Monday, April 27, 2009

Chaung Tha Trip

ချောင်းသာကို သွားရမယ်ဆိုတော့ ကျွန်မ အတော်လေးကို ပျော်ရွှင်မိတာ အမှန်ပါပဲ။ ဒါ့အပြင် ရုံးကလူတွေနဲ့အတူ တစ်စုတစ်စည်းတည်း သွားရမယ်ဆိုတော့ ပိုပြီးတော့တောင် ပျော်စရာ ကောင်းအုံးမယ်လို့ တွေးမိပါသေးတယ်။ တစ်ကယ်လည်း ချောင်းသာခရီးက ပျော်စရာ အလွန်ကောင်းခဲ့တယ်လေ။ လမ်းခရီးမှာ နည်းနည်းပင်ပန်းခဲ့တာကလွဲလို့ ကျန်တာတွေအားလုံးဟာလည်း အဆင်ပြေချောမွေ့ပါတယ်။ ကျွန်မ ဘယ်လိုမှ မတွေးထားမိတာက ချောင်းသာမရောက်ခင်မှာ ရခိုင်ရိုးမကို ကျော်ရလိမ့်မယ်ဆိုတာပါပဲရှင်။ ဟုတ်တာပေါ့.. တောင်ကိုကျော်ပြီးမှ ပင်လယ်ကိုရောက်တဲ့ ထုံးစံကို ကျွန်မက မေ့ထားခဲ့တာကိုးရှင့်။ ဧရာဝတီတိုင်းထိ ထိုးထွက်ရှည်လျားနေတဲ့ ရခိုင်ရိုးမကို ကျော်ရတာဟာ ကျွန်မတို့ ကိုယ့်ဒေသကိုပြန်သလောက် တောင်ရိုးမရှည်ပေမယ့် ပင်ပန်းခဲ့တာချင်းကတော့ အတူတူပါပဲ။

ပုသိမ်ကို ကျော်လွန်လာခဲ့လို့ တောင်ကိုစတက်တယ်ဆိုရင်ပဲ တောင်ရဲ့ အကွေ့အကောက်၊ အတက်အဆင်းတွေဟာ ကျွန်မ ရင်းနှီးနေကျပုံစံနဲ့ တူတယ်လို့တော့ ထင်ခဲ့မိပါရဲ့။ ရန်ကုန်နဲ့ မာန်အောင်ကို အခေါက် နှစ်ဆယ်ထက်မနည်း ကူးချည်သန်းချည်းနဲ့ ကျောင်းတက်လာခဲ့ရတဲ့ ကျွန်မတို့ဟာ ရခိုင်ရိုးမရဲ့ တောင်ကွေ့တွေကို မှတ်မိနေတာကတော့ မဆန်းပါဘူးရှင်။ ကျွန်မ ရိပ်တော့ ရိပ်မိလိုက်တယ်.. ကျွန်မ ထုံးစံအတိုင်း အန်တော့မယ်ဆိုတာ။ ဘာလို့လဲဆိုတော့ လမ်းက အကွေ့အကောက်များတယ်တဲ့အပြင် လမ်းကြမ်းတာကြောင့် ကားကလည်း အလွန်ခုန်တယ်လေ။ တောင်ကို တက်ပြီး နာရီဝက်လောက်ကြတယ်ဆိုရင်ပဲ ကျွန်မလည်း ရောဂါစတော့တာပါပဲရှင်။ မူးလိုက် အန်လိုက်တာများ ဟိုတယ်ကို ရောက်တဲ့အထိပါပဲ။ Hotel Max ကို ရောက်ပြီးပြန်တော့လည်း တစ်ခြားသူတွေက အကုန်အခန်းရပြီး ကျွန်မတို့နေ့မယ့်အခန်းက Room Cleaning မပြီးသေးတာကြောင့် မောမောပန်းပန်းနဲ့ပဲ Reception မှာ ဆက်စောင့် နေရပါသေးတယ်။ အခန်းလည်းရရော ကျွန်မှာ ခရီးပန်းလာတာကြောင့် ဟန်တောင်မဆောင်နိုင်ပဲ အိပ်ရာထဲ လဲတော့တာပါပဲရှင်။ ညကလည်း တစ်ညလုံး မအိပ်ပဲနေခဲ့တာကြောင့် ပိုအားနည်းနေတာလည်း ပါမှာပေါ့လေ။ ကျွန်မတို့က ရန်ကုန်ကနေ မနက် ငါးနာရီလောက်ကို စထွက်ပြီး ချောင်းသာကို နေ့လည် ဆယ့်နှစ်နာရီလောက်မှာ ရောက်ပါတယ်။ ရုံးကစထွက်တာကတော့ မနက်လေးနာရီဆိုပေမယ့် ရုံးကိုမလာပဲ လမ်းကနေကြားဖြတ်လိုက်မယ့် သူတွေကို လျှောက်ခေါ်ရသေးတာကြောင့် မနက်ငါးနာရီလောက်မှ ရန်ကုန်က စထွက်ရတာပါ။

ဖုန်းခေါ်သံတွေကြောင့် ကျွန်မနိုးလာတော့ ညနေသုံးနာရီလောက် ရှိပြီထင်ပါရဲ့။ ရေထဲဆင်းဖို့ အကောင်းဆုံး အချိန်ပေါ့ရှင်။ ဒါနဲ့ကျွန်မလည်း အင်္ကျီလဲ.. ဘောင်းဘီတိုဝတ်.. Sun Block တွေ တစ်ကိုယ်လုံး လူးပြီး သူငယ်ချင်းတွေနဲ့ ရေထဲဆင်းဖို့ ပြင်တော့တာပေါ့။ ဟိုတယ်က ကမ်းစပ်မှာရှိတာကြောင့် နည်းနည်းလောက် လမ်းလျှောက်လိုက်ရင်ပဲ ကမ်းခြေကို ရောက်သွားပါပြီ။ ပင်လယ်ကြီးကို မြင်လိုက်ရတော့ ကျွန်မရဲ့ စိတ်တွေလည်း ပြန်လည်လန်းဆန်းပြီး အားအင်တွေ ပြည့်လာတော့တာပေါ့။ ကျွန်မတို့လည်း ဘောကွင်းတွေ ငှားပြီး ရေထဲကို တစ်ခါတည်းကို ပြေးဆင်းကြတော့တာပါပဲ။ ရေအနက်ကြီးထိဆင်းပြီး ရေထဲကနေ ကမ်းစပ်ကို အပြေးပြိုင်ကြတယ်၊ ဘောပေါ်တက်နေတဲ့သူတွေကို ရေထဲ မရ အရ နှစ်ချတယ်၊ ရေကြောက်တတ်တဲ့သူတွေကို အဝေးကြီးထိ မရ ရအောင်ခေါ်သွားလိုက်ရတာနဲ့ ပျော်စရာကို ကောင်းနေရောရှင်။ ယောင်္ကျားလေးတွေကတော့ ကမ်းစပ်မှာ ဘောလုံးကန်နေကြလေရဲ့။ ကမ်းစပ်မှာ ငါးကင်တွေ၊ ပုဇွန်ကင်တွေလည်း ၀ယ်စားကြသေးတယ်။ အုန်းသီးရည်တွေလည်း သောက်ကြသေးတယ်။ ညနေ ခြောက်နာရီကျော်လောက်မှ ကျွန်မတို့ ရေထဲကနေပြန်တက်ခဲ့တယ်။ ဒါတောင် သိပ်တက်ချင်ကြသေးတာ မဟုတ်ဘူး။ ကျွန်မမှာ ရေကူးရင်း မူးလာတာကြောင့် ဘယ်လိုမှ ဆက်မကူးနိုင်တာနဲ့ ဟိုတယ်လ်ကို ပြန်နားဖို့လုပ်ရင်း အကုန်လိုက်ပြန်ခဲ့ကြတာ။

နောက်နေ့မနက်ကျတော့ သဲဖြူကျွန်းကို သွားဖို့လုပ်ကြတယ်။ ဟိုတယ်လ်မှာပဲ နံနက်စာစားပြီး ကိုးနာရီ ကျော်ကျော်လောက်ကို စက်လှေနဲ့ထွက်လာကြပါတယ်။ သဲဖြူကျွန်းဟာ ချောင်းသာကမ်းခြေကနေ ဆယ့်ငါးမိနစ်ကျော်ကျော်လောက် စက်လှေနဲ့ သွားရပါတယ်။ သဲဖြူကျွန်းဆိုတဲ့အတိုင်း အဲဒီက သဲတွေဟာ ဖြူဖွေးပြီး အလွန်လှပပါတယ်။ ကျောက်ဆောင်တွေလည်း အလွန်ပေါများပြီး ဓါတ်ပုံရိုက်လို့ အရမ်းကိုကောင်းတဲ့ နေရာပေါ့။ အဲဒီမှာ လှိုင်းတွေကလည်း ချောင်းသာကမ်းခြေမှာထက် ပိုကြီးတယ်။ ရေတွေကလည်း စိမ်းလဲ့ပြီး ကြည်နေလိုက်တာများ အောက်ခြေထိကို မြင်နေရပါတယ်။ ကျွန်မတို့ အဖွဲ့ဆို ရောက်ကတည်းက အပြန်ထိ ရေထဲကကို မတက်ကြဘူးလေ။ ကျောက်ဆောင်တွေပေါ်မှာ ထိုင်ရင်း လှိုင်းရိုက်တဲ့ဒဏ်ကို ခံရတာ တစ်ကယ့်ကို ဖီလ်းပါပဲရှင်။ ရေတွေက မျက်စိထဲလည်းဝင် ပါးစပ်ထဲလည်းဝင်နဲ့ ငန်လိုက် စပ်လိုက်တာများ မပြောပါနဲ့တော့။ ဒါပေမယ့် ငန်တာကငန်တာ၊ စပ်တာက စပ်တာ၊ ရေစိမ်တာက ရေစိမ်တာပဲလေ။ သြော်.. ကျွန်မတို့တွေက ရေမကူးတတ်တော့.. ချောင်းသာကို ရေသွားကူးတာ မဟုတ်ဘူးရှင့်။ ပင်လယ်ရေ သွားစိမ်တယ်လို့ ခေါ်ရမှာပေါ့နော်။

သဲဖြူကျွန်းက ပြန်ရောက်တော့ နေ့လည်တစ်နာရီလောက်ရှိပါပြီ။ နေ့လည်စာစား.. ခဏ နားပြီးတာနဲ့ ညနေမီးပုံပွဲအတွက် ပြင်ဆင်ကြပါတော့တယ်။ အဲ့ဒီမှာ ဂိမ်းပြိုင်ပွဲတွေလည်းရှိတယ်လေ။ ပုဇွန်ကင်၊ ဂဏန်းကင်၊ ငါးကင်တွေလည်း အလျှံပယ်စားရမှာဆိုတော့ ဒီပွဲကို မနွှဲလို့မဖြစ်ဘူးရှင့်။ ဂိမ်းဆော့ရင်လည်း ဂိမ်းမာစတာ ခိုင်းတဲ့အတိုင်း မရှက်မကြောက်လုပ်ကြဖို့ တိုင်ပင်ရသေးတယ်။ ဒါမှ ဆုရမှာ မဟုတ်လားရှင့်။ တစ်ကယ်လည်း ကျွန်မတို့ အရှက်မရှိ လုပ်ခဲ့ကြပါတယ်။ သင်္ကြန်အကပြိုင်တာ၊ မိန်းကလေးက ယောင်္ကျားလေးလို သရုပ်ဆောင်၊ ယောင်္ကျားလေးက မိန်းကလေးလို သရုပ်ဆောင်ပြီး အတွဲလိုလျှောက်ရတာ၊ I Love Chaung Tha ကမ်းခြေ…………… ဆိုပြီး အသံကိုအရှည်နိုင်ဆုံး ဆွဲပြီးအော်ရတာ၊ ယောင်္ကျားလေးက ပေါင်ကိုကားထားပြီး မိန်းကလေးက ဘောလုံးကို ၀င်အောင်ကန်ရတာ စသဖြင့် စုံနေအောင်ကို ဆော့ကြပါရော။ ကျွန်မတို့အဖွဲ့က ဒုတိယ ရပါတယ်။ ကျွန်မက အကကောင်းတာကိုးရှင့်။ သင်္ကြန်အကနဲ့ အမှတ်တက်သွားတာလေ.. ဟဲ ဟဲ။

မီးပုံပွဲက ညဆယ့်တစ်နာရီမှာ ပြီးပေမယ့် ကျွန်မတို့တွေ အခန်းကိုမပြန်ပဲ ကမ်းခြေမှာ ဆက်ကဲကြပါသေးတယ်။ ကာရာအိုကေဆိုပြီး ကလိုက်၊ ၀မ်း တူး သရီးနဲ့ ပင်လယ်ကြီးကို မျက်နှာမူပြီး အော်ချင်ရာတွေ လျှောက်အော်လိုက်၊ လှိုင်းသံတွေကို နားထောင်လိုက်နဲ့ တစ်ကယ်တမ်း အခန်းကိုပြန်နားတော့ ညတစ်နာရီကျော်နေပါပြီ။ မနက်ကို ရန်ကုန်ပြန်မှာဆိုတော့ ကျွန်မတို့လည်း မအိပ်ချင်ပေမယ့် အိပ်ဖို့ လုပ်ရတာပေါ့။ ဒါတောင် တစ်ချို့အဖွဲ့တွေ ဟိုတယ်လ်က မြက်ခင်းပြင်မှာ ဂစ်တာနဲ့ သီချင်းဆိုနေကြသေးတယ်တဲ့။

နောက်နေ့ကျတော့ ကျွန်မတို့အကုန်လုံး မနက်စာစားအပြီးမှာ ရန်ကုန်ကို ပြန်လာခဲ့ကြပါတယ်။ အပြန်ခရီးကလည်း ကားပေါ်မှာ ဂစ်တာသံ တစ်ဒေါင်ဒေါင်နဲ့ ပျော်စရာကို ကောင်းနေရောပေါ့။ ကျွန်မကတော့ အတော်လေးကို အသားမဲလာတယ်။ ၀တ်တာတွေကလည်း ဒူးလောက် ပေါင်လောက်တွေဆိုတော့ ကျွန်မမှ အသားမမဲရင် ဘယ်သူအသားမဲတော့မလဲနော်။ ပြန်ဖြူအောင် Whitening Lotion တွေလူးပြီး အိမ်တွင်းအောင်းရအုံးမယ်။

တစ်ကယ်တမ်းပြောရရင်တော့ ချောင်းသာက သွားရေးလာရေးအဆင်ပြေလို့သာ လူတွေ အများကြီးသွားနေကြတာ ရခိုင်ပြည်နယ်ဘက်က ကမ်းခြေတွေလောက် မသာယာဘူးရှင့်။ သဲတွေကလည်း ဖြူဖွေးနေတာ မဟုတ်ပဲ ညိုညစ်ညစ်နဲ့၊ အုန်းပင်တွေလည်း သိပ်မရှိပါဘူး။ ပြီးတော့ ကမ်းခြေကိုလည်း သိပ်မထိမ်းသိမ်းနိုင်တာ တွေ့ရပါတယ်။ ရေထဲမှာတောင် ဒိုက်တွေတွေ့နေရသေးတယ်လေ။ ဘာပဲပြောပြောပါ ချောင်းသာကို သွားလိုက်ရတာကတော့ ကျွန်မအတွက် တစ်ကယ့်ကို Relax ဖြစ်သွားစေပါတယ်ရှင်။ ဓါတ်ပုံတွေကတော့ သေချာမရိုက်ခဲ့ရပါဘူး။ တစ်ကယ်က ကျွန်မက ရှုခင်းတွေကို ပိုရိုက်ချင်တာ။ ဒါပေမယ့် သိတယ်မဟုတ်လား ပါလာတဲ့လူတွေကများများ ကင်မရာက နည်းနည်းဆိုတော့ ငါ့ကိုရိုက်ပါအုံး.. သူ့ကို ရိုက်ပါအုံးနဲ့ ကျွန်မပုံတောင် သိပ်မပါပါဘူးရှင်။ ဒီတော့ ကောင်းတဲ့ပုံလေးတစ်ချို့ကိုပဲ ဘလောဂ့်မှာ တင်ပေးလိုက်ပါတယ်။ ကျွန်မကင်မရာက ပျက်သွားတော့ တိုလီရဲ့ ကင်မရာကို ငှားသွားရတယ်လေ။ အခုတောင် ပိုစ့်တင်ပြီး ကင်မရာပြန်တောင်းခြင်း ခံနေရတယ်ရှင့်။ ဘာပဲပြောပြော ကျေးဇူးတင်ပါတယ် တိုလီမောင်လေးရေ။


လှိုင်းလေးတွေ ဖွေးကာ ဖွေးကာ ပြာသော ကောင်းကင်အောက်မှာ ချစ်စရာ


Image Hosted by ImageShack.us


Image Hosted by ImageShack.us


Image Hosted by ImageShack.us


စည်ကားနေတာ ချောင်းသာကမ်းခြေကြီး


Image Hosted by ImageShack.us


အုန်းလက်ဦးထုပ် ရောင်းတဲ့ ကလေးလေး တစ်ယောက်


Image Hosted by ImageShack.us


Image Hosted by ImageShack.us


သဲဖြူကျွန်းမှာ လန်းနေတာလေ.. အသားကို မဲရော


Image Hosted by ImageShack.us


ရေတိမ်နစ်တော့ မလို့...


Image Hosted by ImageShack.us


စက်ဘီးကလည်း စီးလိုက်သေးတယ်...


Image Hosted by ImageShack.us


လုပ်ချင်တာကတော့ တိုင်တင်းနစ်ပေါ့.. ဖြစ်နေတာက တစ်ယောက်တည်း..


Image Hosted by ImageShack.us



8 comments:

Nge Naing said...

စာလာဖတ်ပြီး ချောင်းသာက ရှုခင်းတွေကို ကြည့်သွားပါတယ်။ ခရီးသွားအတွေ့အကြုံကို မျှဝေပေးတာ ကျေးဇူးပါ။

Vigor said...

Love your images..Keep going..

phoolay said...

မမ ပင့်ေ၇ လှလိုက်တာနော်
နောက်က ၇ှု ခင်းတွေ ကို ပြောတာနော်.......

taze said...

လာဘ်ပါးလိုက်တာဗျာ။ ချောင်းသာရိုက်တဲ့ပုံတွေက မြန်မာအမျိုးသမီးတဲ့လား။ ဒါလား နယ်စည်းမခြားဆိုတာ။ ကျော်ငြာဆိုရင်တော့ တစ်မျိုးပေါ့နော။ blogထိပ်မှာ ရေးထားတဲ့ စာတမ်းကို ပြန်ပြင်သင့်တယ်။

taze said...

ကျန်တာတွေ အားလုံးကောင်းတယ်။ လေးစားလောက်တဲ့ဂုဏ်လဲရှိတယ်။ ဒီပုံမျိုးကတော့ မတင်သင့်ဘူး။

ju said...

အမတော်တော်ပျော်နေပုံရတယ်နော်။ရူ့ခင်းတွေရောအမေ၇ာလှတယ်သိလား။

ကိုထွယ်အောင် said...

ကျနော်လည်း မမရဲ့ ဘလောက်(ဂ်) ကိုလာလည် ခဲ့ပါတယ်နော်။ စာဖတ်လိုက်တယ်။ ကောင်းတယ်။ ပုံလည်း အရမ်းလှတယ်။ ခင်မင်လျှက်-

nawko ko said...

ရေကူးချင်မိတယ်ဗျာ ပြီးတော့ အဲလိုမျိုးခရီးထွက်ချင်ပါရဲ့