Tuesday, October 30, 2007

ထိုင်း အစားအသောက်များ

မြန်မာတွေနဲ့ ရင်းနှီးနေတာ တွေကတော့ သင်္ဘောသီးထောင်းနဲ့ တုန့်ယမ် ခေါ် ယိုးဒယား ဟင်းချိုပါ။ သူတို့ ဘယ်နှစ်မျိုးစီ ရှိကြတယ် ဆိုတာ ပြောပြမယ်နော်… သိသလောက်ပေါ့… ၂မျိုးလုံးအတွက် အစပ် မထည့်ဘူး ဆိုရင် မိုက်ဖဲ့ထ် (Mai Phet)၊ လို့ ပြောရပါတယ်။ တအားစပ်တာကို ဖဲ့ထ်မာက်မာက်၊ အနေတော် စပ်တာကို ဖဲ့ထ် ပန်ကလန်၊ နည်းနည်းစပ်တာကို ဖဲ့ထ် နစ်နွိုင် (Phet Nik Noi) ပါတဲ့။

သဘောင်္သီးထောင်း

သဘောင်္သီးထောင်း ကို ထိုင်းလို စုန့်ပ်သမ် လို့ အသံထွက်ပါတယ်။ သူတို့ ထုံးစံက မုန့်ဟင်းခါး မုန့်ဖတ် ကို သဘောင်္သီးထောင်း နဲ့ စားတာပါ။ ကောက်ညှင်းနဲ့လဲ စားလေ့ ရှိပါတယ်။ သဘောင်္သီး ထောင်း ပုံစံ အမျိုးမျိုး ရှိပါတယ်။ မြေပဲနဲ့ ထောင်းတဲ့ သက်သတ်လွတ် ထောင်း၊ ပုစွန် ခြောက် နဲ့ ထောင်းတဲ့ ပုံစံ တမျိုးနဲ့ ဂဏန်း ငါးပိကောင်နဲ့ ထောင်း တဲ့ပုံစံတို့ ဖြစ်ပါတယ်။ နိုင်ငံခြားသား လာ ၀ယ်စားရင် အနောက်တိုင်းသား အကြိုက် မြေပဲနဲ့ ထောင်းပေးလေ့ ရှိပါတယ်။ အနောက်တိုင်းသား ပုံစံ မဟုတ်ဘဲ ထိုင်းပုံပေါက်နေရင်တော့ ဘာနဲ့ ထောင်းမလဲ လို့ ပြန်မေးလေ့ ရှိပါတယ်။ မြေပဲကို ထွယ်၊ ပုစွန်ခြောက်ကို ကွန်းဟဲန်းင်၊ ဂဏန်း ငပိကောင်ခေါ် ဂဏန်း အိုးစိမ်ကို ပူး လို့ ခေါ်ပါတယ်။ ထိုင်းဆိုင် တွေမှာ တခု ကောင်းတာက မီးဖို ချောင် ကို စားသုံးသူက အတိုင်းသား မြင်နေ ရတာ ပါပဲ။ သူတို့ ညစ်ပတ်လို့ မရဘူးလေ။ ဒီတော့ ကျွန်မ ရောက် စက ထိုင်းစကား မတတ်တော့ လက်ညှိုး ဘာသာနဲ့ပဲ အဆင်ပြေပါတယ်။ စားချင်တာ လက်ညှိုး ထိုးလိုက်တာပါပဲ။ ပြီးတော့ ဘောက်ချာ လေးထဲက အတိုင်း ငွေချေ.. စကားကို ပြောစရာ မလိုတာပါ။

ပါဝင် ပစည်းများကတော့ ကိုယ်ရွေးချယ်တဲ့ (မြေပဲ၊ ပုစွန်ခြောက်၊ ဂဏန်း ငပိကောင် တမျိုးမျိုးနဲ့ ) သင်္ဘောသီး စိန်ခလုတ်ခြစ်၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ပင်လယ်အုန်းကနေ ချက်တဲ့ သကြားခဲ၊ ငံပြာရည် တို့နဲ့ ရောထောင်းလေ့ ရှိပါတယ်။

တုန့်ယမ် ခေါ် ယိုးဒယား ဟင်းချို

ထိုင်းရဲ့ နာမည် အကြီးဆုံး ဟင်းလျာပါ။ တုန့်ယမ် ကွန်း ခေါ် ပုစွန်တုန့်ယမ်၊ တုန့်ယမ်ကိုင် ခေါ် ကြက်သားတုန့်ယမ်၊ တုန့်ယမ်ထလေ ခေါ် ပင်လယ်စာ တုန့်ယမ် (ပင်လယ်ကို ထိုင်းလို ထလေ လို့ ခေါ်လို့ပါ) ၊ တုန့်ယမ် လွမ်မစ်ခေါ် အသားစုံ တုန့်ယွမ်၊ ၀က်ခြေတောက် တုန့်ယမ်းကို တုန့်ယမ်ခါမူ လို့ခေါ်တယ်။ ကျွန်မသိသလောက် ဒါအကုန်ပါ J နောက်ပြီး အရည်ကျဲ နာမ်းဆိုင်မ် နဲ့ အရည်နောက် နမ့်ကွန်း လို့ အထက်က အရာအားလုံးကို ပြန်ခွဲပါ သေးတယ်။ အရည်နောက် ဆိုတာ ငရုတ်သီး အဆီနဲ့ ပုစွန်အနှစ် ထည့်ထားလို့ အရည်က ပိုလေး ပိုအကြော တက်တာ ပေါ့။ အရည်ကျဲ ထဲမှာ အဲဒီ ၂ခု မပါပါဘူး။ အုန်းနို့လဲ မပါ ပါဘူး။ အစပ်ပေါ် မူတည်ပြီး အပေါ်ဆုံးမှာ ပြခဲ့တဲ့ အတိုင်း သုံးမျိုး ထပ်ခွဲပါ သတဲ့။ မစပ်တာကို တုန့်ယမ် နာမ်းဆိုင်မ်ပါတဲ့။

ဝက်ခြေထောက် တုန့်ယမ်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ပိုစားလေ့ ရှိပါတယ်။ တရုတ် ပြည်၊ လာအို နယ်စပ်နဲ့ နီးလို့ ထင်ပါရဲ့။ အိစံနယ်လို့ ခေါ်တဲ့ နယ်တွေမှာ အစားများသတဲ့။ အိစံ အစားအသောက် စာရင်းဝင်ပေါ့နော်။ ထိုင်းအလယ်ပိုင်းမှာတော့ ပုစွန် တုန့်ယမ်နဲ့ ကြက်သား တုန့်ယမ် ဆိုင်တွေ ပိုများပါတယ်။ ကမ်းရိုးတန်း တလျှောက်က မြို့တွေ ကျတော့ ပင်လယ်စာ တုန့်ယမ်ပေါ့။ မလေးရှားနဲ့ ကပ်လျက်က တောင်ပိုင်း နယ်တွေမှာတော့ တုန့်ယမ်ကို အုန်းနို့ ထည့် ချက်တာ အစားများပါတယ်။ မလေး အငွေ့ ဟပ်တယ် ထင်ပါ့။ ဒါပေမယ့် ကမ္ဘာလှည့် ခရီးသည် အလာများတဲ့ မြို့တွေ မှာတော့ အမယ်စုံကို ရတာပါ။ လေဆိပ်မှာဆို တုန့်ယမ် တမျိုးတည်း သီးသန့် ရောင်းတဲ့ ဆိုင်တောင် ရှိပါသေးရဲ့။

ထိုင်းအစားအသောက်ထဲမှာ ဒီနှစ်မျိုးကတော့ ဟင်းချက်နည်း အိပ်စ်ပို့ တောင် လုပ်ပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ထိုင်း စားသောက်ဆိုင်တွေ ဖွင့်ပြီး ဒီဟင်းတွေကို ဈေးကွက်တင် ရောင်းတာပါ။ အော်စီကို ရောက်ခဲ့တုန်းက ထိုင်းစားသောက်ဆိုင်မှာ ဒီဟင်းတွေ တွေ့ခဲ့ပါသေးတယ်။

စိတ်ကူးထဲမှာတော့ မြန်မာ မုန့်ဟင်းခါးကို လေဆိပ်မှာ ပုံစံစုံ ချက်ရောင်းလိုက်ချင်တယ်။ မန်းလေးချက်၊ ပြည်ချက်၊ ဟင်္သာတ ချက်၊ ပုသိမ်ချက်၊ တောင်ငူချက်၊ ရခိုင်ချက်၊ မော်လမြိုင်ချက်၊ ထားဝယ်ချက် ဆိုပြီး လေ (နောက်ထပ် ကျန် သေးလား မသိတော့ဘူး) နောက်ပြီး နိုင်ငံခြားမှာပါ ဆိုင် အပျံစားကြီး တွေနဲ့ တို့ မြန်မာ အစားအစာ ဆိုတာ ဒီလိုကွလို့ တည်ခင်း ရောင်းချ အိပ်စ်ပို့ လုပ်ချင်လိုက်တာ… လော လော ဆယ်တော့ ဘန်ကောက် မှာ နိုင်ငံခြားသား ဧည့်ကောင်း စောင်ကောင်းကို အဲလို တည်ခင်း ဧည့်ခံ နိုင်လောက်တဲ့ မြန်မာ စားသောက်ဆိုင် ကောင်းကောင်းလဲ မတွေ့မိသေး။ ခါချဉ်ကောင် မာန်ကြီးပြီး တခါ ဆိုင်ဖွင့်လိုက် မိပါတယ် ၆လ မပြည့်ခင် ဆေးရုံ တက်လိုက် ရတော့ ဆိုင်လဲ ပိတ်လို့။ ကိုယ်တိုင် မလုပ်နိုင် တော့ပေ မယ့် ဘယ်သူ လာဖွင့်ဖွင့်ပါ။ အားရပါးရ ကြော်ငြာခ မယူဘဲကို လိုက် ကြော်ငြာပေး ကိုယ်တိုင်လဲ လိုက် အားပေးဦးမယ်။ မျှော်နေတယ် မြန်မာ စားသောက်ဆိုင် ကောင်းကောင်း ကြီးကို….

(ထိုင်း အခေါ်အဝေါ်များကို ဓာတ်ပုံ ကိုချစ်ဦးမှ ကူညီ ပံ့ပိုး ပါသည်)

Thursday, October 25, 2007

ကမ်းခြေ မှာ အပန်းဖြေရအောင်


အားလုံးမင်္ဂလာပါခင်ဗျား. လှပတဲ့ ကမ်းခြေဓာတ်ပုံတွေကို သီတင်းကျွတ်မတိုင်ခင်လေးမှာ တင်လိုက်တယ်။ မိတ်ဆွေများအားလုံးကြိုက်ကြမယ်လို့ထင်ပါတယ်။ တောတောင် ရေမြေ ကမ်းခြေ နဲ့ဖြူဖွေးတဲ့ သဲသောင်ပြင်က အနှိုင်းမဲ့ပေါ့။ ဒါကြောင့်မို့လဲ world top ten ထဲစာရင်းဝင်ခဲ့တာပေါ့ ။ ပင်လယ်ရေက အရမ်းကို ပြာပြီးကြည်စိမ်း နေတာပဲ သဲသောင်တွေဆို ဖွေးဥပြီး မှုန့်နေတာပဲ နောက်ပြီး ရေအောက်မှာ သိပ့်လှတဲ့ ရောင်စုံငါး တွေအများကြီးပဲ သိပ့်ပြီးအပန်းဖြေခြင်စရာနေရာလေးပါ ။ ဒီကိုအလည်လာတဲ့ ဧည့်သည်တွေက ဥရောပတိုက်သားတွေများတယ်။ ဟန်းနီးမွန်း အတွဲတွေ အတွက်စိတ်ကြိုက်နေရာလေးပေါ့။ ကျွန်းအမည်က TIOMAN ISLAND တဲ့ ။ ဒီဓာတ်ပုံတွေ အားလုံးကို ကျွန်တော် ကိုယ်တိုင် လက်ရှိ နေထိုင်အလုပ်လုပ်နေတဲ့ tioman island ( www.japamalaresorts.com ) မလေးရှား မှာရိုက်ထားတာဖြစ်ပါတယ်။ ဒီမှာကရာသီဥတု နှစ်မျိုးပဲရှိတယ်။ မိုးရာသီ ( အောက်တိုဘာ မှ မတ်လ အထိ ) နဲ့ နွေရာသီ ( ဧပြီ မှ စက်တင်ဘာလ အထိ ) နှစ်မျိုးပဲရှိတယ်။
အခုဆို မိုးတွင်း ရောက်လာပြီ။ လှိုင်းရော၊ လေရော၊ မိုးရော၊ သဲကြီး မဲကြီး နဲ့ အားခဲပြီးလာနေကြပါပြီး၊
စိတ်ဝင်စားရင်တော့ ကော့မန်းလေးပေးခဲ့ပေါ့ ။ ဒီနေရာက အခြားဓာတ်ပုံလှလှလေးတွေရိုက်ပြီးတင်ပေးမယ်လေ။ အော်နောက်တစ်ခုကျန်သေးတယ် မကြာမကြာ လင်းပိုင်ငါးတွေလဲ တွေ့ရတယ်။ ကြည့်ခြင်တယ်ဆို ထပ်တင်ပေးမယ်. ကော်မန်းပေးခဲ့ရင်ပေါ့

Friday, October 19, 2007

နယ်စည်းမခြား နဲ့ ကျွန်ပ်၏ခံစားချက်

မလေးရှားမှာ နောက်ထပ် တစ်နှစ် ထပ်နေရအုံးမယ်ဆိုတဲ့ အသိကြောင့် ၂ နှစ်ပြည့်လို့ ဒုတိယအခေါက် အိမ်ပြန်ခြင်တဲ့ ဆန္ဒက ရင်ထဲမှာအပြည့်နဲ့ပေါ့၊ တစ်နှစ်မှာ တစ်ခေါက်တော့ မဖြစ် ဖြစ်တဲ့နည်းနဲ့ မရ ရအောင်ပြန်ဖြစ်ပါတယ်..လွှမ်းရမဲ့သူတွေကို လွှမ်းရတာလဲ အမောပါပဲ။ စဉ်စားရင်းနဲ့လည်း အချိန်တိုင်းရင်ခုန်မိတယ်..။ ရေခြားမြေခြားမှာ ပင်လယ်ခြား သမုဒ္ဒရာခြား ပြီးဘ၀ကို ရင်ဆိုင်နေကြတဲ့ ကျနော်တို့လိုပဲ အခြားသောမိတ်ဆွေတွေလည်း မနည်းပါဘူး ။ သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ကိုယ် ဆိုပေမဲ့ ဒီနည်စည်းမခြား blog နဲ့ ကျနော်တို့ရဲ့ bloger မောင်နှမတွေကို လိုအပ်တဲ့အချိန်မှာ နွေးထွေးမှုတွေ အင်အားတွေအများကြီး ပေးနိုင်ပါလိမ့်မယ်လို့မျှော်လင့်မိပါတယ်။ ခရီးသွားခဲ့ကြတဲ့ အတွေအကြုံနဲ့ အခက်အခဲတွေကို ဒီ blog လေးမှာဖော်ပြရင်းနဲ့ ..... ဆက်လက် ရှင်သန်သွားမယ်လို့ ......(ပျော်ရွှင်စရာအကြောင်းလေးတွေနဲ့ ဓာတ်ပုံလှလှလေးတွေကိုလည်း တင်ကြပါနော်)..

( ဆက်လက်ဖော်ပြပါမည် )

ဘယ်တော့မှ နယ်စည်းမခြားကြေး

စည်းဆိုသည်မှာ လူ့စည်းဘီလူးစည်း သူ့စည်း ကိုယ့်စည်း အသီးသီး ရှိတယ်တဲ့။
ကျမတို့ ဘလော့ဂ် ရပ်ဝန်းလေးမှာလဲ နယ်နိမိတ်စည်းလေးရှိကောင်းရှိမယ်။
တချို့ စည်းခြားသလို ခံစားကြသတဲ့။
ကျမ ရင်ထဲမှာတော့ နယ်နိမိတ်စည်းဆိုတာ မြေပုံထဲမှာပဲ အသုံးဝင်ကောင်းဝင်မယ်။
ကျမအတွက်ကတော့ အဲဒီစည်းမျိုး ခံစားလို့ မရဖူးဘူး။

ပြည်ပဘလော့ဂါ အစ်ကိုတစ်ယောက်က သူနဲ့ မြန်မာပြည်တွင်း ဘလော့ဂါတွေကြားမှာ `မမြင်နိုင်တဲ့ စည်း´ ခြားနေသလို ခံစားလိုက်ရတယ်လို့ သူ ရေးခဲ့မိပါတယ်။ လူတယောက်နဲ့ တယောက် ခင်မင်ကြတဲ့ ခင်မင်မှုစည်း မဟုတ်တဲ့ `အခြေအနေစည်း´ `အကန့်အသတ် စည်း´ တနည်းအားဖြင့် `မမြင်နိုင်တဲ့ စည်း´ …။
အဲလိုရေးခဲ့ ဖူးပေမဲ့ ......
နောက်ဆုံးမှာတော့ အဖြေတခု ရသွားတယ်။ `မမြင်နိုင်တဲ့ စည်း´ ဆိုတာက ကျနော်တို့တွေရဲ့ `စိတ်´ တွေကိုတော့ စည်းမခြားနိုင်ဘူး။ သူတို့ ရေးနေတာတွေကို လိုလိုလားလား ဖတ်ချင်နေတဲ့ စိတ်ကို ဘယ်စည်းကမှ လာခြားလို့ မရဘူး။ ဒါဖြင့် သူတို့ကရော ကျနော်တို့ ရေးနေတာတွေကို ဖတ်ချင်စိတ် ရှိမှာလား…။ လာဖတ်ကြလား…။

ကျနော်ယုံကြည်ပါတယ်။ ကျနော်တို့ `စိတ်´ တွေတော့ `စည်း´ မခြားလောက်သေးပါဘူး…။ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မခြားလောက်သေးတာ မဟုတ်ဘူး။ ဘယ်တော့မှ မခြားတာ။
(ကိုစေးထူးပို့စ်မှ)

ကျမအနေနဲ့ ကတော့ အွန်လိုင်းရော အော့ဖ်လိုင်းပါ ရင်းနှီးကြတာ စည်းလုံးကြတာ without boders for Myanmar Bloggers လေ နော်..နော်နယ်ခြားမဲ့ စည်းမခြားသော မြန်မာဘလော့ ဂါ မောင်နှမများပါလေ(ဒီသဘောထား ပြည်တွင်းဘလော့ဂါများအားလုံး တစိတ်တ၀မ်းထဲပါ)

မပန်ကလဲ မှတ်ချက်မှာ ၀င်ပြောတယ် သေချာတာကတော့ အပေါ်ယံမှာ မြင်ရသည် ဖြစ်စေ မမြင်ရသေးသည်ဖြစ်စေ မြန်မာ ဘလော့ဂါတွေ အားလုံးရဲ့ တူညီတဲ့ ခံယူချက်တွေနဲ့ တူညီတဲ့ပန်းတိုင်ကတော့ ရှိနေပါတယ်။ အားလုံးညီညီညာညာ လက်တွဲပြီး ရောက်သွားကြဖို့ မျှော်လင့်ပါတယ်တဲ့။