Sunday, April 27, 2008

နေပြည်တော်

“ဟုတ်ကဲ့ ...... ကားဂိတ်ကပါ”
“ အော် အမရေ ကျွန်တော် ကားလက်မှတ်ဝယ်ချင်လို့ပါ… ဒီနေ့ညနေထွက်မယ့် ကား လက်မှတ် ရှိလား”
“မကျန်တော့ပါဘူး..”
“အလယ်ခုံကော..”
“မရှိတော့ပါဘူး”
~~~~~~~~~~
“အော် အကိုရေ ကားလက်မှတ်ဖြတ်ချင်လို့ပါ”
“မရှိတော့ပါဘူး…”
“………”
“မကျန်တော့ပါဘူး”
“…….”



~~~~~~~~~~~
“ဟူးးးးးးးးးးး”
အမှန်ကျွန်တော် အဲ့ဒိနေ့ ညနေကားနဲ့ထွက်ရင် အဆင်ပြေမယ်ထင်လို့ ဖုန်းနဲ့လိုက်စုံစမ်းခြင်းဖြစ်ပါတယ်။ နောက်တော့ ဘယ်လိုမှ မရတဲ့အဆုံး နောက်တနေ့ လက်မှတ်ကို စုံစမ်းရပါတယ်။ နေပြည်တော် ကားဂိတ်တွေက လူစီးများလို့လား တော့ မသိပါဘူး။ တော်တော်ဝယ်ရ ခက်ပါတယ်။ ပြီးတော့ ဖုန်းနဲ့လဲ ဘွတ်ကင် လုပ်လို့ မရဘူး။ နောက်ဆုံးတော့ ကျွန်တော် နောက်နေ့ထွက်မယ့် ကားကို အလယ်ခုံနဲ့ ဖြစ်သလို ၀ယ်လိုက်ပါတယ်။ နောက်တနေ့တော့ ရန်ကုန်ကနေ ည၇နာရီ ခွဲ စထွက်ပါတယ်။ ကား အခြေအနေကို ကြည့်လိုက်တော့ အဲကွန်း မပါပါဘူး။ ပြတင်းပေါက်နဲ့ သဘာဝ လေကိုသာ အားကိုး ရမယ့် ပုံပါ။ ဒါပေမယ့် တီဗွီလေးတော့ ပါပါသေးတယ်။ ခရီးသည်ကတော့ ဘေးခုံတင် မကပါဘူး အလယ် ခုံတန်းတွေပါ အားလုံး အပြည့်ပါပဲ။ အင်း ကိစ္စရှိလို့သာ သွားရတယ် အလယ်ခုံနဲ့က မစားသာ ပါဘူး ခြေဆန့် လက်ဆန့်လဲ လုပ်လို့ မရတဲ့အပြင် နောက်မှီလို့လဲ မရပါဘူး ထိုင်ခုံတွေက ကျောမှီရုံလောက်လေး လုပ်ထားတာပါ။


ကျွန်တော်ထိုင်သော အလယ်ထိုင်ခုံက နောက်ဆုံးခုံပါ။ ကံကောင်းချင်တော့ ကျွန်တော့် အလယ်ခုံဘေးက ဘေးခုံမှာ လူတစ်ဦးစာ လွတ်နေပါတယ်။ ဒါပေမယ့် လမ်းလူကြုံတင်တတ်တာမို့ ကျွန်တော်လဲ ပဲခူးထိ ဒီတိုင်း စီးခဲ့ပါတယ်။ ကားပေါ်က ဖွင့်တဲ့ သီချင်းလေး နားထောင်ရင်းနဲ့ပေါ့။ ပဲခူးလောက်ရောက်တော့ လူအတက် မရှိတော့ တာကြောင့် ကျွန်တော်လဲ စပယ်ယာကို ခေါ်ပြီး ဒီဘေးခုံမှာ လူရှိမရှိ မေးလိုက်ပါတယ်။ ဘေးခုံက ခရီးသည်က ၀ယ်ထားပြီးမှ မသွားဖြစ်ပုံပါပဲ။ စပယ်ယာက ကျွန်တော့်ကို လွတ်ရင် ၀င်ထိုင်နိုင်ကြောင်း ပြောလိုက်တော့ ကျွန်တော်လဲ ၀မ်းသာအားရ ဘေးခုံမှာ ထိုင်လိုက်ပါတယ်။ ခုမှ နဲနဲ နောက်မှီလေးနဲ့ သက်သောင့် သက်သာ ရှိသွားတာပေါ့။ သက်သောင့် သက်သာ ရှိသွားပြီမို့ ကျွန်တော်လဲ အေးဆေးစွာ အိပ်စက် ပါတော့တယ်။ :) ကျွန်တော် အိပ်ပြီး မကြာပါဘူး။ ည၁၁နာရီခွဲလောက်မှာ လမ်းခရီးမှာ ရပ်ပါတယ် (မြို့တော့ အသေအချာ မသိလိုက်ဘူး ဆွာလို့ထင်တယ်) ထမင်းဆိုင်မှာ ရပ်တော့ အပေါ့ အပါးသွား ခြေညောင်းလက်ဆန့်လုပ်ပြီး မိနစ်၂၀ လောက်ကြာတော့ ခရီးဆက်ထွက်ပါတယ်။ ပြတင်းပေါက်တွေဆီက ကားသွားရင်း တိုးလာတဲ့ လေတွေက ကြာတော့ တော်တော် အေးလာပါတယ်။ ဒါပေမယ့် အဲ့ဒိ တံခါးတွေ ပိတ်ထားပြန်တော့ အဲကွန်းမရှိတဲ့ ကားတွေဆိုတော့ ပူလာပြန်ပါရော။ တော်တော် စုတ်တဲ့ ကားတွေဖြစ်ပါတယ်။


ဒီလိုနဲ့ ကျွန်တော် ပြန်အိပ်မောကျသွားလိုက်တာ မနက် ၂နာရီလောက်မှာ စစ်ဆေးရေး ဂိတ်နားရောက်တော့ အောက်ဆင်းပြီး မှတ်ပုံတင် ပြပေးပါဆိုတော့ ကျွန်တော်တို့ ခရီးသည်တွေ အိပ်မှုံစုန်မွှားနဲ့ လမ်းဆင်းလျှောက်ပြီး တန်းစီ၍ မှတ်ပုံတင်ပြရပါတယ်။ ပြီးတော့ ကားပေါ်ပြန်တက်ပြီး အိပ်စက်ခြင်းတွေကို ဒုတိယပိုင်း ပြန်ဆက်ကြတော့တာပေါ့။ အဲဒိက စလို့ အိပ်မောကျသွားလိုက်ပြီး အိပ်ကောင်းတုန်းအချိန် ၃နာရီကျော်ကျော် လောက်ကျတော့ စားသောက်ဆိုင် တစ်ဆိုင်မှာ ရပ်ပြန်ရောဗျာ။ တော်တော် ဇိမ်မကျတဲ့ ခရီးဖြစ်ပါတယ်။ မနက်ဝေလီဝေလင်းကြီး မစားတတ်တဲ့ ကျွန်တော့်မှာ မျက်နှာသစ်ပြီး ငေါင်ဆင်းဆင်းနဲ့ ကားထွက်မယ့် အချိန်ကို ငုတ်တုတ် ထိုင်စောင့် နေရပြန်ပါတယ်။ ဒီတခါတော့ ကားပေါ်ရောက်တာနဲ့ ကျွန်တော် တချိုးတည်း ပြန်အိပ်ပျော်သွားလိုက်တာ မနက် ၅နာရီခွဲ နေပြည်တော် ကားဂိတ် ဆိုက်ကပ်ရာ မြို့မဈေးရောက်မှ နိုးပါတော့တယ်။


ကားပေါ်က ဆင်းတော့ ကျွန်တော် အထုပ်က အထွေအထူး မပါပဲ ကျောပိုးအိတ်လေးသာ ပါတာမို့ လွယ်အိတ်လွယ်ပြီး အောက်ကို ဆင်းမိတာနဲ့ လူအုပ်ကြီးက ကျွန်တော့်ကို ၀ိုင်းမေးတော့တာပါပဲ။ (ဆိုင်ကယ် ကယ်ရီသမားတွေ ဖြစ်ပါတယ်)
“အကို ..ဘယ်သွားမှာလဲ.. လိုက်ပို့ပေးမယ်..”
ဆိုပြီးတော့ ၀ိုင်းအုံမေးကြတာပေါ့ ကျွန်တော်လဲ သွားမယ့် လိပ်စာကိုပြောတော့ ၁၅၀၀ ကျသင့်ပါတယ်တဲ့ ကျွန်တော်လဲ မရောက်ဖူးတဲ့နေရာမို့ ဘယ်လောက်ဝေးလဲ မသိပါဘူး။ ဒါပေမယ့် ကျွန်တော့် ဦးလေးက တစ်ထောင် ထောင့်ငါးရာ အပြင်ပို မပေးရဘူး ဆိုလို့ ဒီဈေး အမှန်ပဲ ထင်ရဲ့ ဆိုပြီး အဆင်ပြေတဲ့ ကယ်ရီသမားနဲ့ လိုက်ခဲ့ပါတော့တယ်။ မြို့မဈေးက စထွက်တော့ ကွန်ကရစ်လမ်းမကြီးတွေကို စတွေ့ရတော့တာပါပဲ။ ကွန်ကရစ်လမ်းမကျယ်ကြီးတွေက ကြီးမားကျယ်ပြန့်ပြီး လမ်းတဘက်တချက်က ကွန်ဒို တိုက်ခန်းတွေက မြို့ပြ ပုံစံ အပြည့်ပါပဲ။ ဆိုင်ကယ်နဲ့ ကျွန်တော် တည်းခိုမယ့် နေရာကို သွားရင်း နံနက်ခင်း နေရောင် ခြည်က ရောင်နီသန်းလာပါတော့တယ်။



ကျွန်တော်က ဆိုင်ကယ်သမားနဲ့ စကား စမြည်ပြောရင်းက သူက ရုံးဝန်ထမ်း တစ်ဦးဖြစ်ကြောင်းပြောပါတယ်။ သူပြောပြချက်အရ နေပြည်တော်ရှိ ဆိုင်ကယ်ကယ်ရီသယ်သူ အများစုမှာ ရုံးဝန်ထမ်းများ ဖြစ်ကြတယ်လို့ သိရပါတယ်။ မလုံလောက်သော လစာအပြင် အပိုလျှံလေးများ ရစေရန် အောက်ဆိုက် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်၏။ ရုံး မတက်ခင် မနက်ပိုင်းနှင့် ရုံးဆင်းချိန် တို့တွင် လုပ်ကိုင် ကြခြင်း ဖြစ်ပေသည်။ နေပြည်တော်မြို့တော်၏ အဆောက်အဦး တိုင်း သည် မြို့ပြ ပုံစံ အပြည့်ဖြင့် ကွန်ဒို အထပ်တိုက် များပင်ဖြစ်သည်။ ဆိုင်ကယ်သမား များအား တိုက်ခန်း နံပါတ်ပြောလျှင်ပင် သူတို့သည် ဘယ်ကို ပို့ပေးရမည်မှန်း သိကြသည်။ ကျွန်တော် တည်းခိုရမည့် တိုက်ခန်းသို့ ရောက်ပြီး ရေမိုးချိုး နံနက်စာ စား ခေတ္တနားပြီးသည်နှင့် နိုင်ငံခြားရေးရုံး (ရုံးနံပါတ် ၉) သို့ သွားရသည်။ နေပြည်တော်တွင် ရုံးများကို နံပါတ်နှင့် ခေါ်ဆိုခြင်းဖြစ်၏။

ဌာနဆိုင်ရာများ၏ ရုံးနံပါတ်များကို အလျင်းသင့်သလို ဖော်ပြရရင်-

၁။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံဖြိုး တိုးတက်မှု ၀န်ကြီးဌာန
၂။ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန
၃။ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန
၎။ ကျန်းမာရေး ၀န်ကြီးဌာန
၅။ ပို့ဆောင်ရေး ၀န်ကြီးဌာန
၆။ စွမ်းအင် ၀န်ကြီးဌာန
၇။ ပြန်ကြားရေး ၀န်ကြီးဌာန
၈။ မြန်မာနိုင်ငံရဲ တပ်ဖွဲ့
၉။ နိုင်ငံခြားရေး ၀န်ကြီးဌာန
၁၀။ ပြည်ထဲရေးဝန်ကြီးဌာန
၁၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန
၁၂။ စာရင်းစစ်ချုပ်ရုံး
၁၃။ ပညာရေးဝန်ကြီးဌာန
၁၄။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်ပင်သာယာရေးဝန်ကြီးဌာန
၁၅။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
၁၆။ သမ၀ါယမ ၀န်ကြီးဌာန
၁၇။ ၀န်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့
၁၈။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး ၀န်ကြီးချုပ်ရုံး
၁၉။ သတ္တုတွင်းဝန်ကြီးဌာန
၂၀။ ကာကွယ်ရေးဝန်ကြီးဌာန
၂၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အလုပ်သမားဝန်ကြီးဌာန
၂၂။ ၂၂
၂၃။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
၂၄။ တရားရုံးချုပ်
၂၅။ ရှေ့နေချုပ်ရုံး
၂၆။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၂၇။ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
၂၈။ သစ်တောရေးရာ ၀န်ကြီးဌာန
၂၉။ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန
၃၀။ အမှတ်(၂) စက်မှုဝန်ကြီးဌာန
၃၁။ သာသနာရေးဝန်ကြီးဌာန
အားကစားဝန်ကြီးဌာန
၃၂။ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၀န်ကြီးဌာန
၃၃။ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန
၃၄။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
၃၅။ ယဉ်ကျေးမှု ၀န်ကြီးဌာန
၃၆။ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန
၃၇။ အမှတ်(၁)စက်မှုဝန်ကြီးဌာန
၃၈။ အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန

(အချို့နံပါတ်များသည် နံပါတ်အားဖြင့် ဆယ်ဂဏန်းခန့်ခြားသော်လည်း မြေပုံတွင် ကပ်လျှက်ဖြစ်သည်။ ထို့ကြောင့် အချို့ရုံးနံပါတ်များ ထပ်နေခြင်းဖြစ်သည်။)
ကျွန်တော် နိုင်ငံခြားရေး ရုံးကို ရောက်သည့် အချိန်သည် နေ့ခင်း ၁၁နာရီကျော်နေပြီ ဖြစ်ရာ နေသည် အလွန်ပူပြင်း နေလေပြီ။ နိုင်ငံခြားရေးရုံး ၏ ဘယ်ဘက်သို့ ချိုးကွေ့သွားလျှင် ကန်တင်းလေးများရှိပြီး အလယ် ဆုံး ကန်တင်း၏ ဘေးဘက် အဆောင်လေးတွင် ဖောင်တင်ရန် နေရာလေးရှိ၏။ ဖောင်တင်ရန် တန်းစီနေစဉ် ပွဲစားတစ်ယောက်က ကျွန်တော့်အား တုံးထုမလို့လား ဆိုပြီး လာမေးသည်။ ကျွန်တော်က လိုအပ်သည်များကို ထိုသူအား မေးမြန်းလိုက်တော့ နိုတြီပြန်ထားသော လက်မှတ်များအား တင်လျှင် ဘဏ်ချလံပါရမည်ဟုပြောသည်။ ကျွန်တော့်ကို ရန်ကုန်က မဆောင် ခဲ့ဘူးလားလို့ မေးတော့ ကျွန်တော် နဲနဲစိတ်ပူသွားသည်။ ရန်ကုန်များ ပြန်ရတော့ မလားပေါ့။ နောက်တော့ ပျဉ်းမနားက ဘဏ်မှာ သွားသွင်းရင် ရတယ်လို့ ပြောမှ စိတ်အေးသွားတော့သည်။ ဒါနဲ့ ပျဉ်းမနားကို ကျွန်တော် သွားစရာ မလိုပဲ သူသွားဆောင်ပေးမည် ဟုပြောလေသည်။ ဘဏ်သွင်းငွေက ၂ထောင်၊ ခရီးစရိတ်က ငါးထောင် စုစုပေါင်း ခုနှစ်ထောင် ပေးလျှင် အကုန်အဆင်ပြေပြီ ဟု ပြောရာ ကျွန်တော် စဉ်းစားလိုက်သည်။ ပူပြင်းလှသော (၁၀၈ ဒီဂရီ) ရှိသော နေရောင်အောက်တွင် ပျဉ်းမနားထိ ကျွန်တော် ကိုယ်တိုင်သွားခဲ့သော် ပထမအချက် နေပူမည်။ ဒုတိယ ခရီးစရိတ် ကုန်မည်။ ပြီးတော့ ဘဏ်ကိုသွားသွင်းပြီး ပြန်လာရအုံးမည်ဆိုတော့ လူပင်ပန်းမည်။ ခရီးစရိတ်ကို စုံစမ်းကြည့်တော့ ကိုယ်တိုင်သွားလဲ ဒီဈေးပဲဆိုတော့ ကျွန်တော်လဲ သက်သောင့်သက်သာ အဆင်ပြေ တာမို့ ပွဲစားကို ခိုင်းလိုက်သည်။




နေပြည်တော် နိုင်ငံခြားရေးရုံး



နေပူကျဲတဲထဲ တုံးထုတာ ကို တန်းစီစောင့်နေကြသူတွေပေါ့..။


မနက် ကျွန်တော်ရောက်ကတည်းက တန်းစီရသော လူအုပ်သည် နေပူထဲတွင် ချွေးသံတရွှဲရွှဲနှင့် နာမည် ခေါ်တာကို စောင့်ဆိုင်းနေကြ၏။ တချို့က ကျမ်းသစ္စာကျိန်ဆိုလွှာ၊ တချို့က ကျွန်တော့်လို လက်မှတ်များကို တုံးထုဖို့ ဖြစ်ကြ၏။ ကျွန်တော့် နာမည်ကို ခေါ်ရန် နာရီဝက်ခန့်စောင့်လိုက်ရသည်။ အဲဒါနဲ့ ကျွန်တော်လဲ စလစ်စာရွက်ရရော အိမ်ကို တခေါက်ပြန်ပြီး နားနေပြီး ညနေ သုံးနာရီလောက်မှ ပြန်ထွက်ရတော့ သည်။ လမ်းတစ်လျှောက် ကျွန်တော် စီးရတဲ့ ဆိုင်ကယ်သမားတွေကို သိလိုသမျှ အမေးအမြန်း ထူရသည်။ ဒါ ဘာရပ်ကွက်လဲ၊ ဒီအဆောက် အဦးက ဘာလဲ၊ ဒီကန်က ဘယ်လို ခေါ်တာလဲ၊ စသည်ဖြင့်ပေါ့…။ နိုင်ငံခြားရေး ရုံးနားက အထွက် ခပ်လှမ်းလှမ်းတွင် သပြေကုန်း ဆိုတာ ရှိသည်။ သပြေကုန်းဆိုတော့ ကုန်းအမြင့်ကြီးတွေ ဖြစ်ပြီး ထိုကုန်းမြင့်တွေ ကြားထဲမှ လမ်းဖြတ်ဖောက်ထားခြင်းဖြစ်သည်။ ကျွန်တော်တို့ ရန်ကုန်က စမ်းချောင်းအောက်ဘက် ကြည့်မြင်တိုက် ဘက်က ကုန်းကြီးတွေ အတိုင်းဖြစ်သည်။ သို့သော် နေပြည်တော် ကုန်းများက သေချာ ဆောက်လုပ်ထားခြင်း ဖြစ်သည့်အပြင် ဆောက်လုပ်ပြီးစ အသစ်များ ဖြစ်သဖြင့် လှပသည်။ သပြေကုန်းအနီးတွင် အ၀ိုင်းတစ်ခုရှိသည်။ ထိုအ၀ိုင်းကို အေ၀မ်း အ၀ိုင်းဟု ခေါ်ကြသည်။ နေပြည်တော်တွင် အ၀ိုင်းများ များစွာရှိသည့် အနက် ဓနသိဒ္ဓိ ရပ်ကွက်နားက ဧဒင် အ၀ိုင်းသည် နာမည် ကြီးသည်။



ရုံးတက်မယ့် ဖယ်ရီကားတွေ..



ဧဒင် အ၀ိုင်း


နေပြည်တော်သည် ၀န်ထမ်းမြို့ ဖြစ်သည်နှင့်အညီ နေ့ခင်းဘက်အချိန်တွင် လမ်းမကြီးများပေါ်တွင် ယာဉ်အသွားအလာ နဲပါးလှသည်။ တုတ်တုတ်ခေါ် သုံးဘီဆိုင်ကယ်လေးများ နှင့် ဆိုင်ကယ်များသာ တခါတရံ ဖြတ်သန်းသွားလာကြလေသည်။ လူသူရှင်းလှသော လမ်းမကြီးများပေါ်တွင် မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်မတော်တဆများ မကြာခဏ ဖြစ်လေ့ရှိပါတယ်တဲ့။ ထို့ကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များသည် လမ်းထောင့်များတွင် ရှိနေတတ်ကြလေသည်။ ဆိုင်ကယ်များတွင် ဆိုင်ကယ်ဦးထုပ်မပါပဲ မောင်းလျှင် ဒဏ်ငွေ ၂၀၀၀၀ ကျပ် ပေးဆောင်ရသည်။ ထိုသို့များပြားသော ဒဏ်ငွေကြောင့်ပင် ဆိုင်ကယ်ကယ်ရီသမား များသည် ဆိုင်ကယ်ဦးထုပ် အပိုအမြဲပါသည်။ တစ်လုံးက သူဆောင်းဖို့နှင့် နောက်တစ်လုံးက ခရီးသည် ဆောင်းဖို့ ဖြစ်သည်။



ဟာ ရဲဖမ်းပြီ... :P
လမ်းဘေးတဘက်တချက်စီတွင် အမိုးပြာလေးများ မိုးထားသော ကားမှတ်တိုင်လေးများ ရှိသော်လည်း မည်သူမျှ စောင့်ဆိုင်း စီးကြပုံမပေါ်ပေ။ မည်သည့် လိုင်းကားမျှလဲ နေ့လည်ခင်းဘက် ပြေးဆွဲပေးသည်ကို မမြင်ခဲ့ရပါ။ နေပြည်တော်တွင် လိုင်းကား ၂မျိုးသာ ရှိသည်။ တစ်မျိုးက မြို့ကို ပတ်ပြီး၊ နောက်တစ်မျိုးက ဌာနဆိုင်ရာ ရုံးတွေဘက်က ပတ်သည်ဟု သိရသည်။ မြို့ထဲရှိ တိုက်ခန်းများသည် နေ့လည်နေ့ခင်း အချိန်တွင် တိတ်ဆိတ် ခြောက်သွေ့နေကြသည်။ အကြောင်းမှာ ထို တိုက်ခန်းတွင်နေထိုင် သူများ သည် ရုံးတက်နေသော ကြောင့် ဖြစ်သည်။ နေပြည်တော်တွင် YKKO ကြေးအိုးဆိုင်ကြီးကိုလည်း သွားရင်း လာရင်းတွေ့ခဲ့ရသည်။ အချို့သော စီးပွားရေး လုပ်ငန်းများလည်း စတင် အခြေတည်နေပြီ ဖြစ်၏။ သို့သော် လက်ရှိအချိန် လူနေမှု အရတော့ မဖြစ်နိုင်ပေ။ ကျွန်တော်သွားခဲ့သော လမ်းတစ်လျှောက်တွင် ဆောက်လုပ်ဆဲ အိမ်ယာများ၊ တူးဖော်ဆဲ မြေကွက်များ၊ ဖောက်လုပ်ဆဲ လမ်းမများ အား လုပ်ကိုင်နေကြသည် မြင်တွေ့ခဲ့ရသည်။ ရန်ကုန်လို မြို့ကြီးမျိုး ဖြစ်ဖို့ ဘယ်လောက် နှစ်တွေ ကြာအုံးမလဲ မသိပေ။



အမိုးပြာလေးတွေ မိုးထားတဲ့ ကားဂိတ်လေး တခု







ဆောက်လုပ်ဆဲ လုပ်ငန်းခွင်များ


ကျွန်တော် ကိစ္စ ၀ိစ္စတွေပြီးလို့ ညနေစောင်း နိုင်ငံခြားရေး ရုံးက ပြန်တော့ တလက်စတည်း နေပြည်တော် မြို့မဈေးကို ၀င်ခဲ့သည်။ တမြို့လုံးတွင် အစည်ကားဆုံး နေရာသည် နေပြည်တော် မြို့မဈေး ဖြစ်သည်။ ညနေပိုင်းတွင် စတင်ရောင်းချသော ညဈေးတန်းကြီးသည် မြို့မဈေး ရှေ့မြေကွက်လပ် တခုလုံး ဖွေးဖွေးလှုပ်နေသည်။ ညနေရုံးဆင်းချိန် ဈေးဝယ်သူများ နှင့် လဘက်ရည်ဆိုင် ထိုင်သူများကလည်း အများ အပြားပင်။ မြို့မဈေး၏ မျက်နှာချင်းဆိုင်တွင်တော့ ကုန်းမြင့်ကြီးတခုရှိသည်။ ထိုကုန်း၏ အောက်ခြေတွင် ရန်ကုန် နေပြည်တော် လက်မှတ် ရောင်းသော ဆိုင်များရှိသည်။ ထိုကုန်းမြင့်ပေါ်တွင်တော့ စားသောက်ဆိုင်များ ရှိလေသည်။ ညနေခင်း တခွက်တဖလား သောက်သူများနှင့် စည်ကားနေသည်။ ထိုကုန်းမြင့်ပေါ်မှ ကြည့်လျှင် မြို့မဈေးနှင့် ခပ်လှမ်းလှမ်းက အဆောက်အဦးများကို တွေ့နိုင်သည်။ (ထိုကုန်းပေါ်မှ ညခင်းဘက် ကြည့်လျှင် လျှပ်စစ်မီးများ ထိန်ထိန်သာနေသော မြို့ပြည ရှုခင်းကို တွေ့မြင်နိုင်သည်)




မြို့မဈေး


ညဘက်ရောက်တော့ ကျွန်တော်လဲ ကျွန်တော်တည်းခိုရာ အိမ်ကနေ ရေမိုးချိုးပြီး ဦးလေးတို့ မိသားစုနှင့် ဧဒင် အ၀ိုင်းကို လမ်းလျှောက်ထွက်ခဲ့သည်။ ကြားဖူးထားသည့် အတိုင်းပင် ဧဒင် အ၀ိုင်းတွင် ညဘက် လေညင်းခံထွက်သူများနှင့် အတော်အတန် စည်ကားလှသည်။ အ၀ိုင်း ပတ်ပတ်လည်တွင်တော့ လဘက်ရည်ဆိုင်များ၊ ပလာတာဆိုင်များ၊ အသုတ်ဆိုင်များ စသည့် ညဘက်ရောင်းသော လမ်းဘေးဆိုင်လေးများရှိသည်။ လျှပ်စစ်မီးများထိန်လင်းနေသော အ၀ိုင်းပေါ်တွင်တော့ နေပြည်တော်မှ ပျိုမေတွေ၊ ကိုကို တွေ တစု တစု ဆီ ၀ိုင်းဖွဲ့ထိုင်နေကြသည်။ မိသားစု လိုက် လေညင်းခံ လာကြသူများလဲ ရှိ၏။ (ဧဒင်ဆိုသည့် အတိုင်း ဒီအ၀ိုင်းတွေမှာလဲ ဧဒင် ဇာတ်လမ်းလေးတွေ ရှိနေပေလိမ့်မည်ဟု တွေးပြီး ပြုံးမိသည်။) နေပြည်တော်တွင် လျှပ်စစ်မီးက တော်တော်မှန်သည်။ ပျက်တော့ ပျက်သည် ဒါပေမယ့် အလွန်ဆုံး ကြာလျှင် ၃၊ ၄ မိနစ်ထက် ပိုမကြာပေ။ စိတ်ချမ်းသာ စရာ ကောင်းလိုက်တာဗျာ။



နေပြည်တော် ညရှုခင်း တခု


နောက်တနေ့ တော့ ကျွန်တော် ဘယ်မှ မသွားဖြစ်ပဲ အိမ်ထဲမှာပဲ ခွေနေဖြစ်သည်။ အဲ့ဒိနေ့ညနေ ပိုင်း ရန်ကုန်လက်မှတ် ၀ယ်နှင့်ပြီးသား ဖြစ်သည်။ မနေ့ကတင် နိုင်ငံခြားရေးရုံးမှ နေပူကျဲတဲကြီး ပြန်လာရသဖြင့် ကျွန်တော် အပြင်ထွက်လည်ဖို့ရန် ပူပြင်းသော နေကို လန့်၍ ဖြစ်သည်။ နဂိုကတည်းက မဖြူသော အသားများ ကပ္ပလီဖြစ်သွားနိုင်သည်။ ထို့ကြောင့် ရန်ကုန်တုန်းက သွားမည်လို့ အားခဲထားသော နေပြည်တော် တိရိစ္ဆာန် ဥယျာဉ်လဲ မသွားဖြစ်တော့ပေ။ ထိုနေ့ တနေ့လုံး ကျွန်တော့်မှာ တီဗီ ကြည့်ချင်း သီချင်းနားထောင်ခြင်း ဖြင့်သာ ကုန်ဆုံးလိုက်သည်။ နေပြည်တော်မှ လွှင့်သော ရေဒီယို လိုင်းတခု ရှိသည်။ ပိတောက်မြေ ဆိုသော လိုင်းဖြစ်သည်။ ၄င်းလိုင်းသည် စီးတီးအက်ဖ်အမ် ကဲ့သို့ သီချင်းများကို ဦးစားပေးလွှင့်သည့် လိုင်းဖြစ်ပြီး၊ တခါတရံ သီချင်းများ နားသည့် အချိန်တွင် ဆွေးနွေးခန်းလို၊ စကားပြောဆောင်းပါးလိုပုံစံ နှင့် ပြည်ပ ဆန့်ကျင်ဘက်၊ အတိုက် အခံများကို ဝေဖန် သည့် ကဏ္ဍကလဲ မကြာခဏ ထုတ်လွှင့်သေးသည်။


ရန်ကုန်ပြန်မည့်ကားက ည ၇ နာရီခွဲကားမို့ ကျွန်တော် အိမ်ကနေ မြို့မဈေးကို ညနေ၆နာရီလောက်ကတည်းက ထွက်သည်။ အချိန်နဲနဲ ပိုနေအောင်လို့ဖြစ်ပြီး ကျွန်တော် ထုံးစံအတိုင်း ကင်မရာ လိုက်ရိုက်ချင်လို့ဖြစ်သည်။ ပထမဆုံး နေပြည်တော်၏ (ရွှေတိဂုံပုံစံတူဟု ဆိုသော ) ဓာတုဇယ ဓာတ်ပေါင်းစေတီကို ၀င်ဖူးမြှော် ဖြစ်သည်။




ညနေခင်း ဘုရား လာဖူးသူ အနည်းအကျဉ်းသာ ရှိနေသဖြင့် ဘုရားရင်ပြင်တော်သည် အေးချမ်း ဆိတ်ငြိမ်နေသည်။ ကျွန်တော်လဲ ခေတ္တ၀တ်ပြုပြီး ဘုရားနှင့် ပတ်ပတ်လည်ရှိ ရှုခင်းတွေကို လိုက်ရိုက်ဖြစ်သည်။ ဘုရားနှင့် အနီးအနားတွင် နေပြည်တော် မီးသတ်တပ်ဖွဲ့ရုံး၏ မျှော်စင်ရှိသည်။



မီးသတ်မျှော်စင်



မီးသတ်ဌာန


ညနေစောင်းလာပြီ မို့ ဘုရား ကုန်းပေါ်မှ ကြည့်လျှင်ပင် တိုက်ခန်းများ ဆီမှ ထိန်ထိန်သာနေသော လျှပ်စစ်မီးများကို မြင်တွေ့နေရသည်။ ထို့နောက် မြို့မဈေးသို့ ရောက်သောအခါ ညဈေးတန်းကို တပတ် လမ်းလျှောက်ကြည့်လိုက်သေးသည်။ လဘက်ရည်ဆိုင်လေးများ၊ လမ်းဘေး အထည်ဆိုင်လေးများနှင့် သူ့ဟာနှင့်သူတော့ လူတွေ ကြိတ်ကြိတ်တိုးနေသည်။ ပြီးတော့ လေတွေက တရဟော တိုက်သည်။ နေပြည်တော်မြို့တော်သည် သစ်ပင်များ သိပ်မရှိသေးပဲ အများ အားဖြင့် ကွင်းပြင်များ ဖြစ်သဖြင့် လေတိုက်တော့ ကြမ်းသည်။ လေတိုက်ဘယ်လောက်ကြမ်းသလဲ ဆို ကျွန်တော် တည်းခိုသော အိမ်ရှိ တံခါးမကြီး ဆောင့် ပိတ်သွားပြီး အလူမီနီယံ စင် လွင့်လောက်အောင်ပင် လေကြမ်းသည်။ မှတ်မှတ်ရရ လေတိုက်ပြီး ပိတ်သွားသော တံခါးကြောင့် လက်ညပ်သော ဒဏ်ရာ ရခဲ့သေးသည်။






ညနေ ၇နာရီ ခွဲတော့ ကားဂိတ်ဆီမှ လက်ကိုင်လော်စပီကာဖြင့် ကားထွက်မည်ဆိုသည့် အကြောင်း သတိပေးသည်။ ကျွန်တော်ကလဲ ကျွန်တော်ရဲ့ တစ်ထုပ်ထဲသော ခရီးဆောင်ကျောပိုးအိတ်ကို လွယ်၍ ကားပေါ်တက်လိုက်သည်။ ကျွန်တော် ထိုင်ရသော ခုံသည် နောက်ဆုံး ခုံ၏ ရှေ့ဘက်တွင်ဖြစ်သည်။ ဒီတခါတော့ သိသွားပြီဖြစ်၍ ပြတင်းပေါက် ဘက်ကပ်လျှက် ခုံကို ၀ယ်ထားခြင်းဖြစ်သည်။ မဟုတ်လျှင် အဲကွန်း မပါသော ကြောင့် ပူအိုက်နေလိမ့်မည်။ အဝေးပြေးကားကြီးသည် စတင်ထွက်ခွာလေပြီ။ လျှပ်စစ်မီးများ ထိန်ထိန်သာနေသော တိုက်ခန်းများနှင့် တဖြည်းဖြည်း လှမ်းလာသည်။ မြို့ပြင်ဘက်ရောက်တော့ သဘာဝ တောရနံ့များ ရလာသည် မှောင်မဲနေသော လယ်ကွင်းများ ရိုးပြတ်တောများက နေရာ တိုင်း စိုးမိုးနေသည်။ လျှပ်စစ်မီးများ ထိန်ထိန်သာနေသော နေပြည်တော် မြို့တော်ကြီးသည် ကျွန်တော်တို့ အဝေး ပြေးကားကြီး ၏ အနောက်ဘက်တွင် မှုန်ပြစွာ ကျန်ရစ်နေခဲ့လေတော့သည်။


Sunday, April 20, 2008

၎- စင်္ကာပူ-ကိုလံဘို SIA လေယာဉ်ခရီးစဉ်အမှတ် SQ 466


ရှည်မျောမျောလေယာဉ်တောင်ပံ

မနက်စာစားသောက်ပြီးနောက် လေယာဉ်အတွင်း မီးကြီးများမှိတ်လိုက်တယ်။ဟိုဒီလှည့်ကြည့်တော့ စောင်ပါးလေး ခြုံပြီးအနားယူသူယူ။ ဟဒ်ဖုံးလေး တပ်ပြီး သီးချင်းနားထောင်သူထောင်၊ကြိုက်ရာ တီဗီချယ်နယ်ရွေး၊ ရုပ်ရှင်ကြည့်သူ ကြည့်နဲ့။ လေယာဉ်က အိန္ဒိယ သမုဒ္ဒရာပေါ်ဖြတ်ကျော်နေပါပြီ။

အပြင်ဘက်ကို ကြည့်လိုက်ပြန်တော့ လေယာဉ်အတောင်ပံ ဖြူဖြူ ရှည်မျောမျောကြီးကိုပဲတွေ့ ရတယ်။ ဟိုဒီကြည့်တော့လည်းမြင်ကွင်းက ထူးမလာ။ ရသမျှအချိန် အကျိုးရှိအောင်သုံးတော့မယ်။

အနားယူဖို့အကောင်းဆုံးအနေအထား ရောက်အောင် ခန္ဓာကိုယ်ကို ပြင်။ စောင်ပါးပါးအိအိလေးကို ဖြန့်ထုတ်၊ကိုယ်ပေါ်လွှမ်းထား၊ မျက်လုံးလေးမှိတ်၊ နှာသီးဝမှာ စိတ်ကိုထား. ၀င်လေ ထွက်လေ လေးကို ပဲ အသာစောင့်ကြည့်နေလိုက်တယ်။ ၀ီရိယကိုလျော့ လေမှာစိတ်ကိုကပ်ထား…. အဖြစ်ကျဲသွားတဲ့ ၀ီထိစိတ်လိုင်းများ…သိနေ..သိနေ……….သိနေ………..သိ…………နေ………..နောက်ဆုံးတော့ ဘ၀င်္ဂသမာပတ် ဆိုက်သွားပါလေရော (အိပ်ပျော်သွားတာပါ)။

ကိုလံဘိုသို့ရောက်တော့မယ်

တစ်နာရီခန့် အနားယူလိုက်ရပြီး နိုးလာချိန်တွင် လေယာဉ်တွင်းမီးများပြန်ဖွင့်ထားပါပြီ။ ထိုင်ခုံခါးပတ်များ ပြန်ပတ်ထားရန် နဲ့ အီလက်ထရောနစ် ဒီဗိုက်များ ပါဝါစွိ အော့ဖ် လုပ်ထားရန် ကြေငြာနေပါပြီ။ လေယာဉ်က ကိုလံဘိုအင်တာနေရှင်နယ် လေဆိပ်သို့ချည်းကပ်နေပြီပေါ့။ဒါကြောင့် ထိုင်ခုံရှေ့က တီဗီစကရင်လေးကို ဓါတ်ပုံရိုက်ယူထားလိုက်ပြီးနောက် စမတ်ဖုန်းကို ပါဝါပိတ်ပြီး အနားပေးလိုက်ပါတယ်။ လေယာဉ်မယ်က နားကြပ်များ.စောင်များကို ပြန်သိမ်းနေပါပြီ။

သီရိလင်္ကာ ဆိုတာယခင်က တော့ ဆီလုံ လို့ ခေါ်တဲ့ ကျွန်းနိုင်ငံလေး။ ထေရ၀ါဒ သာသနာနဲ့ဆက်စပ်ပြီး မြန်မာပြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ။ အင်ပိုင်ယာအဖြစ်စုစည်း ပထမ မြန်မာနိုင်ငံ အဖြစ်စတင်တည်ထောင်နိုင်ခဲ့တဲ့ခေတ် က ပုဂံခေတ်။ သီရိလင်္ကာ Polunnaruwa နှင့်ခေတ်ပြိုင်။

ဗုဒ္ဓသာသနာ ကို သံဃာတော်များ အဆင့်ဆင့် လက်ကမ်းလာခဲ့တာ ယခုဆို နှစ် ၂၅၀၀ ကျော်ခဲ့ပြီ။ ယခုအခါ မူရင်းဒေသ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်သွားခဲ့ပေမဲ့ သီရိလင်္ကာ.မြန်မာ.ထိုင်း.လော ကမ္ဘောဒီးယား တို့မှာထေရ၀ါဒ၊ တိဘက်၊ကိုးရီးယား၊တရုပ်၊ဂျပန်၊ထိုင်း၊ဗီယက်နမ် မှာ မဟာယာန၊ ဗုဒ္ဓသာသနာ ဆက်လက်ရှင်သန်နေဆဲ။

အိန္ဒိယက သာသနာပြုဘုရင် သီရိဓမ္မာသောကမင်းရဲ့ သားတော်အသျှင်မဟိန္ဒ နဲ့ သမီးတော် သင်္ဃမိတ္တာ ထေရီ တို့ရဲ့ စွမ်းဆောင်ချက်ကြောင့် သီရိလင်္ကာမှာ တစ်ဆက်တစ်စပ်တည်း ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တဲ့ခဲ့တာ နှစ် ၂၀၀၀ ကျော်တိုင် ကြာခဲ့ပြီ။ သီဟိုဠ်သားတွေရဲ့ သာသနာကြည်ညိုပုံက ပညာ သားပါတယ်။ နှစ်၂၀၀၀ ကျော် တစ်ဆက်တစ်စပ်တည်း သာသနာတည်အောင် စွမ်းနိုင်တယ် ဆိုကတည်းက ပညာနဲ့ယှဉ်မှ။ ပညာမပါ နေရာမကျ။ သီဟိုဠ် ဗုဒ္ဓသာသနာလည်း လောကဓံ နဲ့ကြုံရတယ်။ မင်းကောင်းမင်းမြတ် သာသနာပြုမင်းလက်ထက်များမှာ ဗုဒ္ဓစာပေ သင်ကြားပို့ချ ရာ ဗဟိုဌာနကြီးများ(မဟာဝိဟာရ၊အဘယ ဂီရိ ၀ိဟာရ) ဖြစ်ခဲ့ပြီး၊ နိုင်ငံတကာ ကျောင်းသားများ အတွက် ပညာဖြန့်ဝေပေးနိုင်ခဲ့တယ်။ မင်းဆိုးမင်းညစ် သာသနာဖျက်မင်းလက်ထက်များတွင်တော့ အန္တရာယ်ကင်းရာ သင့်ရာဒေသ ပုန်းရှောင်ကြ၊ အိန္ဒိယ၊ မြန်မာ၊ထိုင်း နိုင်ငံရပ်ခြားသို့ သွားရောက် စတေးရှောင်ကြတာက ခေတ်အဆက်ဆက်ကတည်းက။

ပုဂံရှိ ဆပဒ စေတီ ၊ ပဲခူးကလျာဏီသိမ်နဲ့ ကလျာဏီ ကျောက်စာက မြန်မာ-သီရိလင်္ကာ ဗုဒ္ဓသာသနာအတွက် အရေးပါတဲ့အထောက်အထားဖြစ်သလို၊ ယနေ့သီရိလင်္ကာရှိ ထွန်းကားနေဆဲ အမရပူရဂိုဏ်း၊ ရာမညဂိုဏ်း၊ ရွှေကျင်ဂိုဏ်း ဆိုတဲ့ မြန်မာပြည်ပေါက်အမည်နဲ့ နိကာယ တွေကလည်း မငြင်းနိုင်တဲ့ သက်သေသာဓကများ။

မင်းကောင်းမင်းမြတ်ကိုအမှီရလို့ သာသနာထွန်းတောက်နေရင် ကျန်နိုင်ငံများကို ဝေငှတယ်။ မင်းဆိုးမင်းညစ် နှိပ်စက်လို့ သာသနာမှေးမှိန်နေရင် စတေးရှောင် ပြီးသာသနာ့ ကို ဆက်လက်ရှင်သန်စေတယ်။ အဲဒီလို သာသနာပြုတဲ့ရလာဒ်အဖြစ် ယခုအခါ သီရိလင်္ကာမှာ နိကာယ ဂိုဏ်းကြီး ၄ ဂိုဏ်း အထင်အရှားရှိနေပါတယ်။ သျှာမ် နိကာယ ဂိုဏ်းက - ယိုးဒယားအဆက်အသွယ်နဲ့ တည်ထောင်တာဖြစ်ပြီး၊ အမရ ပူရ၊ ရာမည၊ရွှေကျင် နိကာယ ဂိုဏ်းများက မြန်မာပြည်အဆက်အသွယ်နဲ့ တည်ထောင်ခဲ့ကြတာပါ။

သီဟိုဠ်သားတွေ အတွက် ဗုဒ္ဓဘာသာ သည် နိုင်ငံ့ရတနာ၊ နိုင်ငံ့သာသနာ။ ဘာသာ သာသနာကို ချီးမြှောက်ပုံက-ပညာသားပါတယ်။

၁- လူဦးရေ ၇၀% ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်တယ်။ (၉၀ % ခန့် ရှိတဲ့ မြန်မာ ပြည် နဲ့ယှဉ်ကြည့်ပါ)

၂- ကန္ဒီ မြို့ရှိ ဗုဒ္ဓစွယ်တော်က National Treasure ၊ ၀န်ကြီးတစ်ယောက်ခန့်ထားပြီး စောင့်ရှောက်ထားတယ်။

၃- လူပုဂ္ဂိုလ်များ ရဟန်းပြုချင်ရင် အစိုးရဆီလျှောက်လွှာတင်ရတယ်။ အစိုးရက စီစစ် ပြီးမှ ခွင့်ပြုပေးတယ် (အချောင်သမားများ သာသနာ့ဘောင်ဝင် ရဟန်းဖြစ်လာဖို့ မလွယ်)။

၎- သာသနာ့ဘောင်ဝင် ကိုရင်ဝတ်ခြင်း ရဟန်းပြုခြင်း ကြောင့် မွေးရာပါ နိုင်ငံသား အခွင့်အရေး၊ အမွေဆက်ခံခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည် --မရှုံးဆုံးစေရ။

ဥပမာ- ရဟန်ဖြစ်ခြင်း .လူဖြစ်ခြင်း၊ မူဆလင် ဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း၊ အသားဖြူခြင်း.အသားမဲခြင်း ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း စသည် ကြောင့် မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ ပညာသင်ကြားခွင့်.စသည်ကို ကန့်သတ်ထားခြင်းမရှိ။

(ရဟန်းဖြစ်ခြင်း ကြောင့် မဲပေးခွင့်မရခြင်း၊ အများနည်းတူ ခေတ်ပညာသင်ယူခွင့်မရခြင်း စတဲ့အချက်များသည် ဗုဒ္ဓဘာသာကို အမှန်တကယ် ချီးမြှောက်ထောက်ပံ့နေခြင်းလော၊ ဒါမှမဟုတ် ပညာသားပါပါ နှိမ် ချ ချိုးနှိမ်ထားခြင်းလော ဟု လေ့လာဆန်းစစ်ဖွယ်ရာပင်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ၀င်ဖြစ်သည့်အတွက် သေတမ်းစာသည် တရားမ၀င်ဟု ဥပဒေမှာ လက်ရှိကျင့်သုံးနေတာက ၀ိနည်းအထောက်အထားအရ ဗုဒ္ဓတရားတော်နဲ့ လုံးဝဖီလာ ဆန့်ကျင်နေတယ်။ ဒါကြောင့်..အဆိုပါအယူအဆများ စိမ့်ဝင်ပြန့်နှံ့ထွန်းကားနေခြင်းဟာ ဘာသာ သာသနာကို အမှန်တကယ် ချီးမြှောက်နေခြင်းကြောင့် လော၊ ဒါမှမဟုတ် ပညာသားပါပါ နှပ်ကွပ်နေခြင်းလော ဟု နိုင်းယှဉ်တွေးတောဖွယ်ရာပင်)

အမှန်တကယ် တတ်သိသော ပညာရှင်များ သုသေတနပြု လေ့လာဆန်းစစ်ကြပါကုန်- ဤကား စကားချပ်။

တဖြည်းဖြည်းနိမ့်ဆင်းလာသောလေယာဉ်ပေါ်ကနေ မြေပြင် အနေအထားကို ထင်ထင်ရှားရှားတွေ့လာရ တယ်။ မြင်ကွင်းတွေက မှတ်မိနေဆဲ။ ကိုလံဘိုကို လွန်ထွက်သွားပြီးနောက် ပင်လယ်ဘက်မှ ကွေ့ဝိုက်ကာ လေယာဉ်ကြီးက ပြေးလမ်းကို ဦးလိုက်ပါပြီ။ တရိပ်ရိပ်ပြေးနေသော ပင်လယ်ရေပြင် လွန်သွား သည်နှင့်မကြာမှီ.ဒုတ်ကနဲ့ မြည်သံ ကြားလိုက်ရတယ်။ လေယာဉ်ဘီး မြေကျသွားပြီလေ။

Bandaranaike International Airport သို့ဆိုက်ရောက်ပါပြီ။ Return Ticket မရှိ။ အစစ်အဆေးအမေးအမြန်းလည်းမရှိ။ Immigration Counter ကိုအလျှင်အမြန်ပဲ ဖြတ်သန်းခဲ့ရပါတယ်။

သီရိလင်္ကာရှိတက္ကသိုလ်များနှင့်ကမ္ဘာ့အရပ်ရပ်ရှိတက္ကသိုလ်များတွင် ပညာသင်ယူခွင့်ရခြင်းဟာ မြန်မာ ပြည် သားတစ်ယောက်အနေ နဲ့ အခြားသူများနှင့်ယှဉ်လိုက်ရင် ကံကောင်းခြင်းလက်ဆောင် ရရှိခြင်း ဟု ဆိုနိုင်မလား။

ကတညုတ ကတဝေဒီ ဒုလ္လဘော လောကသ္မိံ

သူပြုဖူးတဲ့ကျေးဇူးကို သိပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့ ပုဂ္ဂိုလ်ကို ရခဲတယ်လို့ ဗုဒ္ဓရှင်တော်ဘုရားက ဆုံးမထားတယ်။ အခွင့်သင် အခါကြုံ ကြုံ မကြုံကြုံ အမိမြန်မာပြည် နှင့် တကွ သာသနာကို အမှန်တကယ် လှူဒါန်းထောက်ပံ့ နေသူများကို သတိတရရှိပါတယ်။နိုင်ငံရပ်ခြားမှာ လေ့လာသင်ယူခဲ့ရသမျှ ပညာ အမိမြန်မာပြည်မှာ ပြန်လည်အသုံးချ ချင်သူချည်းပါဘဲ။ သို့သော်လည်း…..ပညာအခြေခံ မတူတော့ တွေးခေါ်စဉ်းစားပုံ မတူ။ အတွေးမတူတော့ အယူမတူ။ အယူမတူလို့ အလုပ်လုပ်ခွင့် မရတဲ့ ပတ်ဝန်းကျင် ဆက်လက်ရှင်သန်နေရင်ဖြင့်……..

နွားသည် ရေကြည်ရာ မြက်နုရာ ဒေသမှာသာ နေပျော်မြဲ

ရေသည်.မြင့်ရာမှ နိမ့်ရာသို့သာ စီးဆင်းမြဲ

စီးဝင်နေတဲ့ မြန်မာသံဃာများက ..သီရိလင်္ကာသို့ တစ်ဖွဲဖွဲ ။ ။

Sri Lanka is this country that is Second home for us, second home for Buddhism over 2000 years and so far.

Welcome to Sri Lanka ,Second home for Buddha Sasana

သီရိလင်္ကာမြေသို့ ဆိုက်ရောက်ပါပြီ။ တယ်လီဖုန်းထဲက Sim Card ကိုပြောင်းထည့်ပြီး ပါဝါဖွင့်လိုက်တယ်။ အလိုအလျှောက် နားစွင့်နေမိတာက Message Alarm!

တတီ တီ..နဲ့ အစ်မရဲ့ Pending SMS များ ရှိနေဦးမလား။ သို့သော်……………………

ပြုခဲ့သမျှကုသိုလ်များကို အမျှပေးဝေပါတယ်အစ်မရယ်။ ရောက်ရာဘုံဘ၀ မှ သာဓုခေါ်ဆိုပြီး မြင့်မြတ်တဲ့ ဘုံဌာနမှသည် နိဗ္ဗာန်ရွှေပြည်သို့တိုင် အလျှင်အမြန်ဆိုက်ရောက်နိုင်ပါစေ………။

ပြီးပါပြီ။

Saturday, April 12, 2008

ကျနော့်ရဲ့ ခရီးစဉ် (၄)

အပိုင်း(၃)မှ >>>

မလေးရှား နိုင်ငံကို ရောက်တဲ့အခါ လေဆိပ်မှာ လေယာဉ်ပေါ်မှဆင်းဆင်းချင်း ဘာဆိုဘာမှ စစ်ဆေးမှုတစ်စုံတရာမရှိခဲ့ဘဲ၊ အတန်ငယ်ကွာဝေးသော လူဝင်မှုကြီးကြပ်ရေး ကောင်တာကို သွားကြရပါသည်။ ဒီနေရာမှာလည်း ကျနော်တို့ အခက်အခဲတစ်မျိုး ကြုံခဲ့ရပါသေးတယ်။ လေယာဉ်ပေါ်ကနေ အုပ်စုလိုက်ဆင်းလာပေမယ့် သန့်စင်ခန်းခဏသွားကြတော့ ကျနော်တို့ လူသွားစင်္ကြပေါ် ပြန်ရောက်တဲ့အခါ ခရီးဖေါ်တွေ တစ်ယောက်မှ မရှိကြတော့ပါ။ ပြည်ပအတွေ့အကြုံမရှိသေးတဲ့ ကျနော်တို့အတွက်တော့ မလေးရှားနိုင်ငံတကာလေဆိပ်ဟာ ထင်ထားတာထက် ကျယ်ဝန်းနေပါတယ်။(လေဆိပ်အတွင်းပိုင်း လမ်းညွန်မြေပုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်)

ဒီလိုနဲ့ ကျနော်တို့သုံးယောက် ၊ နောက် ... မယောင်မလည်နဲ့ လူကွဲပြီးကျန်ခဲ့တဲ့နှစ်ယောက် အားလုံးငါးယောက် ဘယ်ကိုသွားမယ် တိုင်ပင်မိကြတယ်။ မင်္ဂလာဒုံလေဆိပ်နဲ့ ကွာပါ့ကွာလို့ စိတ်ထဲကရေရွတ်မိရင်း၊ သွားရမယ့်လမ်းကိုရွေးလိုက်မိတယ်။ ဒီလိုနဲ့ ကျနော်တို့ စမ်းလျှောက်ကြရင်း မူလနေရာကို သုံးခါမြောက် ပြန်ရောက်လာပြန်တယ်။ ပထမဆုံး အတွေ့အကြုံဖြစ်လို့ ကျနော့်စိတ်ထဲမှာ အတန်ငယ် ကြောင့်ကြမှုဖြစ်နေမိပေမယ့် သူတို့တွေရဲ့ စိုးရိမ်မှုမပိုစေဖို့ လမ်းညွန်မြေပုံနဲ့ကြည့်ရင်း သွားခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ကောင်တာအမှတ် (၁၀၁) ကို စတင်ရောက်ရှိခဲ့ကြတယ်။ ဒီနေရာမှာ ကျနော်စိုးရိမ်မှု ထပ်မံလွန်ကဲသွားရပြန်တယ်။ ကောင်တာအမှတ် (၁၀၁) မှာ ချိတ်ဆွဲထားတာက မလေးရှားနိုင်ငံ ကွမ်လာလမ်ပူ မှ ယူ၊အေ၊အီး နိုင်ငံ ဒူဘိုင်း သို့ ထွက်ခွာမည့်လေယာဉ် ဖြစ်နေပါသည်။



***** K.L.I.A လေဆိပ် အဝေးတနေရာက မြင်ကွင်း *****

မြန်မာလူမျိုး အများစုနည်းတူ မိမိကိုယ်ကိုယ် ယုံကြည်မှု ထက် စိုးရိမ်မှုလွန်ကဲတတ်သော ကျနော့်အတွက်တော့ ထိုအခိုက်အတန့်မှာ အတော်လေး အခက်အခဲဖြစ်သွားခဲ့ရပါတယ်။ အချိန်ကလည်း ကျနော်တို့ကို လာကြိုမယ့် ဧဂျင့်ချိန်းထားချိန် ရောက်ခဲ့ပြီဆိုတော့ ကျနော်တို့လည်း အထုပ်များ ပြန်လည်ရွေးယူရန်နေရာ ကို အရင်သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လမ်းညွှန် သင်္ကေတအတိုင်း လိုက်လာခဲ့ပေမယ့် လျှပ်စစ်ရထားလမ်း တစ်ခုအနီးမှာ လမ်းဆုံးသွားခဲ့တယ်။ ကျနော်လည်း ရထားစောင့်နေသော လူအချို့ထဲမှ ရည်ရည်မွန်မွန်ရှိသော အမျိုးသမီးတစ်ဦးကို အထုပ်ရွေးဘို့နေရာ မေးလိုက်တယ်။ သုံးကြိမ်တိုင်ထပ်မံပြောပြအပြီးမှာ သူမသေသေချာချာ သဘောပေါက်သွားတယ်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာကို အရင်သွားရမှာဖြစ်ပြီး ပြီးမှအထုပ်ရွေးရမှာ ဆိုတာနှင့် ကျနော်တို့ရှာဖွေရာ လူဝင်မှုကြီးကြပ်ရေး ကောင်တာ (၁၀၁) ကို ဒီရထားဖြင့်ဘဲ သွားရမှာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။

ဒီလိုနဲ့ကျနော်တို့လည်း ထိုအမျိုးသမီးရဲ့ အကူအညီနဲ့ ချိန်းထားရာနေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တော့တယ်။ အချိန်ကချိန်ထားချိန်ထက် ၁၀-မိနစ်လောက် နောက်ကျနေပြီ ဒါပေမယ့် သူလိုကိုယ်လို စောင့်နေကြတဲ့ မြန်မာလူမျိုး အများစုကြောင်း အတန်ငယ်စိုးရိမ်မှု လျှော့ပါးသွားခဲ့ရတယ်။ နာရီဝက်လောက် ထပ်စောင့်အပြီးမှာ လာကြိုတဲ့ ဧဂျင့်ရောက်လာပြီး စာရွက်စာတမ်းတွေ ကောင်တာမှာထပ်ပြီး ခဏစောင့်ရပါတယ်။ ကျနော်တို့လည်း ဘေးမှာရှိတဲ့ ထိုင်ခုံတန်းရဲ့ လွတ်နေတဲ့အတန်းတတန်းမှာ ၀င်ထိုင်ဖြစ်လိုက်တယ်။ ထိုအခိုက် နင်တို့တွေ ဘယ်ကလာတာလဲ ? လို့ အင်္ဂလိပ် ဘာသာနဲ့ခပ်ကြမ်းကြမ်းအသံနဲ့မေးလာတဲ့ အမျိုးသမီးတစ်ဦး ရောက်လာခဲ့ပါတယ်။ (လက်ထဲမှာသန့်ရှင်းရေး ပစ္စည်းအချို့နှင့်ပြောလာသော ထိုအမျိုးသမီးမှာ နောင်မှ အင်ဒိုနီးရှား အမျိုးသမီးကြီး ဖြစ်တယ်လို့ ကျနော်ကောက်ချက်ချနိုင်ခဲ့ပါတယ်။) ခပ်ညံ့ညံ့ လေယူလေသိမ်းနဲ့ အတန်ငယ်ရိုင်းပျတဲ့ စကားလုံးများနှင့် ပြောဆိုခဲ့ပေမယ် လွန်စွာမှ ကျယ်လောင်စွာ ပြောဆိုရဲတဲ့သူရဲ့လေသံမှာ ထုံးစံအတိုင်း ကျနော်ကဘဲ (ခပ်ကျယ်ကျယ်ပြောဖို့ မ၀ံ့ရဲတဲ့အတွက်) မတိုးမကျယ်လေသံလေးနဲ့ မြန်မာ ကလာတာပါ လို့ပြောတော့မှ နင်တို့တွေဟိုမှာ မြန်မာလို့ ရေးထားတာ မမြင်ဘူးလားလို့ ညွှန်ပြခဲ့တယ်။ ထိုအခါမှ ကျနော်တို့လည်း ထိုစာတမ်းကို ဂရုစိုက်မိကြတယ်။

တကယ်ဆို ဒီစာတမ်းက ပေ-၂၀၀ ပတ်လည်လောက်ရှိတဲ့ ကြမ်းခင်းပေါ်မှာ သူ့နိုင်ငံနှင့်သူ အမည်ခွဲရေးသားထားခြင်းဖြစ်ပြီး၊ နံဘေးမှရှိတဲ့ ခုံတန်းရဲ့ထိုင်ခုံအရေအတွက် ရာဂဏန်းကျော်ကျော်က လေဆိပ်ကိုလာတဲ့ ဧည့်သည်များအတွက်သာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်ပထွက်အလုပ်လုပ်မယ် ... ၊ မလေးရှားသွား အလုပ်လုပ်မယ် ...၊ ဆိုပြီး အထင်တကြီး စိတ်ဝင်တစားရှိကြသူများအတွက်ကတော့ ထိုင်ခုံလွတ်များစွာရဲ့နံဘေးက လူသွားစင်္ကြနဲ့ တပြေးညီဖြစ်တဲ့ ကြမ်းခင်းပေါ်မှာ ထိုင်ပြီး (အချိန်နည်းနည်းများ ကြာခဲ့ရင်) လူတကာသနားတဲ့ အကြည့်နဲ့ ကြည့်တဲ့ဒဏ်ကို ခံနိုင်အောင် ပြင်ဆင်ထားစေလိုပါတယ်။

ဒီလိုနဲ့ဘဲ ကျနော်တို့လည်း ဧဂျင့်ရောက်လာပြီး လိုအပ်တဲ့စာရွက်စာတမ်းများ ဖြည့်စွက်ရင်း လူဝင်မှုကြီးကြပ်ရေး ကောင်တာကိုဖြတ်ကျော်ခဲ့ရတယ်။ ပြေးလမ်းပေါ်မှာ မရှိတော့တဲ့ အထုပ်တွေကို စတိုမှာသွားရွေးပြီး ကျနော်တို့ကားနဲ့ ကွာလာလမ်ပူလ်မြို့ကို ထွက်ခဲ့ကြတယ်။ ကားပေါ်တက်တက်ခြင်း ခါးပါတ်ပါတ်ဖို့ သတိပေးခြင်းခံရမှ အပ စိတ်အနှောင့်အယှက်ကြုံစရာ တစုံတခုမှ မရှိတော့ဘဲ အလုပ်ဝင်မယ့်နေရာကို ဆက်လက်ထွက်ခွာခဲ့ကြတော့တယ် ။

ဆက်ရန် >>>