Showing posts with label စင်္ကာပူလ်နိုင်ငံ. Show all posts
Showing posts with label စင်္ကာပူလ်နိုင်ငံ. Show all posts

Saturday, August 16, 2014

ပင်လယ်ဓားပြကျွန်း (သို့) ဘင်တန်သို့တစ်ခေါက်

     စင်္ကာပူမှာ နေရတာ နွားခြေရာခွက်ထဲက ဖားသူငယ်လိုပဲ လို့တော့ မပြောချင်ပါဘူး။ ဘာပဲဖြစ်ဖြစ်နိုင်ငံတကာနဲ့ ဆက်ဆံနေရတာတွေ၊ အင်တာနက် မီဒီယာတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေရတာတွေကြောင့်ပါ။ ဒါဆို ဒီလိုလေး ပြောင်းပြောချင်ပါတယ်။ နွားခြေရာခွက်ထဲမှာ အင်တာနက်သုံးနေရတဲ့ ဖားသူငယ်ဘ၀ပါ။ အဲဒါကြောင့် မြန်မာပြည်ကို အမြဲပြန်ရင်ပြန် သို့မဟုတ်ရင်လည်း အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ မလေးရှား အင်ဒိုနီးရှားတို့ကို သွားလည်ဖို့ အမြဲစဉ်းစားမိပါတယ်။ မလေးရှားကျတော့ KL Genting ကလည်း လေးငါးခေါက်ရှိပြီ၊ Cameroon Highland၊ Tioman Island တို့ကလည်း ရောက်ဖူးပြီးသားဖြစ်နေတော့ အင်ဒိုနီးရှားဖက်ကို ခြေဦးလှည့်ဖို့ ကြိုးစားကြည့်ပါတယ်။ အင်ဒိုနီးရှားဖက်ကို သွားဖို့ စဉ်းစားမိစေတဲ့ အချက်နောက်တစ်ချက်က မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအတွက် ဗီဇာမလိုတော့တဲ့ အချက်ကြောင့်လည်း ပါတယ်။ အရင်ကဆို အင်ဒိုနီးရှားဗီဇာက တကြိမ်ဝင်ခွင့် အတွက် စင်္ကာပူ ၇၅ ဒေါ်လာခန့် ပေးရတယ်လို့ မှတ်သားဖူးပါတယ်။ မလေးရှားတောင် စင်္ကာပူဒေါ်လာ ၂၀ ပေးရင် တစ်နှစ်စာ ကြိုက်သလောက် ၀င်ခွင့် ဗီဇာရပါတယ်။ အခုလို တစ်ခါသွားရုံအတွက် ၇၅ ဒေါ်လာပေးရတယ်ဆို မတန်ဘူးလို့ ထင်လို့ မသွားခဲ့ပါဘူး။ 
Agro Resort မှ လမ်းညွန်များ
            ဒါပေမယ့် မနှစ်က စပြီး ဗီဇာ မလိုတော့ဘူး ကြားရတဲ့အတွက် စင်္ကာပူရောက်မြန်မာတွေရော မြန်မာနိုင်ငံက လာလည်တဲ့ မြန်မာတွေအတွက်ပါ သက်သက်သာသာနဲ့ သွားလို့ ရတဲ့ နိုင်ငံတစ်ခုတိုးလာပါတယ်။ အများစု သွားကြတာကတော့ ကမ်းခြေအပန်းဖြေ စခန်းတချို့ဖြစ်တဲ့ ဘင်တန်၊ ဘတ်တန်နဲ့ ဘာလီတို့ပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အကြီးဆုံး၊ အလှဆုံးနဲ့ နာမည်အကြီးဆုံးကတော့ ဘာလီကျွန်းပဲ ဖြစ်တယ်။ သူက စင်္ကာပူထက်ကို သြစတြေးလျနဲ့ ပိုနီးတဲ့အတွက် သြစတြေးလျနိုင်ငံသားတော်တော်များများလည်း လာကြတယ်လို့ သိရပါတယ်။ စင်္ကာပူကနေဆိုရင်တော့ သင်္ဘောနဲ့သွားတာထက်ကို လေယာဉ်နဲ့ သွားရတာ ပိုအဆင်ပြေတဲ့အတွက်ကြောင့် ဈေးလည်းပိုကြီးပါတယ်။ ဒါ့ကြောင့် ဘင်တန်နဲ့ ဘတ်တန်နှစ်ခုထဲက ဘယ်သွားရင်ကောင်းမလဲလို့ လိုက်ဖတ်ကြည့်တဲ့အခါ ဘတ်တန်က စင်္ကာပူနဲ့ အနီးဆုံးမှာ ရှိပြီး ဘင်တန်ကတော့ တစ်နာရီနီးပါး ဖယ်ရီလို့ခေါ်တဲ့ မော်တော်ဘုတ်အကြီးစား စီးပြီး သွားရတဲ့နေရာမှာရှိပါတယ်။ ဘတ်တန်က ဈေးပိုသက်သာတယ်၊ ပင်လယ်စာနဲ့ အစားအသောက်ပိုပေါတယ်၊ အင်ဒိုနီးရှားစတိုင်ပိုဆန်တယ်။ ဘင်တန်က ဈေးပိုကြီးတယ်။ အစားအသောက်လည်း မသက်သာဘူး၊ ဒါပေမယ့် အပန်းဖြေဖို့ကောင်းတယ်၊ ရေကြည်တယ်၊ ခရီးသွားဧည့်သည်တွေအတွက် သင့်တော်တယ်။ အဲဒီအချက်တွေယှဉ်ပြီး စဉ်းစားရင်းနဲ့ စင်္ကာပူရဲ့ ဈေးပေါတဲ့ promotion တွေ တင်ပေးထားတဲ့ Deal.com မှာ Bintan Agro Resort က အသွားအပြန်၊ နေစရိတ်အပြီး ၁ ညအိပ် ၂ရက်ခရီး Promotion တစ်ခုကို စင်္ကာပူ ၉၉ဒေါ်လာနဲ့ ရလို့ ၀ယ်လိုက်တယ်။
Ferry ပေါ်မှ ဆိုင်ကလေး
       တကယ်တမ်းရက်ရွေးတော့ စနေတနင်္ဂနွေသွားချင်တာ ဖြစ်တဲ့အတွက် ဟိုတယ်အတွက် Weekend surcharge က ဘယ်လောက်၊ ဖယ်ရီ(သင်္ဘောခ)အတွက်က ဘယ်လောက်ဆိုပြီး အပိုတွေ ထပ်ပေးရတာအားလုံးပေါင်းတော့ စင်္ကာပူဒေါ်လာ ၁၆၀ လောက်ကျသွားလေရဲ့။ ဘင်တန်ကို ဖယ်ရီစီးဖို့ Tanah Merah Ferry terminal ကို Bedok Interchange ကနေပြီး ဘတ်စ်ကားနံပါတ် ၃၅ စီးရင်ရောက်ပါတယ်။ ပြီးတော့ လေယာဉ်စီးသလိုပဲ ထွက်ခွာချိန်ရဲ့ တစ်နာရီ မတိုင်ခင် အရောက်သွားရပြီး check in လုပ် boarding pass ထုတ်၊ Immigration counter ဖြတ်ရတယ်။ Departure Lounge ထဲမှာ စင်္ကာပူ ချန်ဂီ လေဆိပ်မှာ မရနိုင်တဲ့ အရာတစ်ခုကို တွေ့ရတယ်။ အဲဒါကတော့ Duty free ဆိုင်က ရောင်းတဲ့ ဆေးလိပ်ဗူးတွေပါ။ ချန်ဂီမှာ ဆယ်ဗူးပါတဲ့ တစ်တောင့်ကိုသာ ၀ယ်လို့ရပြီး တစ်ဗူးချင်းဆီကို Duty free ဆိုင်က ရောင်းတာတော့ ဒီမှာပဲ တွေ့ဖူးပါတယ်။ အပြင်မှာ ၁၂ဒေါ်လာလောက် ရှိတဲ့ စီးကရက်တစ်ဗူးကို ငါးဒေါ်လာတဲ့။ ဆေးလိပ်လည်း မသောက်ဖြစ်တော့ ဟိုမှာ ဈေးကြီးမှာစိုးလို့ ဘီယာသုံးလုံးလောက်ပဲ ၀ယ်ခဲ့ပါတယ်။
ဟိုတယ်ခန်းမှ လှမ်းမြင်ရသော မြင်ကွင်း
     ဖယ်ရီလာဖို့ စောင့်နေတဲ့အချိန်မှာ သွားရမယ့် ဘင်တန်အကြောင်းကို ဖုန်း အင်တာနက်နဲ့ ရှာဖတ်နေမိတယ်။ ဘင်တန်ကျွန်းဟာ  2400 Km square ကျယ်တာမို့ 680 Km square ပဲ ကျယ်တဲ့ စင်္ကာပူထက်ကို လေးဆလောက်ပိုကြီးပါတယ်။ Riau Archipelago လို့ ခေါ်တဲ့ အင်ဒိုနီးနား ကျွန်းငယ်ပေါင်း ၃၂၀၀ ထဲမှာ အကြီးဆုံးကျွန်းကြီးလည်း ဖြစ်ပါတယ်။ ၁၂ရာစုခန့်က ဒီကျွန်းပေါ်တွင် မလေးပင်လယ်ဒမြများ ကျက်စားခဲ့သောကြောင့် ပင်လယ်ဒမြကျွန်းဟုလည်း အမည်တွင်သည်လို့ ဆိုပါတယ်။  ကျွန်းပေါ်မှာရှိတဲ့ Resort တော်တော်များများကို စင်္ကာပူသဌေးတွေက ပိုင်တာဖြစ်ပြီး Bintan Lagoon နဲ့ Nirwana Resort Hotel တွေကတော့ အကောင်းဆုံးလို့ နာမည်ကြီးပါတယ်။ အခုသွားမယ့် Resort ကတော့ Agro Resort ဖြစ်ပြီး Bintan Ferry Terminal ကနေ ၁နာရီလောက် ကားထပ်စီးရပါသေးတယ်။ အဲဒီအချက်တွေကို လိုက်ကြည့်ရင်းနဲ့ပဲ Ferry ရောက်လာတဲ့အခါ Free seating ဖြစ်တာကြောင့် ခရီးသည်တွေဟာ အပြေးအလွှားတက်ကြပါတယ်။  ထိုင်ခုံတွေကလည်း သက်တောင့်သက်သာနဲ့ အစားအသောက်ရောင်းတဲ့ဆိုင် အသေးလေး တစ်ခုမှာလည်း အပျင်းပြေစားဖို့ ခေါက်ဆွဲဗူး၊ အာလူးကြော်၊ ပေါင်မုန့်နဲ့ အအေးမျိုးစုံကို ရနိုင်တယ်။
Kayak လှေငယ်
       ဘင်တန်ကိုရောက်တော့ အင်ဒိုနီးရှား Immigration မှာ မိနစ် ၂၀နီးပါးတန်းစီပြီးတဲ့အခါ အပြင်မှာ ဟော်တယ်က ၀န်ထမ်းက လာကြိုတယ်။ Agro Resort က ဝေးလို့ ထင်တယ် သွားတဲ့လူလည်း နည်းပြီး Town Ace လိုကား ကိုတောင် လူအပြည့်မပါဘူး။ ဟိုတယ်က ဘန်ဂလိုပုံစံနဲ့ မဟုတ်ပဲ ၃ထပ် အဆောက်အဦးဖြစ်ပြီး တော်တော်များများက ပင်လယ်ဖက်ကို မျက်နှာမူထားတယ်။ ရောက်ရောက်ခြင်း သတိစထားမိတာကတော့ Kite surfing ပါ။ ပင်လယ်လှိုင်းစီးတဲ့ ဘုတ်ပြားကြီးတွေကို အနောက်တိုင်းသားတွေ သယ်လာတာ တွေ့လို့ ဒီကမ်းခြေသေးသေး လှိုင်းမဖြစ်စလောက်လေးမှာ ဘယ်လိုများ လှိုင်းစီးမလဲ ဆိုပြီး တွေးမိပါသေးတယ်။ ဒါပေမယ့် ဒုတိယထပ်မှာ ရှိတဲ့ ဟော်တယ်ခန်းကနေ ကြည့်မှ အမြင်တွေ ရှင်းသွားတယ်။ တကယ်တော့ လှိုင်းစီးတာမဟုတ်ပဲ စွန်အကြီးစားကြီးတွေကို ကြိုးနဲ့ဆွဲပြီး ဘုတ်ပြားပေါ်မှာ မတ်တပ်ရပ်လို့ လေဟုန်နဲ့ ရေလွှာလျှောစီးတာပါ။ ၀ယ်ထားတဲ့ လက်မှတ်မှာ Sea Sport တချို့ပါတယ်ဆိုလို့ အဲဒီ Kite Surfing များ ပါမလားလို့ ကြည့်တော့ စက်ဘီးတစ်နာရီစာ၊ Kayaking လှေ တစ်နာရီစာနဲ့ လေမွေ့ရာလို ပုံစံမျိုးတွေထဲက တစ်ခုကို ရွေးစီးရတာတွေပါတယ်။ ရောက်ရောက်ချင်း ဗိုက်လည်းဆာလာတာကြောင့် Package ထဲမှာ တခါတည်းပါတဲ့ အင်ဒိုနီးရှား စတိုင်လ် နေ့လည်စာကိုမြည်းကြည့်တော့ မြန်မာပါးစပ်နဲ့ တွေ့တယ်။ အဲဒီမှာ သတိထားမိတာက စားပွဲထိုးကောင်လေးတွေပါပဲ၊ စင်္ကာပူက လာလို့လားမသိ၊ ကောင်လေးတွေကို ကြည့်ရတာ မျက်နှာတော်တော်ချိုပြီး အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်။ Service ကတော့ စင်္ကာပူထက်သာတယ်ဆိုတာ ပြောစရာမလို။
 
Kite Surfing လုပ်နေကြသူများ
       ညနေဖက်ရောက်တော့  လေမွေ့ရာလိုပုံစံမျိုးစုံရှိတဲ့  လေမှုတ်ထားတဲ့ ဖော့တွေထဲက ကြိုက်တာကိုရွေးပြီး စီးလို့ရတယ်။ လူက ဖော့ပေါ်မှာ နေလို့ အရှေ့က Speed boat တစ်စင်းနဲ့ ဆွဲပြီး မွေ့ပါတယ်။ အဲဒါတွေထဲက ဘယ်ဟာစီးရင်ကောင်းမလဲဆိုပြီး လိုက်ကြည့်တော့ လေမှုတ်ထားတဲ့ ဖော့ကုလားထိုင်လို ဟာကို အရှေ့ကနေ လှေကို အရှိန်ပြင်းပြင်းနဲ့ ဆွဲတဲ့ Big Marble ဆိုတာကို စီးဖြစ်ခဲ့တယ်။ အရှိန်နဲ့ ပင်လယ်ပြင်ပေါ်မှာ လေးငါးပတ်လောက် မွေ့တာမို့ မူးတတ်သူတွေတော့ မစီးသင့်ပါဘူး။ တချို့ကလည်း ဘင်တန်က ဈေးကြီးတယ် အစားအစာတွေကို စင်္ကာပူဒေါ်လာနဲ့ပဲ ပေးရပြီး ဒေါ်လာတစ်ဆယ်အထက် ပေးရတယ် စသဖြင့် ပြောကြပေမယ့် Agro Resort မှာတော့ စင်္ကာပူဒေါ်လာ တစ်ဆယ်အောက်လောက်ပဲ ပေးရတဲ့ ထမင်းကြော်၊ ကြာဇံကြော်တွေလည်း ရှိပါတယ်။ အဲဒီ Resort ကနေ တခြားလည်း ထွေထွေထူးထူး သွားစရာမရှိပါဘူး။ ဘုရားကျောင်းတချို့ရှိတဲ့နေရာ၊ လမုတောလို တောအုပ်ထဲမှာ လှေလေးနဲ့ လိုက်ပြတာ၊ စသည်ဖြင့် လုပ်ထားပေမယ့် စိတ်မ၀င်စားလို့ မသွားဖြစ်ပါ။ တခြား Resort တွေတော့ မပြောတတ်ပေမယ့် Agro ကမ်းခြေကတော့ ရေလည်း သိပ်မကြည်ပါ၊ ပင်လယ်အောက်ခြေမှာလည်း ဒိုက်လိုလို မှော်လိုလို သစ်ပင်များရှိနေပါတယ်။ သောင်ပြင်တော့ Singapore East Coast နှင့် နင်လား ငါလားပါပဲ၊ တခါတလေကျတော့လည်း သောင်ပြင်က တမျှော်တခေါ်၊ ပင်လယ်ပြင်ထဲမှာ သွားစရာ သဲဖြူကျွန်း၊ အနောက်ဖက်မှာ ပင်လယ်စာပေါတဲ့ တံငါရွာ၊ ညာဖက်မှာ ကျောက်မောင်နှမနဲ့ ဘယ်ဖက်မှာ ဖိုးကုလားကျွန်းရှိတဲ့ ချောင်းသာကမ်းခြေကိုပဲ လွမ်းမိပါတယ်။ အပြန်ခရီးမှာတော့ ဘင်တန်လို ကျွန်းတောင် Tourist Attraction တစ်ခုအနေနဲ့ လုပ်နိုင်သေးတာ ငါတို့ဆီက ကျွန်းတွေရော ဘာလို့ မဖြစ်နိုင်ရမှာလဲဆိုတဲ့ အတွေးတို့နဲ့ စိတ်ပျက်ငြီးငွေ့ဖွယ် နေ့စဉ်ဘ၀တွေကို ဖြတ်သန်းဖို့ စင်္ကာပူကို ပြန်ရောက်ခဲ့ပါတော့တယ်။

စည်သူ(သံလွင်)
၁၂ စက်တင်ဘာ ၂၀၁၂

Friday, February 22, 2008

ကျနော့်ရဲ့ ခရီးစဉ် (၃)

အပိုင်း(၂) မှ >>>

ကျနော်လည်း ဒီလိုနဲ့ transit လက်မှတ်လေးနဲ့ စင်္ကာပူလ် လေဆိပ်ထဲကို ရောက်ခဲ့ပါတယ်။ လေယာဉ် ပြန်ထွက်မယ့်အချိန်ကနောက် ၄၅မိနစ်မှာဖြစ်ပြီး ဒီကြားထဲမှာ ထိုင်စောင့်နေရမယ် အတူတူ လေယာဉ်ကွင်းထဲ လေ့လာကြဖို့ ကျနော်ကဘဲ စပြီလောဆော်လိုက်မိတယ်။ ကျနော်ရဲ့ ခရီးသွားဖေါ် သူငယ်ချင်း ၂ ဦးနဲ့ သူလို ကိုယ်လိုလူ တချို့ လေဆိပ်ထဲတစ်ပါတ် ပတ်ဖြစ်ခဲ့ကြတယ်။ လေဆိပ်ထဲ (လေဆိပ် ဈေးဝယ်လမ်းညွှန်မြေပုံ)ဆိုင်တချို့မှာ ယောင်တောင်တောင် လိုက်ကြည့်ကြရင်း လေဆိပ်မှာ အခမဲ့ဖြန့်ဝေတဲ့ စာစောင် ၂ ဆောင် ကျနော်ယူလာဖြစ်ခဲ့တယ်။ တကယ်တန်း ကျနော်တို့ လေဆိပ်ကို တစ်ပါတ်ပြည့်အောင် မပတ်နိုင်ခဲ့ကြောင်းကို ထိုအချိန်က ကျနော်မသိခဲ့ပါ။ လေယာဉ်ပေါ်ပြန်တက်ခါနီးမှ ထုံးစံအတိုင်း ကျနော်ရဲ့ ခရီးသွားဖေါ်ကြီးကြောင့် သန့်စင်ခန်းဝမှာ တခဏစောင့်ရပါသေးတယ်။

လေယာဉ်ပေါ်ပြန်တက်ဖို့ ကောင်တာမှာတန်းစီတော့ မိနစ် ၄၀ ကြာမြင့်ခဲ့ပြီး စုစုပေါင်းလေယာဉ်ရပ်နားချိန် ပြည့်ရန် ၅ မိနစ်သာ လိုပါတော့တယ်။ ကျနော်တို့ရှေ့မှာ ခရီးသည် ၃၊ ၄ ဦးခန့်သာ ကျန်တော့ပြီး ကျနော်တို့က နောက်ဆုံးခရီးသည်များ ဖြစ်သွားပါသည်။ ထို့ကြောင့်လည်း လေယာဉ်ပေါ် ပြန်တက်ဖို့ ကောင်တာမှာတန်းစီကြရင်း သူတို့တွေကြုံခဲ့ကြတာတွေ ကျနော် လေယာဉ်ပေါ်ရောက်မှ ပြန်မေးဖြစ်ခဲ့တယ်။ ကောင်တာဖြတ် transit လက်မှတ်ယူ ပြီးလေယာဉ်ပေါ် ကသောကမျော တက်ခဲ့ကြရတယ်။ ထိုင်ခုံပေါ် နေရာတကျထိုင်ပြီးတယ် ဆိုရုံလောက်မှာ လေယာဉ်တံခါးပိတ်ပြီး ဘီးစလှိမ့်ခဲ့တယ်။

ကျနော်လည်း အမောမဖြေအားဘဲ စင်္ကာပူလ်လေဆိပ်ကို လေယာဉ်ပေါ်မှ ထပ်ကြည့်လိုက်မိတယ်။ စာအုပ်ထဲမှာ မကြာခဏဖတ်ဘူးတဲ့ ကုန်တင်လေယာဉ် ကြီးများနဲ့ လေယာဉ်လွန်း (ခေါ်) လေယာဉ်ပြုပြင်ရေး အဆောက်အဦးကြီး များကို ကျနော်တွေ့လိုက်ရတယ်။ အများသူငှာအတွက် မထူးခြားပေမယ့် မြန်မာနိုင်ငံသားပီပီ ကျနော့်နိုင်ငံမှာ တွေ့ကြုံဖို့ (အဲဒီအချိန်ထိ) မလွယ်ကူတဲ့ မြင်ကွင်းက ကျနော့်ကို အတော်လေးဖမ်းစားနိုင်ခဲ့တယ်။ လေယာဉ်က တဖြည်းဖြည်း မြင့်တက်လာပြီး နောက်ထပ်ခရီးစဉ် အဖြစ် မလေးရှားနိုင်ငံကို ၄၅ မိနစ်အကြာ ခရီးနှင်ရဦးမှာဖြစ်လို့ ကျနော်လည်း ဘေးနားမှ ခရီးသည်အချို့နှင့် လေဆိပ်အတွေ့အကြုံတချို့ ဖလှယ်လိုက်မိကြတယ်။

လေဆိပ်ကောင်တာမှာ တန်းစီရင်း အဓိက ကြုံကြရတာတော့ လက်သည်းညှပ်များကို လေဆိပ်မှာ ထားခဲ့ရခြင်းပါ။ လေယာဉ်လုံခြုံရေးအတွက် သိမ်းဆည်းကြတယ်လို့လည်း ပြောပြကြပါတယ်။ အသေးအမွား လက်ကိုင်အိတ်လေးတွေကို x-ray နဲ့စစ်ပြီး လူကို သံလိုက်ဓါတ်သုံး ရှာဖွေရေးကရိယာနဲ့ ရှာဖွေကြပါတယ်။ အချက်ပေးသံမြည်ခဲ့ရင် မိမိအိတ်ကပ်ထဲမှ တစ်စုံတရာ ထုတ်ပေးဖို့ပြောတဲ့ စင်္ကာပူလ် ရဲအရာရှိတစ်ဦးရဲ့ ယဉ်ကျေးပျူငှာစွာရှာဖွေပုံက မိမိအိတ်ကို ဖွင့်၍မွှေနှောက်ရှာဖွေခြင်းထက်တော့ များစွာ စိတ်သက်တောင့်သက်သာ ရှိစေပါတယ်။

ကျနော်လည်းလေယာဉ်က တည့်ခင်းတဲ့ ဆန်းဝှစ် တစ်ခုကိုစားရင်း လေဆိပ်မှယူလာတဲ့ စာစောင်နှစ်ခုကို ဖတ်ကြည့်မိလိုက်တယ်။ တစ်စောင်က ကမ္ဘာ့အကောင်းဆုံး ဂေါက်(ဖ်)့ကွင်းတွေအကြောင်း ဖြစ်ပြီး အဆင့်အတန်းသတ်မှတ်ချက်နဲ့ ရေးသားထားပါတယ်။ နိုင်ငံတကာဂေါက်(ဖ်)့ကွင်းတွေကို လေ့လာသုံးသပ်ထားတယ် ဆိုပေမယ့် နိုင်ငံတကာအဆင့်မှီပြီး အရှေ့တောင်အာရှရဲ့ အကောင်းဆုံးဂေါက်(ဖ်)့ကွင်း စာရင်းဝင်လို့ ကျနော်သိထားရတဲ့ ကျနော်နိုင်ငံရဲ့ဂေါက်(ဖ်)့ကွင်းတွေ မပါဝင်ခဲ့ခြင်းကြောင့် ယင်းစာအုပ်ကိုဆက်မဖတ်တော့ဘဲ ကျနော်နောက်တစ်အုပ်ဖတ်လိုက်မိတယ်။

စာအုပ်ကို ဖွင့်လျှင်ဖွင့်ခြင်းဘဲ ခုန ကျနော်တစ်ပါတ် ပတ်ခဲ့မိတယ်ထင်တဲ့ စင်္ကာပူလ်လေဆိပ်ရဲ့ မြေပုံနဲ့လမ်းညွှန်ကိုတွေ့လိုက်ရတယ်။ လေဆိပ်ပုံစံ အထပ်အရေအတွက်တို့နဲ့ လေယာဉ်ဆိုက်ကပ်သော နေရာအရေအတွက်ပါ ပါဝင်သောကြောင့် ကျနော်ရောက်ခဲ့သည်က (ဒုတိယထပ် ဖြစ်မည်ထင်သော) အထပ်တခုရဲ့ တစ်ခြမ်းမျှသာရှိကြောင်း ထိုအခါမှသိလိုက်ရသည်။ တကယ်လို့လေယဉ်ရပ်နားချိန်၅ နာရီလောက် ကြာမြင့်ခဲ့ရင် စင်္ကာပူလ်မြို့တွင်းသို့ အခမဲ့ အလည်အပါတ်ပို့ဆောင်ပေးသော လေဆိပ်ဝန်ဆောင်မှုကိုပါ ထိုစာအုပ်ဖတ်မှ ကျနော်သိလိုက်ရတယ်။

မကြာလိုက်ပါ ....
မြို့တော် ကွာလမ်လမ်ပူလ် သို့သွားရန်ကြာမြင့်ချိန်၊ အကွာအဝေး နဲ့ မော်တော်ယာဉ်ငှားရမ်းခတို့ ကြေငြာပေးသံကြားလိုက်ရပြီး မလေးရှာနိုင်ငံသို့ရောက်တော့မယ်လို့ သိလိုက်ရပါတယ် .....

ဆက်လက်ဖတ်ရှုရန် >>>