကိုတိုင်တည်ပူဇော်ပြီးနောက် နတ်ပူးလာပြီး နတ်ဝင်လာသည်ဟု ဆိုကာ တုန်တက်လာပါသည်။ ပြီးနောက် အရက်သောက်ပါသည်။ ငါးကင်၊ ကြက်ကောင်လုံးကင်၊ အစားအသောက်များ စားပါသည်။ ပြီးနောက် နတ်ဆရာ တုန်တုန်ယင်ယင်ဖြင့် ကပါသည်။ ပရိသတ်ကလည်း လိုက်ကပါသည်။ နတ်ဆရာ နတ်ဝင်သည်မှာ နာရီဝက်ခန့်သာ ကြာပါသည်။ နတ်ဆရာထံမှ နတ်ထွက်သွားသောအခါ တုန်တုန်ယင်ယင် အမူအရာများ ပျောက်ကွယ်သွားပါသည်။ ဆလုံတို့၏ မင်္ဂလာပွဲ ကပွဲကား တစ်နာရီင်္ခန့် ကြာမြင့်ပါသည်။


(၇) တစ္ဆေကြီးပွဲ
တစ္ဆေကြီးပွဲဆိုသည်မှာ အခြားမဟုတ်ပါ။ သေဆုံးသူများကို ကျွေးမွေးသည့်ပွဲပင် ဖြစ်ပါသည်။ ဆလုံ တိုင်းရင်းသားတို့၏ အယူအဆမှာ သေဆုံးသွားသူတို့သည် ကောင်းရာမွန်ရာရောက်သူရှိသကဲ့သို့ တစ်ချို့မှာ တစ္ဆေ၊ သရဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ထိုတစ္ဆေ၊ သရဲများ၊ စားရမဲ့၊ သောက်ရမဲ့ဖြစ်နေသည်ကို မလိုလားသဖြင့် တစ်နှစ်တစ်ခါ သူတို့ရှိရာ သင်္ချိုင်းသို့သွား၍ သူတို့ကိုပင့်ဖိတ်ကာ ကျွေးမွေးခြင်းပင်ဖြစ်သည်။ ဆလုံတို့သည် သေဆုံးသူများကို ကျွန်းတစ်ကျွန်းတွင် မြှပ်နှံ သင်္ဂြိုဟ်လေ့ရှိပါသည်။ ထိုသင်္ချိုင်းတွင် တစ်နှစ်တစ်ခါ( နှစ်စဉ် ဇန်န၀်ရီလ ) ကျင်းပသော တစ္ဆေပွဲကြီးတွင် ထုံးစံအတိုင်း မပါမဖြစ်သည်မှာ ရိုးရာနတ်ဆရာနှင့် နတ်ပွဲပင်ဖြစ်ပါသည်။ နတ်ဆရာက ရိုးရာနတ်ကို ပင့်ဖိတ်ပြီးလျှင် အစားအသောက်များနှင့် ပူဇော်ပသလေသည်။ သေဆုံးသူများကိုလည်း ပင့်ဖိတ်ကျွေးမွေးလေသည်။ ပြီးနောက် နတ်ဆရာက တုန်တုန် ယင်ယင်နှင့် ကွေးနေအောင် ကပါတော့သည်။ ပရိသတ်များကလည်း ဗုံတီးပြီး ကကြပါသည်။ သူတို့အကမှာ အာဖရိက လူရိုင်းအကများနှင့် အတော်ပင် ဆင်တူပါသည်။ အရက်သောက်ထားပြီး သွေးကြွနေတာလည်း ပါပါလိမ့်မည်။ ကျွန်း ကမ်းခြေ၊ ပင်လယ်သောင်စပ်မှပင် ကနေကြသူအများသား။ မည်သို့ပင်ဆိုစေ ဆလုံတိုင်းရင်းသားတို့၏ ဤဓလေ့မှာလည်း ချစ်စရာပင် မဟုတ်ပါလော။


(၈) ဆလုံရိုးရာလှေကို လွန်းတင်ခြင်း
ဆလုံတိုင်းရင်းသားတို့သည် သူတို့၏ သစ်ထွင်းလှေနှင့် စက်တပ်လှေများကို တစ်နှစ်တစ်ခါ မှန်မှန် လွန်းတင်လေ့ရှိပါသည်။ ပင်လယ်သဲသောင်ပြင်ဝယ် လွန်းတင်ရန်ပြင်ဆင်ထားသည့် ရိုးရာလှေမှ ပေါက်ပြဲနေသည့်နေရာများကို မီးတုတ်ဖြင့် ရှို့လိုက်သောအခါ မကောင်းသည့် ပုန်းညက်များ ကွာကျလာပါသည်။ မီးတုတ်မှာ အုန်းလက်ဖြင့် မီးရှို့ထားခြင်းဖြစ်ပါသည်။ ပေါက်ပြဲယိုစိမ့်ကျနေသည့် ပုန်းညက် အဟောင်းနေရာတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးပါသည်။ သူတို့သည် လှေကို လွန်းတင်ရာတွင် စုပေါင်း လုပ်ဆောင်ကြသဖြင့် မည်မျှပင် ကြီးသည့်လှေဖြစ်စေကာမူ အများဆုံးလုပ်ရပါလျှင် ငါးရက်ခန့်သာ ကြာမြင့်ပါသည်။ ရင်ကမ်းလှေကို လွန်းတင်ရာတွင် အခြားလှေနှင့်စာလျှင် သက်သာပါသည်။ လိုအပ်သော နေရတွင် ပုန်းညက်အသစ်ဖြင့် ဖာထေးခြင်းပင် ဖြစ်ပါသည်။


(၉) ကျွန်တော့်ကိုယ်တွေ့ ရွှေအောင်ပွဲ
ကျွန်တော့်ကိုယ်တွေ့ ကြုံခဲ့ရသည့် ဆလုံတို့၏ ရွှေရှာဖွေခြင်းပြီးဆုံးခြင်း အောင်ပွဲ အတွေ့အကြုံလေးကို ပြောပြချင်ပါသေးသည်။
နေရာကား ရွှေကျွန်းလေးသဲသောင်ပြင်၊ သဲသောင်ကုန်း ကမူနေရာတွင် ဆလုံနတ်ကွန်းတစ်ခု နတ်ကွန်းအထဲတွင် ထမင်းကြော်၊ ငါးကြော်၊ ကြက်ကင်၊ အရက်များ။ နတ်ကွန်းနံလေးတွင် ရောင်စုံခြယ်သထားသော သစ်သားပြားများ (အကျယ်တစ်ပေ၊ အရှည်ခြောက်ပေ၊ ထု နှစ်လက်မခန့်) စိုက်ထူ ထားသည်။ မြေကြီးထဲတွင် တစ်ပေခန့်သာ တူးထည့်ထားခြင်း ဖြစ်သည်။
“ဒုံ...ဒုံ...ဒုံ တလုံတုန်...ဒုံ.....ဒုံ ”
“ဒုံ.......တလုံတုန်......ဒုံ.....ဟေး.......ဟေး........ဟေး ”
ဆလုံတို့၏အောင်ပွဲ၊ ဆလုံတို့ ရွှေရှာသည်မှာ တစ်လပြည့်ခဲ့ပြီ။ သူတို့ ရွှေရှာသည်မှာလည်း ရိုးရိုးလေးပင်။ ပေါက်တူး၊ ပေါက်ပြားတို့ဖြင့် အကျယ် ၃ပေ၊ အနက် ၄ပေခန့် ကျင်းများတူးကာ၊ အချို့ကလည်း အကျယ် ၄ပေ၊ အနက် ၅ပေခန့် ကျင်းများတူးကြသည်။ ကျင်းထဲမှရသော မြေစားများကို “ယင်”ဟုခေါ်သော သစ်သားဒယ်များထဲသို့ ထည့်၊ ရေထည့်ပြီးနောက် လက်နှစ်ဖက်ဖြင့် “ယင်း”ကို ဆန်ကောဝိုင်း လှည့်လည်ခြင်းပင်။ ထိုသို့ လှည့်ရာတွင် ဖြည်းဖြည်းမှန်မှန် လှည့်ရပါသည်။ ရေကို မကြာခဏ ထည့်ပေးရပါသည်။
ဟော.. အခုဆလုံတို့၏ ရွှေအောင်ပွဲလာပြီ။ ဆလုံခေါင်းဆောင် ဦးဘထွန်း၏ ဦးဆောင်မှုဖြင့် ဆလုံတို့ တစ်လတိတိရွှေရှာပေးခဲ့ပြီ။ သူတို့ရှာသည့်ရွှေကို သက်ဆိုင်ရာက ညနေ(၅)နာရီဆိုလျှင် ချက်ချင်း ငွေအပြည့် ချေ၍ ပေါက်ဈေးအတိုင်းယူသည်။ မည်သို့ဆိုစေ ဆလုံတို့ တာဝန်ကျေပါသည်။ သူတို့ အောင်ပွဲတစ်ခု ရခဲ့ပြီ မဟုတ်ပါလော။ ထို့ကြောင့် အောင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပနေသည်။ အောင်ပွဲနှင့်အတူ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဗုံသံ ၊ ဘင်သံ၊ ဗုံတစ်လုံးနှင့် ဘင်တစ်ခု( ဘင်ခရာအဖွဲ့တွင် သုံးသည့်ဘင်) များက မိုးဟိန်းသလို ဟိန်းထွက်နေသည်။ ဆလုံအမျိုးသားနှင့် အမျိုးသမီးတို့ စည်းချက်ညီညီ ခြေလက်အရွှေ့အပြောင်း အချိုးတို့ဖြင့် ကခုန်နေကြသည်။ ပါစပ်မှလည်း ဟေး.....ဟေး......ဟု အားမာန်ပါပါ အော်ဟစ်နေကြသည် ။ အင်မတန် ပျော်စရာကောင်းလှသည်။ ဦးဘထွန်းနှင့် နတ်ဆရာတို့ ထမင်း၊ ဟင်း၊ ငါးကင်၊ ကြက်ကြော်၊ အရက်တို့ဖြင့် သူတို့ရိုးရာနတ်ကို ပသပူဇော်နေကြသည်။ သူတို့ရှေ့တွင် နတ်ကွန်း၊ သဲကုန်းမြင့်ပေါ်က နတ်ကွန်း၊ သူတို့ပူဇော်ပသပုံမှာ လက်နှစ်ဘက်ကိုကားထား၍ ခေါင်းပေါ်မြှောက်လိုက်၊ နည်းနည်းအောက်ချလိုက် လုပ်ခြင်းပင်၊ ပါးစပ်မှလည်း ဆလုံလို တတွတ်တွတ်ဖြင့် ရေရွတ်မြည်တမ်း ဆုတောင်းနေကြသည်။ ရွှေရှာသည့် သူတို့အောင်ပွဲပေးသော ရိုးရာနတ်အား ကျေးဇူးတင်ပါကြောင်း နတ်ဆရာက ထပ်တလဲလဲ ပြောနေခြင်းပင်ဖြစ်သည်။
အောင်ပွဲ....၊ မဟာအောင်ပွဲ၊ အောင်ပွဲသံက မိုးယံသို့အောင်မြင်စွာ ထိုးတက်သွားလေပြီ။ ဆလုံးအမျိုးသား အမျိုးသမီးတို့၏ အချက်ကျကျကကြိုး၊ ကကွက်နှင့် ဗုံသံ၊ ဘင်သံများ... စည်ညံလို့.....ပျော်စရာ...ပျော်စရာ .. ပျော်စရာအတိ....ပျော်စရာအပြည့်.....။ ။

လင်းဦး ( စိတ်ပညာ )