Thursday, March 27, 2008
ကော့မှူးသို့ ခရီးတစ်ခေါက်
စစချင်းတော့ ဒလကို ဇက်စီးရတယ်ရှင့်။ ရန်ကုန်ခဏ ရောက်နေတဲ့ စိန်မမ ကတော့ သင်္ဘောတွေ သိပ်မစီးဖူးလို့ ဇက်စီးရမှာကို ပျော်နေလေရဲ့။ လက်မှတ်တစ်စောင်ကို ဘယ်လောက်လဲ သိကြလား....? 10 ပါရှင်။ ကျပ်ငွေ တစ်ဆယ်ပါ။ ကျွန်မတို့ အုပ်စုက စုစုပေါင်း 7 ယောက်ဆိုတော့ 70 ဖိုးဇက်စီးကြတာပေါ့။ ဇက်ပေါ်မှာ ထိုင်ခုံလေးနဲ့ ထိုင်စီးချင်ရင်တော့ ထိုင်ခုံတစ်ခုံအတွက် ငွေ 150 ကျပ်ပေးပြီး ထိုင်စီးလို့ ရနိုင်ပါတယ်။ ဒလ နဲ့ ရန်ကုန်ကို 7 မိနစ်လောက်ပဲ မောင်းရပါတယ်။ ရေထဲမှာ ဇင်ယော်လေးတွေကိုလည်း အစားကျွေးလို့ ရပါသေးတယ်။ လေလေးက တစ်ဖြူးဖြူး.. ဇင်ယော်လေးတွေကိုလည်း အစာကျွေးနဲ့ သွားရတာ တစ်ကယ့်ကို Relax ဖြစ်ပါတယ်။
ဒါကတော့ ဇက်ပေါ်မှာ ရိုက်လာတဲ့ ပုံတွေပါ........
ဒါကတော့ ရန်ကုန်ဘက်ကို လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့... လှပါတယ် ကျွန်မတို့ ရန်ကုန်မြို့ကြီး.. စင်ကာပူနဲ့ နင်လား ငါလား....:P
ဒလ ဘက်ကိုရောက်တော့ ကော့မှူး၊ တွံတေး စတဲ့မြို့တွေကို သွားဖို့ ဒိုင်နာတွေ ရှိပါတယ်။ ခုထွက်မယ် လာထားနော်၊ ခဏနေထွက်မှာနော်.. ချက်ချင်းထွက်မှာနော် စသဖြင့် စပယာတွေက ခရီးသည်တွေကို လိုက်ခေါ်ပါတယ်။ ကျွန်မတို့လည်း ကော့မှူးသွားမယ့် ကားတစ်စီးပေါ်ကို တက်ထိုင်ပြီး ဆင်ခြံကျေးရွာမှာ သေချာချပေးဖို့ စပယာကို မှာရပါတယ်။ ကားပေါ်တက်ထိုင်လို့ တော်တော်ကြာတဲ့ အထိ ကားကလည်း မထွက်ပါဘူး။ နောက်ခရီးသည်တွေကို စောင့်နေတယ်နဲ့ တူပါတယ်ရှင်။ ဒါပေမယ့် ကံဆိုးစွာပဲ ကားပေါ်မှာ ကျွန်မတို့ အုပ်စုရယ် နောက်ကောင်မလေး တစ်ယောက်ရယ်ကလွဲရင် ကော့မှူးသွားမယ့်သူက ထပ်မလာတော့ ကားလည်း မထွက်ဘူးပေါ့။ ကျွန်မတို့လည်း 11 နာရီလောက်ကတည်းက တက်ထိုင်တာ 12 သာထိုးတော့မယ် ကားမထွက်တာနဲ့ နည်းနည်းတော့ စိတ်တိုစ ပြူလာကြတာပေါ့။ ဇော်မျိုးနဲ့ ဖိုးသူတော်တောက် စပယာယောင်ဆောင်ပြီး ကော့မှူးသွားမယ်နော် ကားက ခုထွက်မယ်၊ တော်ကြာထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မယ်လို့ အပြောင်အပျက် အော်နေကြပါသေးတယ်။ နောက်တော့မှ ဟိုဘက်နားမှာ ထွက်မယ့် ဒိုင်နာ တစ်စီးတွေ့တာနဲ့ ကျွန်မတို့လည်း အပြေးအလွှားသွားပြီး နေရာယူကြပါသေးတယ်။ လူတွေလည်း ပြည့်ကျပ်သပ်နေတာပါပဲ။ တစ်ချို့ကွမ်းရောင်းတဲ့ မိန်းမကြီးတွေဆို နောက်ကနေတောင် တွယ်စီးကြပါသေးတယ်။ ကားခ ကတော့ တစ်ယောက်ကို 300 ပေးရပါတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ကျပ်ပိတ်သိပ်နေတဲ့ ကားပေါ်မှာ မသက်မသာ စီးရင်း ခရီးထွက်လာခဲ့ကြပါတော့တယ်.............
ဒါက ကားပေါ်မှာ....
လမ်းခရီးက ထင်ထားသလို မချောမွေ့ပါဘူး။ ကတ္တရာလမ်းမှာ အပေါက်တစ်ရာ ဖာရာတစ်သောင်းနဲ့ပါ။ စီးရတာကလည်း ဒိုင်နာဆိုတော့ ကားက ခုန်လိုက်တာ လွန်ပါရောရှင်။ အထဲက အူတွေ၊ ကလီင်္စာတွေ အကုန်ကြေကုန်ပြီတောင် ထင်ရတယ်။ လမ်းတစ်လျှောက် ဖုန်တွေလည်း တစ်လုံးလုံးနဲ့ စီးရတော် ကသီလင်တ တော်တော်နိုင်ပါတယ်။ တေဇာ ကတော့ ညက အိပ်ရေးမ၀လို့တဲ့ အဲလောက် ခုန်ပျံနေတဲ့ ကားပေါ်မှာ အိပ်ငိုက်နေသေးတယ်။ ကားမောင်းချိန် 1 နာရီ 45 မိနစ်လောက်တော့ ကြာမယ်ထင်ပါရဲ့။ တွံတေး နဲ့ ကောမှူး လမ်းဆုံကို ရောက်လာပါတယ်။ ကော့မှူးဘက်လမ်းကို ကားကွေ့ချိန်မှာတော့ ကားပေါ်မှာါလာတဲ့ အန်တီကြီး တစ်ယောက်က ဆင်ခြံရွာကို ရောက်တော့မယ်လို့ ပြောပါတယ်။ ကျွန်မတို့လည်း တော်တော်ဝမ်းသာသွားကြပါတယ်။ ဒီက ပေါ်က ဆင်းရဖို့ထက် အရေးကြိးတာ အဲဒီအချိန်မှာ မရှိဘူးလေ။ ကျွန်တို့ အုပ်စုကလည်း အင်္ကျီဆင်တူတွေ၊ လူငယ်လေးတွေ၊ ဒီဘက်ကို မရောက်ဖူးမှန်း သိသာနေတဲ့ သူတွေဆိုတော့ ကားပေါ်က လူတိုင်းကတော့ ဟိုပြော ဒီပြောတော့ ပြောကြပါသေးတယ်။ လမ်းက ဆိုးတယ် နောက်တစ်ခါဆို တက္ကစီစီးကြ ဘာညာပေါ့ရှင်။ ဘုန်းကြီးကျောင်းရှေ့မှာလည်း ကားရပ်ပေးရော ၀မ်းသာ အားရ ခုန်ပေါက် ဆင်ကြတော့တာပါပဲ။ တစ်ကိုယ်လုံလည်း နာလိုက်တာ.. ဗိုက်ကလည်း ဆာလိုက်တာ..ဘုန်းဘုန်းဆီက ဘာတောင်းစားရရင် ကောင်းမလဲ ဆိုတဲ့ အတွေးနဲ့ပေါ့.. အဟ
စာသင်ဆောင်တွေက ခိုင်ခိင်ခံ့ခံ့ ရှိပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်က ကျောင်းပိတ်ချိန်ဆိုတော့ ကလေးတွေ သိပ်မရှိကြတော့ပါဘူး။ မူလတန်းကနေ အထက်တန်းထိ သင်ပေးပါတယ်။ ဘုန်းဘုန်းက ဆရာတွေကို ငှားပြီး သင်ပါတယ်။ လောကုတ္တရာ ပညာရေး အနေနဲ့ကတော့ သံဃာတော်လေးတွေကို သံဃာတက္ကသိုလ်ထိ ပညာသင်ကြားစေပါတယ်။ ဒီထက်မကလည်း တိုးတက်အောင်၊ ပညာသင်နိုင်အောင် နောက်ပိုင်းမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ စတာတွေကိုလည်း သင်ပေးနိုင်အောင် ကြိုးစားနေပါတယ်တဲ့။ ကွန်ပျူတာ သင်တန်းတွေ ဖွင့်ချင်ရင် ကျွန်မတို့ကို ဆက်သွယ်ဖို့၊ ကျွန်မတို့လည်း လာရောက်လုပ်အားပေးနိုင်တဲ့ အကြောင်း ဘုန်းဘုန်းကို လျှောက်ပြီး လိပ်စာတွေ ပေးခဲ့ပါသေးတယ်။
စာသင်ဆောင်တွေက ဒီလိုမျိုးတွေ.....
ကျောင်းမှာ စာကြည့်တိုက်လည်း ရှိပါတယ်။ စာအုပ်တွေလည်း တော်တော်များပါတယ်။ နာမည်တွေတေ့ သေချာ မမှတ်မိတော့ပေမယ့် စာအုပ်ကောင်းတွေ ချည်းပါပဲ။ ဘာသာရေး၊ အနုပညာ၊ အင်္ဂလိပ်စာ စတဲ့စာအုပ်တွေ တော်တော်ကို များပါတယ်။ ၀တ္ထုစာအုပ်ကောင်းတွေလည်း အများကြီးပါပဲ။ ကျွန်မတို့ သွားတဲ့ အချိန်မှာ ပညာရည်ချွန် ဆုပေးပွဲ အတွက် ပြင်ဆင်နေကြပါတယ်။ ဇတ်ပွဲတွေ ဘာတွေနဲ့ပေါ့။ ကျွန်မတို့ကိုတောင် လာခဲ့ဖို့ ဖိတ်ပါသေးတယ်။ အဲလိုပွဲမျိုးက အရမ်းစည်ကားပါတယ်တဲ့။ အနီးအနားရွာတွေက ညအိပ် ညနေတောင် လာကြည့်ကြပါတယ်တဲ့။
ဒါကတော့ စာကြည့်တိုက်ရှေ့မှာပါ
ရှိတဲ့ ကလေးတွေကို ခေါ်ပြီး ဓါတ်ပုံ ရိုက်လာခဲ့သေးတယ်....
အားလုံး ပြီးသွားတော့ ဗိုက်က တော်တော်ဆာနေပါပြီ။ ဘုန်းဘုန်းက မုန့်ဆီကြော်တော့ ကျွေးပါရဲ့။ သိပ်မကြိုက်လို့ မစားကြဘူးလေ။ နောက်တော့ ဘုန်းကြီးကျောင်း ရှေ့က အသုတ်ဆိုင်မှာ အငတ်တွေလို ရှိသမျှ အကုန် စားကြပါတော့တယ်။ အအေးတွေလည်း သောက်၊ အသုတ်တွေလည်းစားပေါ့။ ဗိုက်က တော်တော် ဆာနေလို့လား မသိဘူး။ စားလို့ မြိန်လိုက်တာရှင်....
အပြန်လမ်းမှာတော့ ကားစီးလို့ ပင်ပန်းတဲ့ ဒဏ်ကို ပြန်ခဲရတာပေါ့။ ဒါပေမယ့် အလာတုန်းကလောက်တော့ မဆိုးဘူး ထင်တာပါပဲ။ ဒလ ရောက်တော့ ခဏတောင် မနားပဲ ချက်ချင်း ဇက်စီးကြပါတယ်။ ဇင်ယော်လေးတွေကို တွေ့တော့ ပင်ပန်းတာတောင် ဘယ်ရောက်သွားလဲ မသိဘူး။ ပျော်လိုက်တာ အရမ်းပဲ။
ဒါကတော့ စိန်မမ နဲ့ တူတူရိုက်လာတာ......
ဒီခရီးကို သွားရတာ ပင်ပန်းပေမယ့် ပျော်ပါတယ်။ ကုသိုလ်လည်းရ ပျော်လည်း ပျော်ရတဲ့ ဒီလို ခရီးမျိုး နောက်ထပ် သွားချင်ပါသေးတယ်။ ကိုကြီး စေးထူးအတွက်လည်း သာဓု သုံးကြိမ်ခေါ်ပါတယ်။ သွားရောက်ခဲ့ကြတဲ့ သူတွေကတော့ ကိုဂေါက် ဘာညာ ဇော်မျိုး (ဗမာပြည်သား) ဖိုးသူတော် စိန်မမ တေဇာ နဲ့ ကျွန်မ ပင့်ဂိုလ်းတို့ပဲ ဖြစ်ပါတယ်ရှင်။
Monday, March 17, 2008
လားရှိုးမြို့သို့အလည်တစ်ခေါက် (၃)
မေးမြန်းပြီးတော့ ရှာလိုက်တာ ကောင်းတယ်ဆိုတဲ့ ဆိုင် (လားရှိုးဆက်သွယ်ရေး ရုံးနားက) “Green Point” ဆိုတဲ့ ဆိုင်လေးကိုသွားတွေ့တယ်။ ဆိုင်က ခြံဝင်းလေးထဲမှာ အိမ်နဲ့ တွဲဖွင့်ထားပုံရတယ် အိမ်ရှေ့ဧည့်ခန်းနေရာကို ဆိုင်ခန်းဖွဲ့ထားပုံရတယ်။ ဟောလ်ခန်းကြီးပဲ ကျယ်တော့ ကျယ်တယ်။ Green point ဆိုတဲ့ အတိုင်း ဆိုင်ထဲက အပြင်အဆင်တွေက လန်းတယ်။ နံရံတွေပေါ်မှာ ပန်းချီတွေဆွဲထားတယ်။ နံရံတွေမှာ အစိမ်းရောင် သစ်တောအုပ်ပုံလေးတွေနဲ့ (ပြီးတော့ မျက်နှာကျက်ပေါ်ကလဲ အရွက်စိမ်းတုလေးတွေ တွဲလောင်းချထားသေးတယ်)တဘက်နံရံမှာ ပင်လယ်ပုံဆွဲထားတော့ ပင်လယ်ထဲက ကျွန်းလေး တကျွန်းကို ရောက်သွားသလိုပဲ။ အိုင်ဒီယာ ကောင်းတယ်။ လားရှိုးမှာ ကွန်နက်ရှင်ကောင်းတယ်ဗျာ။ ဟဲဟဲ ကျွန်တော် လားရှိုးရောက်နေတုန်း ရန်ကုန်မှာ ကွန်နက်ရှင်တွေ တအားကျနေတော့ သူငယ်ချင်းတွေကိုတောင် ကျွန်တော် လားရှိုးကနေ လှမ်းနောက်နေသေးတယ် နက်ကောင်းကောင်းသုံးချင်ရင် လားရှိုးလာဆိုပြီးတော့လေ။ :) လားရှိုးရဲ့ အင်တာနက် သုံးရတာ စိတ်ချမ်းသာ စရာ နောက်တချက်က ဘလော့ကို မဘန်းထားဘူးဗျာ။ ရန်ကုန်မှာ မြင်နေကြ အမြင်ကပ်စရာ Access Denied ဆိုတဲ့ စာတန်းကြီး မမြင်ရဘူးလေ။ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ ကျွန်တော် လားရှိုးကနေ ပထမပိုင်း ပို့စ်တင်တာ ပုံမှန်အတိုင်း ၀င်ပြီး တင်တာ။ ပျော်လိုက်တာ။ ဒီမှာ ဘန်းတဲ့ ဆိုက်ဒ်တွေလဲ မဘန်းဘူး (ဟဲဟဲ ကျွန်တော် အခု ပြောလိုက်လို့ သွားဘန်းနေရင်တော့ မပြောတတ်ဘူး ခွိခွိ)
ကျွန်တော်သုံးတဲ့ အင်တာနက် ဆိုင်လေး
ကွန်နက်ရှင်ကောင်းကောင်းနဲ့ (ချက်လို့လဲ ကောင်းကောင်းနဲ့) သုံးနေတာ ညနေစောင်းမှ အိမ်ပြန်ဖြစ်တော့တယ်။ ညနေကျတော့ ကျွန်တော် ကျွန်တော့်အဒေါ်တို့ မိသားစု က လားရှိုးက ဘုရားတွေကို ညဘက်လိုက်ပို့ပေးတယ်။
လားရှိုးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်
ပြီးတော့ တိလောကမဟာဝိဇယ စေတီတော် (ကင်မရာ ဓာတ်ခဲကုန်သွား၍ မရိုက်ခဲ့ရ)
ရန်ကုန်က စွယ်တော်စေတီ ပုံစံတူ စေတီ..
ဟဲဟဲ ကုသိုလ်ရေးတွေ ပြီးတော့ လားရှိုးမြို့က china town လို့ခေါ်လို့ ရတဲ့ နေရာမှာ အကင်စားရင်း ဘီယာသွားသောက်ကြသေးတယ်။ အများ သွားရေကြအောင် အကင်တွေ ပြလိုက်အုံးမယ် ဟိဟိ။
အကင်တွေကတော့ အစုံပဲ ရန်ကုန်တရုတ်တန်းထက် လတ်ဆတ်တယ်။
ကြာညိုကင်တဲ့ (တထုတ်ထုတ်နဲ့ စားလို့ကောင်းတယ်)
ဒါက ၀က်သုံးထပ်သားကင်
ငါးကင်.. လတ်လတ်ဆတ်ဆတ်နဲ့ စားလို့ကောင်းတယ်ဗျ။ ဘီယာနဲ့က အတော်ပဲလေ။ :P
အကင်အစုံ။ အစိမ်းရောင်က ရုံးပတီသီးကင်၊ အညိုရောင်က ပဲပြား(ပဲငပိပါတယ်ထင်တယ်) ကင်၊ အဖြူရောင်က ငုံးဥပေါ့
မပြန်ခင်တရက်ရောက်တော့ ကျွန်တော်လဲ ဖူးစရာ ကျန်နေသေးတဲ့ လားရှိုးမြို့ပြင်က ရန်တိုင်းအောင် ဆုတောင်းပြည့် ဘုရားကို သွားဖူးလိုက်ပါသေးတယ်။
ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီ
စေတီတော် အောက်ဘက် ပရ၀ုဏ်ထဲက ဗုဒ္ဓ၀င် ပန်းချီကားများ
အလှူရေစက် လက်နဲ့မကွာ
မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်စေသောဝ်..
ရန်တိုင်းအောင် စေတီတော်နှင့် ကပ်လျက် နဂါးရုံဘုရား
တောင်တန်းတွေကြားက လားရှိုးမြိ့လေး
လားရှိုးမြို့မှ အပြန်
လားရှိုးမှာ ကျွန်တော် လေးရက်နေခဲ့တယ်။ လားရှိုးကားဝင်းက မန်ဆူဈေးကြီးနားမှာ။လားရှိုးကနေ ပြန်တော့ အချိန်က တမျိုးဗျ။ ရန်ကုန်က ထွက်တုန်းက ကားက ညနေသုံးနာရီခွဲထွက်တယ်။ ဒီဘက် လားရှိုးကနေ ထွက်တော့ မနက် ၉နာရီ ထွက်တယ်။ (ပြင်ဦးလွင် တောင်တက်လမ်းတွေကြောင့် ထင်ပါရဲ့) တက်လမ်းကားကို စီးပြီးပြန်လာတာလေ။ ကံဆိုးချင်တော့ ကျွန်တော် အပြန်စီးလာတဲ့ တက်လမ်းကားက အစုတ်ကြီးဗျာ။ :) အဲယားကွန်း မရဘူး။ တီဗီကလဲ မကောင်းဘူးလားမသိဘူး မဖွင့်ဘူး။ တီဗီမရတာထားပါတော့ အဲယားကွန်းမရတော့ဗျာ။ နေကတဖြည်းဖြည်း မြင့်လာလေ ကျွန်တော်တို့မှာ အိုက်လှောင် လာလေမို့ ပြတင်းပေါက်တွေ ဖွင့်ပြီး စီးခဲ့ရတယ်လေ။ (ကောင်းလိုက်တဲ့ ကား)။ အသွားတုန်းက အတိုင်းပဲ အပြန်ကျတော့ ကျောက်မဲက “နှင်းတောင်တန်း” စားသောက်ဆိုင်မှာ ရပ်ပြန်တယ်။
ကျောက်မဲမြို့နားက နှင်းတောင်တန်း စားသောက်ဆိုင်
ကျောက်မဲကနေဆက်ထွက်ပြီး ဆက်မောင်းပြန်တယ်။ ပြီးတော့ ဘာရွာလဲ မသိဘူးအဲ့ဒိမှာ ခဏရပ်သေးတယ်။ ကားရပ်တဲ့နားမှာ အသီးဆိုင် တစ်ဆိုင်ရှိတွေ့လို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်။
ပုံထဲမှာ တွေ့တဲ့ လိမ္မော်သီးတထုပ်ကို ၁၅၀၀ ကျပ်တဲ့။ အောက်က ကပ်ထူဖာလိုက် ယူမယ်ဆိုရင် တစ်သောင်းကျော်ဆိုပဲ။ တန်လား မတန်လားတော့ မသိဘူး။ တချို့ခရီးသည်တွေတော့ ဆင်းဝယ်ကြလေရဲ့။
ဒါက အမှတ်တမဲ့ ကျွန်တော်ဆိုင်ထဲကို ကားပေါ်ကနေ လှမ်းရိုက်တုန်း ဆေးလိပ်သောက်နေတယ်ဆိုလား ဘာလား မသိဘူး လူတစ်ယောက် ပြောင်းကြီးနဲ့ အားရပါးရ တွယ်နေပုံပေါ့။
လိမ္မော်သီးတွေ ပြွတ်ခဲနေတဲ့ လိမ္မော်ခြံတွေပေါ့
ရှမ်းပြည်ဘက်မှာ ပေါက်ဖော်ပစ္စည်းတွေက နေရာတိုင်းပဲ။ လူ့အသုံးအဆောင်အပြင် ကားတွေက အစ တရုတ်ကားတွေများတယ်။ ဥပမာ လော်ရီကားတို့၊ ထော်လာဂျီတို့က တရုတ်ဖြစ်တွေချည်းပဲ။
ဒေါ်လှကြည်.. အဲလေ.. ထော်လာဂျီ.. :P
တောင်တွေကတော့ တစ်တောင်တက် တစ်တောင်ဆင်းပဲ လှတော့ လှတယ် အန္တရာယ်လဲ များတယ်။ ကွေ့ပတ်ပြီး ဆင်းလိုက်တက်လိုက်လုပ်နေတာ။ ကျွန်တော် နောက် တခုံကျော်က ကလေးတွေများ တောင်စတက်ကတည်းကကို အန်လိုက်တာ ပြင်ဦးလွင်ရောက်တဲ့ထိပဲ။ ဟုတ်တော့ဟုတ်တယ်။ လမ်းတွေက မြွေလိမ်မြွေကောက် ဆင်းလိုက်တက်လိုက် လုပ်နေတော့ ကားမမူးတက်တဲ့ ကျွန်တော်တောင် မူးချင်ချင်ဖြစ်လာတယ်။
တလမ်းလုံး အဲယားကွန်းမရတဲ့ ကားစုတ်စီးလာမိတော့ အိပ်လို့လဲ မရဘူး။ ဒီကြားထဲ နောက်ဘက်ခုံနားက တဝေါ့ဝေါ့နဲ့ အော့အော့တွေ လုပ်နေတော့ စိတ်မချမ်းသာဘူး။ ပြင်ဦးလွင်ရောက်တဲ့ထိ သည်းခံပြီး လိုက်ခဲ့ရတယ်။
ပြင်ဦးလွင်မြို့
တနေကုန်မောင်းလိုက်တဲ့ကား ကျောတောင်ပူတယ်။ ပြင်ဦးလွင် မန္တလေးကျော်တော့ ရှမ်းပြည် အငွေ့အသက်တွေ ကုန်ပြီး အညာ ပုံရိပ်လေးတွေ တွေ့လာရတယ်။ မြေပြန့် လယ်ကွင်းကြီးတွေ၊ ထန်းတောတွေ၊ လှည်းတွေနဲ့ ခရီးသွားနေတာတွေပေါ့။ ညနေစာကို မိထ္ထီလာမရောက်ခင်က ၀မ်းတွင်းမြို့မှာ စားခဲ့ရတယ်။ မန်းမန်းစားပြီးတော့ ည ၇နာရီလောက် ရှိနေပြီလေ။ အပျင်းပြေကြည့်ဖို့ တီဗီကလဲ ပျက်နေတော့ စားပြီးသောက်ပြီး လုပ်စရာ မရှိတော့ (ဟီးဟီး) ဆက်အိပ်ပြန်တယ်လေ။ ဒီလိုသာ ခဏခဏ ခရီးသွားရရင် မောင်မင်းယွန်းတို့လား သူများတကာလို ခရီးပန်းလို့ မပိန်ပဲ ဖက်တီးကြီးဖြစ်လာမယ့် ပုံပေါ်တယ်။ ခွိခွိ။ အဲမန္တလေးသွားတဲ့ ကားအတိုင်းပဲ လားရှိုးကားတွေက ညသန်းခေါင်ကြီး ရပ်သေးတယ်ဗျာ။ တကယ့်သန်းခေါင်ယံ ၁၂ နာရီခွဲလောက်ကြီး ရပ်တယ်။ သူတို့ဟာ သူတို့ ကားဆေးပြီး နားချင်တာများ ဘာတဲ့ ခရီးသည်များ ညလည်စာ စားဖို့ ခေတ္တဆင်းနိုင်ပါပြီတဲ့။ တကယ်အာရုံနောက်တယ်။ ဒီချိန်ဆို ကိုယ်တွေက အိပ်လို့ကောင်းတဲ့ချိန်လေ။ ဘယ်နှယ့် ညလည်စာ စားရမှာတုန်း။ စားလဲ မစားတတ်ပါဘူးည သန်းခေါင်ကြီး။ အဲဒါနဲ့ မဆင်းမနေရဆိုတော့လဲ ကျွန်တော့်မှာ ငေါင်တောင်တောင်နဲ့ ဘာမှ မမှာပဲ ဆိုင်ထဲမှာ သွားထိုင်နေလိုက်တယ်။ ၀ှားးးးးး။ ပြန်တက်လို့ ရပြီလဲ ဆိုကော ကျွန်တော် အရှေ့ဆုံးက ပြေးတက်ပြီး တချိုးတည်း အိပ်လိုက်တာ မနက် ပဲခူးမှာ မနက်စာစားတဲ့ အထိပါပဲဗျာ။ ရန်ကုန်ကို မနက် ၈ နာရီရောက်တယ်လေ။ နဲနဲပင်ပန်းပေမယ့် ဒီတခေါက် မရောက်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ရှမ်းပြည်ဘက်ကို သွားရတော့ ပျော်တော့ပျော်တယ်။ ဒီတခေါက် ကျောင်းလစ်ပြီး သွားရတော့ နောက်ကြောင်းမအေးလို့ မူဆယ်၊ ရွှေလီထိ မတက်ခဲ့ရဘူး။ ဧပြီပြီးရင်တော့ သွားမလား စိတ်ကူးထားပါတယ်။ ကဲ နောက်များမှာလဲ ခုလိုပဲ ကျွန်တော် သွားတဲ့ ခရီးသွားမှတ်တမ်းများကို တင်ပြပါအုံးမယ်လို့ ပြောကြားရင်း ခရီးသွား အတွေ့အကြုံများကို ဝေမျှလိုက်ရပါတယ်..။
လားရှိုးမြို့သို့ အလည်တစ်ခေါက် (၂)
ပြင်ဦးလွင် မြို့အ၀င်က ၀ါးတားတား တက္ကသိုလ်( အဲလေ ကားသွားတုန်း ရိုက်လို့ ၀ါးတာကို သားက ကျောတာနော် ဟီးဟီး)
ကျွန်တော် နေတဲ့ ရပ်ကွက်လေးက ကုန်းအောက်ဘက် တောင်ကြားလေးထဲက ချိုင့်ဝှမ်းပုံစံလေးမှာ ရပ်ကွက် တည်ထားတာလေ။ ရပ်ကွက်ထိပ်က တရားရုံးကို အစွဲပြုပြီး တရားရုံးကုန်းဆိုရင် သိတယ်။ အိမ်လေးတွေကြည့်လိုက်ရင် အများသော အားဖြင့် ပုံစံတူလေးတွေချည်းပဲ။ ဘယ်လို ပုံစံတူလဲဆိုရင်။ ဗြုံးအုတ်လေးတွေနဲ့ ခြံကာတားတာတွေ၊ တထပ်တိုက်လုံးချင်းလေးတွေ ဆောက်ထားတဲ့ ပုံစံတွေက အစ အကုန်ပုံစံတူတယ်။ ကျွန်တော်တည်းမယ့် ကျွန်တော့် အဒေါ်အိမ်နောက်ဘက်ဆို တောင်တန်းကြီးတခုတောင် ရှိသေးတယ် တော်တော် သာယာတယ်ဗျာ။ ရာသီဥတုကလဲ နေ့ခင်းပိုင်းသာ ရောက်နေတာ လူတွေက အနွေးထည် မချွတ်သေးဘူး အေးတုန်း( ရန်ကုန်နဲ့များကွာပ)။ အဲဒါနဲ့ အဲဒိတနေ့တော့ ကျွန်တော်လဲ ခရီးပန်းလာလို့ နားလိုက်တယ်။ အဲလေ နားတယ်ဆိုပေမယ့် ညနေဘက်တော့ ရာသီဥတုက ကိုယ့်ဘက်ပါတယ်ဆိုတော့ ဘီယာ သွားကစ်လိုက်သေးတယ်။ ဟိဟိ။ တရုတ် ပုလင်းပု ဘီယာတွေ အဲ့ဒိမှာ ဈေးလဲချိုတယ် လူသောက်လဲ များတယ်ဗျ။ မြန်မာပုလင်း အဲဒိမှာ ၂၅၀၀ လေဗျာ။ တရုတ်ပုလင်းပုက တလုံးမှ ၈၀၀ပဲ။ အရသာက အ၀င်ပေါ့ပေါ့လေး ပြီးတော့ ဂတ်စ်လဲ မများဘူး။ အဲလေ ဘီယာ အကြောင်းတွေ ရောက်ကုန်ပါပြီ။ ဟီးဟီး။
ကျွန်တော် ခေတ္တနေထိုင်ခဲ့တဲ့ ချိုင့်ဝှမ်းထဲက သာယာလှတဲ့ ရပ်ကွက်လေး
နောက်နေ့ မနက်ရောက်တော့ ကျွန်တော် ငယ်ငယ်က ရောက်ဖူးတုန်းက စားဖူးတဲ့ “၀မ်းတော်ပြည့်” ဆိုတဲ့ ရှမ်းဆိုင်လေးကို ကျွန်တော့် အဒေါ် မိသားစုနဲ့ သွားကြတယ်။ အဲ့ဒိဆိုင်လေးက ရှမ်းစာလဲ အစုံရတဲ့အပြင် သူ့ဆိုင်မှာ ကောင်းတာက လက်ဘက်ခြောက်ပဲ။ လက်ဘက်ခြောက်က မွှေးနေတာပဲ ဘယ်လိုမွှေးလဲဆိုရင် ကောက်ညှင်းနံ့လေးလိုလို မွှေးတယ်ဗျ။ တခါတုန်းကတော့ သူတို့ လက်ဆောင်ပေးဖူးတယ် ဘာရွက်လေးလဲ မသိဘူး အဲဒါ သူတို့ လက်ဘက်ခြောက်နှင့် အတူတူ ထည့်ခတ်တာတဲ့။ ကျွန်တော်တို့က လူကြုံရှိတိုင်း အဲ့ဒိဆိုင်က လက်ဘက်ခြောက်ကို မှာဝယ်နေကြလေ။
ကောက်ညှင်းနံ့လေးလိုလို မွှေးတဲ့ ရေနွေးကြမ်း..
ဆီချက်
ဆန်ပြားရေစိမ်
ဆန်ပြားသုပ်
လားရှိုးမှာ သုံးဘီ ဆိုင်ကယ်တွေ ရှိတယ်ဗျ သူတို့ အခေါ် ပလုပ်တုတ်လို့ခေါ်တယ် (ထိုင်းက ခေါ်တဲ့ တုတ်တုတ်ကို မြန်မာမှု ပြုလိုက်တာ ဖြစ်နိုင်တယ်)။ ပလုပ်တုတ်က နှစ်မျိုးရှိတယ်။ စင်းလုံးငှား ပလုပ်တုတ်နဲ့။ လိုင်းကားလို အများနဲ့ စီးရတဲ့ ပလုပ်တုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ သူလဲ စင်းလုံးငှားမယ်ဆို တက္ကစီ ဈေးလောက်ပဲ ဟိုနားဒီနား တစ်ထောင်လောက်ရှိတယ်။
လားရှိုးမြို့မဈေးကလဲ စည်ကားတယ်။ မြို့ထဲက ဘာပဲလိုလို မြို့မဈေးကို လာဝယ်ကြတာများတယ်။ ကုန်စည်တွေကတော့ တရုတ်ပစ္စည်းတွေ များတယ်။
မြို့မဈေးရှေ့
နောက်နေ့ အလှူလုပ်ရမယ်ဆိုတော့ လိုအပ်တာတွေ ၀ယ်ခြမ်းတာ လိုက်ကူပေးရင်း အဲ့ဒိနေ့ တနေကုန်သွားပြန်တယ်လေ။
လားရှိုးမြို့သို့ အလည်တစ်ခေါက် (၁)
ပြင်ဦးလွင်ကျော်တော့ ရှမ်းတောင်တန်းတွေကို စတင်ဖြတ်သန်းရပါတယ်။ မြွေလိမ်မြွှေကောက် တောင်ပတ်လမ်းတွေက နေ သွားရတော့ ကျွန်တော် လုံးဝ မအိပ်ချင်တော့ပဲ ရှုခင်းတွေကို တအံ့တသြငေး နေမိတော့တယ်။ ပါလာတဲ့ ကင်မရာနဲ့ ရိုက်လို့ မဆုံးနိုင်အောင်ပါပဲဗျာ။ ခပ်ဝေးဝေး ရောက်လေ အောက်ဘက်က တောင်ပတ်လမ်းတွေကို ကြည့်ရတာ ပိုပိုလှလာလေပါပဲ။ အဲ ဒါနဲ့ရိုက်လို့ ကောင်းတုန်း ရှိသေးတယ် ကားက ဗြုန်းဆို ဘရိတ်ဆောင့်အုတ်လိုက်သေးတယ်ဗျ။ ကျွန်တော်တို့ ခရီးသည်တွေလဲ လန့်ဖျတ်ကုန်တာပေါ့။ ဘာဖြစ်တာလဲဆိုတော့ တခုသော တောင်ပတ်လမ်း အကွေ့မှာ ကားသမားက အကွေ့ယူတာ များသွားလို့ (အံမယ်လေး သီသီလေးဗျာ) ။ ကံကောင်းလို့ပေါ့ မဟုတ်ရင် မောင်မင်းယွန်းတို့ လား မောင်မင်းယွန်းခရီးသွားနေသည်ကနေ မောင်မင်းယွန်း နတ်ပြည်သွားနေသည် ဖြစ်တော့မလို့ ဟတ်ဟတ်။
မနက်စောစော မြူတွေဆိုင်းနေတဲ့ ရှမ်းတောင်တန်းကြီးတွေ
ကွေ့ကွေ့ကောက်ကောက် လမ်းကလေးတွေ...
အော် ဒါနဲ့ ပြောဖို့တခု မေ့ကျန်ခဲ့တယ်။ ကျွန်တော် တို့သွားရင်းနဲ့ သီပေါတံတားရောက်တော့ ငါးမိနစ်မက စောင့်လိုက်ရတယ်ဗျာ။ ကားတွေကလဲ တသီတသန်းကြီးပဲ။ ကျွန်တော်လဲ ဘာဖြစ်တာလဲဆိုပြီး စူးစမ်းကြည့်လိုက်တော့ တံတားက ရှေးပဝေဏသီက တစ်လမ်းသွား သံမဏိတံတားကြီးဖြစ်နေတယ်ဗျာ။ တလမ်းသွားဆိုတော့ ဟိုဘက်က လာတဲ့ကားတွေ ရှိရင် ဒီဘက်က ကားတွေက တန်းစီပြီးစောင့်ရတာပေါ့။ ကျွန်တော်တို့ ဘက်ကကားတွေ သွားလဲ ဟိုဘက်မှာ အဲ့ဒိလိုပဲ တသီတသန်းကြီးစောင့်နေရတာပေါ့။ အမှန်ဆို ခုခေတ်လို ကုန်စည်ကူးသန်းသွားလာနေတဲ့ ခေတ်ကြီးမှာ ဒီလို ခရီးလမ်းကြန့်ကြာစေတဲ့ တစ်လမ်းသွား တံတားတွေ မရှိသင့်တော့ဘူးထင်ပါတယ်။ သီပေါတံတားကို ကုန်ကားကြီးများ ခရီးသည်တင်ကားကြီးများ သွားလို့ရအောင် တံတားခပ်ကြီးကြီး ပြင်သင့်နေပြီ ဖြစ်ပါကြောင်း အကြံပြုအပ်ပါတယ်။
ပြန်လည်ပြင်ဆင်သင့်နေပြီဖြစ်တဲ့ တလမ်းသွား သီပေါတံတား
ကဲ ဒါကတော့ ကျွန်တော် လားရှိုးမရောက်ခင် ခရီးလမ်းမှာ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ လားရှိုးသို့ အလည်တစ်ခေါက် ပထမပိုင်းပါပဲ။