Sunday, April 20, 2008

၎- စင်္ကာပူ-ကိုလံဘို SIA လေယာဉ်ခရီးစဉ်အမှတ် SQ 466


ရှည်မျောမျောလေယာဉ်တောင်ပံ

မနက်စာစားသောက်ပြီးနောက် လေယာဉ်အတွင်း မီးကြီးများမှိတ်လိုက်တယ်။ဟိုဒီလှည့်ကြည့်တော့ စောင်ပါးလေး ခြုံပြီးအနားယူသူယူ။ ဟဒ်ဖုံးလေး တပ်ပြီး သီးချင်းနားထောင်သူထောင်၊ကြိုက်ရာ တီဗီချယ်နယ်ရွေး၊ ရုပ်ရှင်ကြည့်သူ ကြည့်နဲ့။ လေယာဉ်က အိန္ဒိယ သမုဒ္ဒရာပေါ်ဖြတ်ကျော်နေပါပြီ။

အပြင်ဘက်ကို ကြည့်လိုက်ပြန်တော့ လေယာဉ်အတောင်ပံ ဖြူဖြူ ရှည်မျောမျောကြီးကိုပဲတွေ့ ရတယ်။ ဟိုဒီကြည့်တော့လည်းမြင်ကွင်းက ထူးမလာ။ ရသမျှအချိန် အကျိုးရှိအောင်သုံးတော့မယ်။

အနားယူဖို့အကောင်းဆုံးအနေအထား ရောက်အောင် ခန္ဓာကိုယ်ကို ပြင်။ စောင်ပါးပါးအိအိလေးကို ဖြန့်ထုတ်၊ကိုယ်ပေါ်လွှမ်းထား၊ မျက်လုံးလေးမှိတ်၊ နှာသီးဝမှာ စိတ်ကိုထား. ၀င်လေ ထွက်လေ လေးကို ပဲ အသာစောင့်ကြည့်နေလိုက်တယ်။ ၀ီရိယကိုလျော့ လေမှာစိတ်ကိုကပ်ထား…. အဖြစ်ကျဲသွားတဲ့ ၀ီထိစိတ်လိုင်းများ…သိနေ..သိနေ……….သိနေ………..သိ…………နေ………..နောက်ဆုံးတော့ ဘ၀င်္ဂသမာပတ် ဆိုက်သွားပါလေရော (အိပ်ပျော်သွားတာပါ)။

ကိုလံဘိုသို့ရောက်တော့မယ်

တစ်နာရီခန့် အနားယူလိုက်ရပြီး နိုးလာချိန်တွင် လေယာဉ်တွင်းမီးများပြန်ဖွင့်ထားပါပြီ။ ထိုင်ခုံခါးပတ်များ ပြန်ပတ်ထားရန် နဲ့ အီလက်ထရောနစ် ဒီဗိုက်များ ပါဝါစွိ အော့ဖ် လုပ်ထားရန် ကြေငြာနေပါပြီ။ လေယာဉ်က ကိုလံဘိုအင်တာနေရှင်နယ် လေဆိပ်သို့ချည်းကပ်နေပြီပေါ့။ဒါကြောင့် ထိုင်ခုံရှေ့က တီဗီစကရင်လေးကို ဓါတ်ပုံရိုက်ယူထားလိုက်ပြီးနောက် စမတ်ဖုန်းကို ပါဝါပိတ်ပြီး အနားပေးလိုက်ပါတယ်။ လေယာဉ်မယ်က နားကြပ်များ.စောင်များကို ပြန်သိမ်းနေပါပြီ။

သီရိလင်္ကာ ဆိုတာယခင်က တော့ ဆီလုံ လို့ ခေါ်တဲ့ ကျွန်းနိုင်ငံလေး။ ထေရ၀ါဒ သာသနာနဲ့ဆက်စပ်ပြီး မြန်မာပြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့တာ နှစ်ပေါင်းထောင်ချီကြာခဲ့ပြီ။ အင်ပိုင်ယာအဖြစ်စုစည်း ပထမ မြန်မာနိုင်ငံ အဖြစ်စတင်တည်ထောင်နိုင်ခဲ့တဲ့ခေတ် က ပုဂံခေတ်။ သီရိလင်္ကာ Polunnaruwa နှင့်ခေတ်ပြိုင်။

ဗုဒ္ဓသာသနာ ကို သံဃာတော်များ အဆင့်ဆင့် လက်ကမ်းလာခဲ့တာ ယခုဆို နှစ် ၂၅၀၀ ကျော်ခဲ့ပြီ။ ယခုအခါ မူရင်းဒေသ အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်သွားခဲ့ပေမဲ့ သီရိလင်္ကာ.မြန်မာ.ထိုင်း.လော ကမ္ဘောဒီးယား တို့မှာထေရ၀ါဒ၊ တိဘက်၊ကိုးရီးယား၊တရုပ်၊ဂျပန်၊ထိုင်း၊ဗီယက်နမ် မှာ မဟာယာန၊ ဗုဒ္ဓသာသနာ ဆက်လက်ရှင်သန်နေဆဲ။

အိန္ဒိယက သာသနာပြုဘုရင် သီရိဓမ္မာသောကမင်းရဲ့ သားတော်အသျှင်မဟိန္ဒ နဲ့ သမီးတော် သင်္ဃမိတ္တာ ထေရီ တို့ရဲ့ စွမ်းဆောင်ချက်ကြောင့် သီရိလင်္ကာမှာ တစ်ဆက်တစ်စပ်တည်း ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တဲ့ခဲ့တာ နှစ် ၂၀၀၀ ကျော်တိုင် ကြာခဲ့ပြီ။ သီဟိုဠ်သားတွေရဲ့ သာသနာကြည်ညိုပုံက ပညာ သားပါတယ်။ နှစ်၂၀၀၀ ကျော် တစ်ဆက်တစ်စပ်တည်း သာသနာတည်အောင် စွမ်းနိုင်တယ် ဆိုကတည်းက ပညာနဲ့ယှဉ်မှ။ ပညာမပါ နေရာမကျ။ သီဟိုဠ် ဗုဒ္ဓသာသနာလည်း လောကဓံ နဲ့ကြုံရတယ်။ မင်းကောင်းမင်းမြတ် သာသနာပြုမင်းလက်ထက်များမှာ ဗုဒ္ဓစာပေ သင်ကြားပို့ချ ရာ ဗဟိုဌာနကြီးများ(မဟာဝိဟာရ၊အဘယ ဂီရိ ၀ိဟာရ) ဖြစ်ခဲ့ပြီး၊ နိုင်ငံတကာ ကျောင်းသားများ အတွက် ပညာဖြန့်ဝေပေးနိုင်ခဲ့တယ်။ မင်းဆိုးမင်းညစ် သာသနာဖျက်မင်းလက်ထက်များတွင်တော့ အန္တရာယ်ကင်းရာ သင့်ရာဒေသ ပုန်းရှောင်ကြ၊ အိန္ဒိယ၊ မြန်မာ၊ထိုင်း နိုင်ငံရပ်ခြားသို့ သွားရောက် စတေးရှောင်ကြတာက ခေတ်အဆက်ဆက်ကတည်းက။

ပုဂံရှိ ဆပဒ စေတီ ၊ ပဲခူးကလျာဏီသိမ်နဲ့ ကလျာဏီ ကျောက်စာက မြန်မာ-သီရိလင်္ကာ ဗုဒ္ဓသာသနာအတွက် အရေးပါတဲ့အထောက်အထားဖြစ်သလို၊ ယနေ့သီရိလင်္ကာရှိ ထွန်းကားနေဆဲ အမရပူရဂိုဏ်း၊ ရာမညဂိုဏ်း၊ ရွှေကျင်ဂိုဏ်း ဆိုတဲ့ မြန်မာပြည်ပေါက်အမည်နဲ့ နိကာယ တွေကလည်း မငြင်းနိုင်တဲ့ သက်သေသာဓကများ။

မင်းကောင်းမင်းမြတ်ကိုအမှီရလို့ သာသနာထွန်းတောက်နေရင် ကျန်နိုင်ငံများကို ဝေငှတယ်။ မင်းဆိုးမင်းညစ် နှိပ်စက်လို့ သာသနာမှေးမှိန်နေရင် စတေးရှောင် ပြီးသာသနာ့ ကို ဆက်လက်ရှင်သန်စေတယ်။ အဲဒီလို သာသနာပြုတဲ့ရလာဒ်အဖြစ် ယခုအခါ သီရိလင်္ကာမှာ နိကာယ ဂိုဏ်းကြီး ၄ ဂိုဏ်း အထင်အရှားရှိနေပါတယ်။ သျှာမ် နိကာယ ဂိုဏ်းက - ယိုးဒယားအဆက်အသွယ်နဲ့ တည်ထောင်တာဖြစ်ပြီး၊ အမရ ပူရ၊ ရာမည၊ရွှေကျင် နိကာယ ဂိုဏ်းများက မြန်မာပြည်အဆက်အသွယ်နဲ့ တည်ထောင်ခဲ့ကြတာပါ။

သီဟိုဠ်သားတွေ အတွက် ဗုဒ္ဓဘာသာ သည် နိုင်ငံ့ရတနာ၊ နိုင်ငံ့သာသနာ။ ဘာသာ သာသနာကို ချီးမြှောက်ပုံက-ပညာသားပါတယ်။

၁- လူဦးရေ ၇၀% ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာ ဖြစ်တယ်။ (၉၀ % ခန့် ရှိတဲ့ မြန်မာ ပြည် နဲ့ယှဉ်ကြည့်ပါ)

၂- ကန္ဒီ မြို့ရှိ ဗုဒ္ဓစွယ်တော်က National Treasure ၊ ၀န်ကြီးတစ်ယောက်ခန့်ထားပြီး စောင့်ရှောက်ထားတယ်။

၃- လူပုဂ္ဂိုလ်များ ရဟန်းပြုချင်ရင် အစိုးရဆီလျှောက်လွှာတင်ရတယ်။ အစိုးရက စီစစ် ပြီးမှ ခွင့်ပြုပေးတယ် (အချောင်သမားများ သာသနာ့ဘောင်ဝင် ရဟန်းဖြစ်လာဖို့ မလွယ်)။

၎- သာသနာ့ဘောင်ဝင် ကိုရင်ဝတ်ခြင်း ရဟန်းပြုခြင်း ကြောင့် မွေးရာပါ နိုင်ငံသား အခွင့်အရေး၊ အမွေဆက်ခံခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည် --မရှုံးဆုံးစေရ။

ဥပမာ- ရဟန်ဖြစ်ခြင်း .လူဖြစ်ခြင်း၊ မူဆလင် ဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း၊ အသားဖြူခြင်း.အသားမဲခြင်း ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း စသည် ကြောင့် မဲပေးခွင့်၊ ပါတီထောင်ခွင့်၊ ပညာသင်ကြားခွင့်.စသည်ကို ကန့်သတ်ထားခြင်းမရှိ။

(ရဟန်းဖြစ်ခြင်း ကြောင့် မဲပေးခွင့်မရခြင်း၊ အများနည်းတူ ခေတ်ပညာသင်ယူခွင့်မရခြင်း စတဲ့အချက်များသည် ဗုဒ္ဓဘာသာကို အမှန်တကယ် ချီးမြှောက်ထောက်ပံ့နေခြင်းလော၊ ဒါမှမဟုတ် ပညာသားပါပါ နှိမ် ချ ချိုးနှိမ်ထားခြင်းလော ဟု လေ့လာဆန်းစစ်ဖွယ်ရာပင်။ ဒါ့အပြင် ဗုဒ္ဓဘာသာ ၀င်ဖြစ်သည့်အတွက် သေတမ်းစာသည် တရားမ၀င်ဟု ဥပဒေမှာ လက်ရှိကျင့်သုံးနေတာက ၀ိနည်းအထောက်အထားအရ ဗုဒ္ဓတရားတော်နဲ့ လုံးဝဖီလာ ဆန့်ကျင်နေတယ်။ ဒါကြောင့်..အဆိုပါအယူအဆများ စိမ့်ဝင်ပြန့်နှံ့ထွန်းကားနေခြင်းဟာ ဘာသာ သာသနာကို အမှန်တကယ် ချီးမြှောက်နေခြင်းကြောင့် လော၊ ဒါမှမဟုတ် ပညာသားပါပါ နှပ်ကွပ်နေခြင်းလော ဟု နိုင်းယှဉ်တွေးတောဖွယ်ရာပင်)

အမှန်တကယ် တတ်သိသော ပညာရှင်များ သုသေတနပြု လေ့လာဆန်းစစ်ကြပါကုန်- ဤကား စကားချပ်။

တဖြည်းဖြည်းနိမ့်ဆင်းလာသောလေယာဉ်ပေါ်ကနေ မြေပြင် အနေအထားကို ထင်ထင်ရှားရှားတွေ့လာရ တယ်။ မြင်ကွင်းတွေက မှတ်မိနေဆဲ။ ကိုလံဘိုကို လွန်ထွက်သွားပြီးနောက် ပင်လယ်ဘက်မှ ကွေ့ဝိုက်ကာ လေယာဉ်ကြီးက ပြေးလမ်းကို ဦးလိုက်ပါပြီ။ တရိပ်ရိပ်ပြေးနေသော ပင်လယ်ရေပြင် လွန်သွား သည်နှင့်မကြာမှီ.ဒုတ်ကနဲ့ မြည်သံ ကြားလိုက်ရတယ်။ လေယာဉ်ဘီး မြေကျသွားပြီလေ။

Bandaranaike International Airport သို့ဆိုက်ရောက်ပါပြီ။ Return Ticket မရှိ။ အစစ်အဆေးအမေးအမြန်းလည်းမရှိ။ Immigration Counter ကိုအလျှင်အမြန်ပဲ ဖြတ်သန်းခဲ့ရပါတယ်။

သီရိလင်္ကာရှိတက္ကသိုလ်များနှင့်ကမ္ဘာ့အရပ်ရပ်ရှိတက္ကသိုလ်များတွင် ပညာသင်ယူခွင့်ရခြင်းဟာ မြန်မာ ပြည် သားတစ်ယောက်အနေ နဲ့ အခြားသူများနှင့်ယှဉ်လိုက်ရင် ကံကောင်းခြင်းလက်ဆောင် ရရှိခြင်း ဟု ဆိုနိုင်မလား။

ကတညုတ ကတဝေဒီ ဒုလ္လဘော လောကသ္မိံ

သူပြုဖူးတဲ့ကျေးဇူးကို သိပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့ ပုဂ္ဂိုလ်ကို ရခဲတယ်လို့ ဗုဒ္ဓရှင်တော်ဘုရားက ဆုံးမထားတယ်။ အခွင့်သင် အခါကြုံ ကြုံ မကြုံကြုံ အမိမြန်မာပြည် နှင့် တကွ သာသနာကို အမှန်တကယ် လှူဒါန်းထောက်ပံ့ နေသူများကို သတိတရရှိပါတယ်။နိုင်ငံရပ်ခြားမှာ လေ့လာသင်ယူခဲ့ရသမျှ ပညာ အမိမြန်မာပြည်မှာ ပြန်လည်အသုံးချ ချင်သူချည်းပါဘဲ။ သို့သော်လည်း…..ပညာအခြေခံ မတူတော့ တွေးခေါ်စဉ်းစားပုံ မတူ။ အတွေးမတူတော့ အယူမတူ။ အယူမတူလို့ အလုပ်လုပ်ခွင့် မရတဲ့ ပတ်ဝန်းကျင် ဆက်လက်ရှင်သန်နေရင်ဖြင့်……..

နွားသည် ရေကြည်ရာ မြက်နုရာ ဒေသမှာသာ နေပျော်မြဲ

ရေသည်.မြင့်ရာမှ နိမ့်ရာသို့သာ စီးဆင်းမြဲ

စီးဝင်နေတဲ့ မြန်မာသံဃာများက ..သီရိလင်္ကာသို့ တစ်ဖွဲဖွဲ ။ ။

Sri Lanka is this country that is Second home for us, second home for Buddhism over 2000 years and so far.

Welcome to Sri Lanka ,Second home for Buddha Sasana

သီရိလင်္ကာမြေသို့ ဆိုက်ရောက်ပါပြီ။ တယ်လီဖုန်းထဲက Sim Card ကိုပြောင်းထည့်ပြီး ပါဝါဖွင့်လိုက်တယ်။ အလိုအလျှောက် နားစွင့်နေမိတာက Message Alarm!

တတီ တီ..နဲ့ အစ်မရဲ့ Pending SMS များ ရှိနေဦးမလား။ သို့သော်……………………

ပြုခဲ့သမျှကုသိုလ်များကို အမျှပေးဝေပါတယ်အစ်မရယ်။ ရောက်ရာဘုံဘ၀ မှ သာဓုခေါ်ဆိုပြီး မြင့်မြတ်တဲ့ ဘုံဌာနမှသည် နိဗ္ဗာန်ရွှေပြည်သို့တိုင် အလျှင်အမြန်ဆိုက်ရောက်နိုင်ပါစေ………။

ပြီးပါပြီ။

Saturday, April 12, 2008

ကျနော့်ရဲ့ ခရီးစဉ် (၄)

အပိုင်း(၃)မှ >>>

မလေးရှား နိုင်ငံကို ရောက်တဲ့အခါ လေဆိပ်မှာ လေယာဉ်ပေါ်မှဆင်းဆင်းချင်း ဘာဆိုဘာမှ စစ်ဆေးမှုတစ်စုံတရာမရှိခဲ့ဘဲ၊ အတန်ငယ်ကွာဝေးသော လူဝင်မှုကြီးကြပ်ရေး ကောင်တာကို သွားကြရပါသည်။ ဒီနေရာမှာလည်း ကျနော်တို့ အခက်အခဲတစ်မျိုး ကြုံခဲ့ရပါသေးတယ်။ လေယာဉ်ပေါ်ကနေ အုပ်စုလိုက်ဆင်းလာပေမယ့် သန့်စင်ခန်းခဏသွားကြတော့ ကျနော်တို့ လူသွားစင်္ကြပေါ် ပြန်ရောက်တဲ့အခါ ခရီးဖေါ်တွေ တစ်ယောက်မှ မရှိကြတော့ပါ။ ပြည်ပအတွေ့အကြုံမရှိသေးတဲ့ ကျနော်တို့အတွက်တော့ မလေးရှားနိုင်ငံတကာလေဆိပ်ဟာ ထင်ထားတာထက် ကျယ်ဝန်းနေပါတယ်။(လေဆိပ်အတွင်းပိုင်း လမ်းညွန်မြေပုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်)

ဒီလိုနဲ့ ကျနော်တို့သုံးယောက် ၊ နောက် ... မယောင်မလည်နဲ့ လူကွဲပြီးကျန်ခဲ့တဲ့နှစ်ယောက် အားလုံးငါးယောက် ဘယ်ကိုသွားမယ် တိုင်ပင်မိကြတယ်။ မင်္ဂလာဒုံလေဆိပ်နဲ့ ကွာပါ့ကွာလို့ စိတ်ထဲကရေရွတ်မိရင်း၊ သွားရမယ့်လမ်းကိုရွေးလိုက်မိတယ်။ ဒီလိုနဲ့ ကျနော်တို့ စမ်းလျှောက်ကြရင်း မူလနေရာကို သုံးခါမြောက် ပြန်ရောက်လာပြန်တယ်။ ပထမဆုံး အတွေ့အကြုံဖြစ်လို့ ကျနော့်စိတ်ထဲမှာ အတန်ငယ် ကြောင့်ကြမှုဖြစ်နေမိပေမယ့် သူတို့တွေရဲ့ စိုးရိမ်မှုမပိုစေဖို့ လမ်းညွန်မြေပုံနဲ့ကြည့်ရင်း သွားခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ကောင်တာအမှတ် (၁၀၁) ကို စတင်ရောက်ရှိခဲ့ကြတယ်။ ဒီနေရာမှာ ကျနော်စိုးရိမ်မှု ထပ်မံလွန်ကဲသွားရပြန်တယ်။ ကောင်တာအမှတ် (၁၀၁) မှာ ချိတ်ဆွဲထားတာက မလေးရှားနိုင်ငံ ကွမ်လာလမ်ပူ မှ ယူ၊အေ၊အီး နိုင်ငံ ဒူဘိုင်း သို့ ထွက်ခွာမည့်လေယာဉ် ဖြစ်နေပါသည်။



***** K.L.I.A လေဆိပ် အဝေးတနေရာက မြင်ကွင်း *****

မြန်မာလူမျိုး အများစုနည်းတူ မိမိကိုယ်ကိုယ် ယုံကြည်မှု ထက် စိုးရိမ်မှုလွန်ကဲတတ်သော ကျနော့်အတွက်တော့ ထိုအခိုက်အတန့်မှာ အတော်လေး အခက်အခဲဖြစ်သွားခဲ့ရပါတယ်။ အချိန်ကလည်း ကျနော်တို့ကို လာကြိုမယ့် ဧဂျင့်ချိန်းထားချိန် ရောက်ခဲ့ပြီဆိုတော့ ကျနော်တို့လည်း အထုပ်များ ပြန်လည်ရွေးယူရန်နေရာ ကို အရင်သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လမ်းညွှန် သင်္ကေတအတိုင်း လိုက်လာခဲ့ပေမယ့် လျှပ်စစ်ရထားလမ်း တစ်ခုအနီးမှာ လမ်းဆုံးသွားခဲ့တယ်။ ကျနော်လည်း ရထားစောင့်နေသော လူအချို့ထဲမှ ရည်ရည်မွန်မွန်ရှိသော အမျိုးသမီးတစ်ဦးကို အထုပ်ရွေးဘို့နေရာ မေးလိုက်တယ်။ သုံးကြိမ်တိုင်ထပ်မံပြောပြအပြီးမှာ သူမသေသေချာချာ သဘောပေါက်သွားတယ်။ လူဝင်မှုကြီးကြပ်ရေး ကောင်တာကို အရင်သွားရမှာဖြစ်ပြီး ပြီးမှအထုပ်ရွေးရမှာ ဆိုတာနှင့် ကျနော်တို့ရှာဖွေရာ လူဝင်မှုကြီးကြပ်ရေး ကောင်တာ (၁၀၁) ကို ဒီရထားဖြင့်ဘဲ သွားရမှာဖြစ်ကြောင်း ရှင်းပြခဲ့တယ်။

ဒီလိုနဲ့ကျနော်တို့လည်း ထိုအမျိုးသမီးရဲ့ အကူအညီနဲ့ ချိန်းထားရာနေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့တော့တယ်။ အချိန်ကချိန်ထားချိန်ထက် ၁၀-မိနစ်လောက် နောက်ကျနေပြီ ဒါပေမယ့် သူလိုကိုယ်လို စောင့်နေကြတဲ့ မြန်မာလူမျိုး အများစုကြောင်း အတန်ငယ်စိုးရိမ်မှု လျှော့ပါးသွားခဲ့ရတယ်။ နာရီဝက်လောက် ထပ်စောင့်အပြီးမှာ လာကြိုတဲ့ ဧဂျင့်ရောက်လာပြီး စာရွက်စာတမ်းတွေ ကောင်တာမှာထပ်ပြီး ခဏစောင့်ရပါတယ်။ ကျနော်တို့လည်း ဘေးမှာရှိတဲ့ ထိုင်ခုံတန်းရဲ့ လွတ်နေတဲ့အတန်းတတန်းမှာ ၀င်ထိုင်ဖြစ်လိုက်တယ်။ ထိုအခိုက် နင်တို့တွေ ဘယ်ကလာတာလဲ ? လို့ အင်္ဂလိပ် ဘာသာနဲ့ခပ်ကြမ်းကြမ်းအသံနဲ့မေးလာတဲ့ အမျိုးသမီးတစ်ဦး ရောက်လာခဲ့ပါတယ်။ (လက်ထဲမှာသန့်ရှင်းရေး ပစ္စည်းအချို့နှင့်ပြောလာသော ထိုအမျိုးသမီးမှာ နောင်မှ အင်ဒိုနီးရှား အမျိုးသမီးကြီး ဖြစ်တယ်လို့ ကျနော်ကောက်ချက်ချနိုင်ခဲ့ပါတယ်။) ခပ်ညံ့ညံ့ လေယူလေသိမ်းနဲ့ အတန်ငယ်ရိုင်းပျတဲ့ စကားလုံးများနှင့် ပြောဆိုခဲ့ပေမယ် လွန်စွာမှ ကျယ်လောင်စွာ ပြောဆိုရဲတဲ့သူရဲ့လေသံမှာ ထုံးစံအတိုင်း ကျနော်ကဘဲ (ခပ်ကျယ်ကျယ်ပြောဖို့ မ၀ံ့ရဲတဲ့အတွက်) မတိုးမကျယ်လေသံလေးနဲ့ မြန်မာ ကလာတာပါ လို့ပြောတော့မှ နင်တို့တွေဟိုမှာ မြန်မာလို့ ရေးထားတာ မမြင်ဘူးလားလို့ ညွှန်ပြခဲ့တယ်။ ထိုအခါမှ ကျနော်တို့လည်း ထိုစာတမ်းကို ဂရုစိုက်မိကြတယ်။

တကယ်ဆို ဒီစာတမ်းက ပေ-၂၀၀ ပတ်လည်လောက်ရှိတဲ့ ကြမ်းခင်းပေါ်မှာ သူ့နိုင်ငံနှင့်သူ အမည်ခွဲရေးသားထားခြင်းဖြစ်ပြီး၊ နံဘေးမှရှိတဲ့ ခုံတန်းရဲ့ထိုင်ခုံအရေအတွက် ရာဂဏန်းကျော်ကျော်က လေဆိပ်ကိုလာတဲ့ ဧည့်သည်များအတွက်သာဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်ပထွက်အလုပ်လုပ်မယ် ... ၊ မလေးရှားသွား အလုပ်လုပ်မယ် ...၊ ဆိုပြီး အထင်တကြီး စိတ်ဝင်တစားရှိကြသူများအတွက်ကတော့ ထိုင်ခုံလွတ်များစွာရဲ့နံဘေးက လူသွားစင်္ကြနဲ့ တပြေးညီဖြစ်တဲ့ ကြမ်းခင်းပေါ်မှာ ထိုင်ပြီး (အချိန်နည်းနည်းများ ကြာခဲ့ရင်) လူတကာသနားတဲ့ အကြည့်နဲ့ ကြည့်တဲ့ဒဏ်ကို ခံနိုင်အောင် ပြင်ဆင်ထားစေလိုပါတယ်။

ဒီလိုနဲ့ဘဲ ကျနော်တို့လည်း ဧဂျင့်ရောက်လာပြီး လိုအပ်တဲ့စာရွက်စာတမ်းများ ဖြည့်စွက်ရင်း လူဝင်မှုကြီးကြပ်ရေး ကောင်တာကိုဖြတ်ကျော်ခဲ့ရတယ်။ ပြေးလမ်းပေါ်မှာ မရှိတော့တဲ့ အထုပ်တွေကို စတိုမှာသွားရွေးပြီး ကျနော်တို့ကားနဲ့ ကွာလာလမ်ပူလ်မြို့ကို ထွက်ခဲ့ကြတယ်။ ကားပေါ်တက်တက်ခြင်း ခါးပါတ်ပါတ်ဖို့ သတိပေးခြင်းခံရမှ အပ စိတ်အနှောင့်အယှက်ကြုံစရာ တစုံတခုမှ မရှိတော့ဘဲ အလုပ်ဝင်မယ့်နေရာကို ဆက်လက်ထွက်ခွာခဲ့ကြတော့တယ် ။

ဆက်ရန် >>>

Thursday, March 27, 2008

ကော့မှူးသို့ ခရီးတစ်ခေါက်

ကိုကြီးစေးထူးရဲ့ ကမကထ ပြုလုပ်တဲ့ အလှူငွေနဲ့ ကျွန်မတို့တွေ ကော့မှူးမှာ ရှိတဲ့ အောင်ဇမ္ဘူ ဘုန်းတော်ကြီး ပညာသင်ကျောင်းကို သွားရောက် လှူဒန်းခဲ့ကြပါတယ်။ အစတုန်းကတော့ ကော့မှူးဆိုတာ ရန်ကုန်တိုင်း တွင်းမှာလည်း ဖြစ်တယ်၊ ပြီးတော့ သွားရတဲ့ အချိန်ကလည်း သိပ်မကြာဘူးဆိုတော့ သက်သက်သာသာလေးပဲ သွားရမယ် ထင်တာပေါ့လေ။ ကျွန်မတို့လည်း မသွားခင်ကတည်းက လူတွေလိုက်စု၊ ဟိုလူ့သတင်းပေး ဒီလူ့ခေါ်နဲ့ တစ်ပျော်တစ်ပါးကြီးကို ခရီးအတွက် ပြင်ဆင်ခဲ့တာပါ။ ဒီအလှူအတွက် ဘယ်လောက်တောင် တက်ကြွသလဲ ဆိုရင် အားလုံး အင်္ကျီဆင်တူဝတ်ပြီး သွားကြဖို့ တိုင်ပင်ပြီး England စာတန်းပါတဲ့ T-Shirt အဖြူရောင်တွေ လိုက်ဝယ်ကြသေးတယ်။ အားလုံးကလည်း England မှ England ပါပဲတဲ့။ ခရီးမသွားရတာလည်း ကြာပြီဆိုတော့ အကုန်လုံးက စိတ်လွတ် ကိုယ်လွတ် တစ်ပျော်တစ်ပါးကြီးကို သွားကြဖို့ တက်ကြွ နေတော့တာပေါ့။ ဒါပေမယ့် မမယ်လိုဒီမောင် တစ်ယောက် မအားလို့ မလိုက်နိုင်ခဲ့တာတော့ တစ်ကယ်စိတ်မကောင်းဘူးရှင်။ ဒီလိုနဲ့ ကျွန်မတို့တွေ မတ်လ 9 ရက် တနင်္ဂနွေနေ့ နံနက် 10 နာရီလောက်မှာ ကော့မှူးကို သွားဖို့အတွက် ထွက်လာခဲ့ကြပါတော့တယ်။

စစချင်းတော့ ဒလကို ဇက်စီးရတယ်ရှင့်။ ရန်ကုန်ခဏ ရောက်နေတဲ့ စိန်မမ ကတော့ သင်္ဘောတွေ သိပ်မစီးဖူးလို့ ဇက်စီးရမှာကို ပျော်နေလေရဲ့။ လက်မှတ်တစ်စောင်ကို ဘယ်လောက်လဲ သိကြလား....? 10 ပါရှင်။ ကျပ်ငွေ တစ်ဆယ်ပါ။ ကျွန်မတို့ အုပ်စုက စုစုပေါင်း 7 ယောက်ဆိုတော့ 70 ဖိုးဇက်စီးကြတာပေါ့။ ဇက်ပေါ်မှာ ထိုင်ခုံလေးနဲ့ ထိုင်စီးချင်ရင်တော့ ထိုင်ခုံတစ်ခုံအတွက် ငွေ 150 ကျပ်ပေးပြီး ထိုင်စီးလို့ ရနိုင်ပါတယ်။ ဒလ နဲ့ ရန်ကုန်ကို 7 မိနစ်လောက်ပဲ မောင်းရပါတယ်။ ရေထဲမှာ ဇင်ယော်လေးတွေကိုလည်း အစားကျွေးလို့ ရပါသေးတယ်။ လေလေးက တစ်ဖြူးဖြူး.. ဇင်ယော်လေးတွေကိုလည်း အစာကျွေးနဲ့ သွားရတာ တစ်ကယ့်ကို Relax ဖြစ်ပါတယ်။

ဒါကတော့ ဇက်ပေါ်မှာ ရိုက်လာတဲ့ ပုံတွေပါ........

Image Hosted by ImageShack.us


ဒါကတော့ ရန်ကုန်ဘက်ကို လှမ်းမြင်ရတဲ့ မြင်ကွင်းပေါ့... လှပါတယ် ကျွန်မတို့ ရန်ကုန်မြို့ကြီး.. စင်ကာပူနဲ့ နင်လား ငါလား....:P

Image Hosted by ImageShack.us


ဒလ ဘက်ကိုရောက်တော့ ကော့မှူး၊ တွံတေး စတဲ့မြို့တွေကို သွားဖို့ ဒိုင်နာတွေ ရှိပါတယ်။ ခုထွက်မယ် လာထားနော်၊ ခဏနေထွက်မှာနော်.. ချက်ချင်းထွက်မှာနော် စသဖြင့် စပယာတွေက ခရီးသည်တွေကို လိုက်ခေါ်ပါတယ်။ ကျွန်မတို့လည်း ကော့မှူးသွားမယ့် ကားတစ်စီးပေါ်ကို တက်ထိုင်ပြီး ဆင်ခြံကျေးရွာမှာ သေချာချပေးဖို့ စပယာကို မှာရပါတယ်။ ကားပေါ်တက်ထိုင်လို့ တော်တော်ကြာတဲ့ အထိ ကားကလည်း မထွက်ပါဘူး။ နောက်ခရီးသည်တွေကို စောင့်နေတယ်နဲ့ တူပါတယ်ရှင်။ ဒါပေမယ့် ကံဆိုးစွာပဲ ကားပေါ်မှာ ကျွန်မတို့ အုပ်စုရယ် နောက်ကောင်မလေး တစ်ယောက်ရယ်ကလွဲရင် ကော့မှူးသွားမယ့်သူက ထပ်မလာတော့ ကားလည်း မထွက်ဘူးပေါ့။ ကျွန်မတို့လည်း 11 နာရီလောက်ကတည်းက တက်ထိုင်တာ 12 သာထိုးတော့မယ် ကားမထွက်တာနဲ့ နည်းနည်းတော့ စိတ်တိုစ ပြူလာကြတာပေါ့။ ဇော်မျိုးနဲ့ ဖိုးသူတော်တောက် စပယာယောင်ဆောင်ပြီး ကော့မှူးသွားမယ်နော် ကားက ခုထွက်မယ်၊ တော်ကြာထွက်မယ်၊ ထွက်ချင်မှလည်း ထွက်မယ်လို့ အပြောင်အပျက် အော်နေကြပါသေးတယ်။ နောက်တော့မှ ဟိုဘက်နားမှာ ထွက်မယ့် ဒိုင်နာ တစ်စီးတွေ့တာနဲ့ ကျွန်မတို့လည်း အပြေးအလွှားသွားပြီး နေရာယူကြပါသေးတယ်။ လူတွေလည်း ပြည့်ကျပ်သပ်နေတာပါပဲ။ တစ်ချို့ကွမ်းရောင်းတဲ့ မိန်းမကြီးတွေဆို နောက်ကနေတောင် တွယ်စီးကြပါသေးတယ်။ ကားခ ကတော့ တစ်ယောက်ကို 300 ပေးရပါတယ်။ ဒီလိုနဲ့ ကျွန်မတို့လည်း ကျပ်ပိတ်သိပ်နေတဲ့ ကားပေါ်မှာ မသက်မသာ စီးရင်း ခရီးထွက်လာခဲ့ကြပါတော့တယ်.............

ဒါက ကားပေါ်မှာ....

Image Hosted by ImageShack.us


လမ်းခရီးက ထင်ထားသလို မချောမွေ့ပါဘူး။ ကတ္တရာလမ်းမှာ အပေါက်တစ်ရာ ဖာရာတစ်သောင်းနဲ့ပါ။ စီးရတာကလည်း ဒိုင်နာဆိုတော့ ကားက ခုန်လိုက်တာ လွန်ပါရောရှင်။ အထဲက အူတွေ၊ ကလီင်္စာတွေ အကုန်ကြေကုန်ပြီတောင် ထင်ရတယ်။ လမ်းတစ်လျှောက် ဖုန်တွေလည်း တစ်လုံးလုံးနဲ့ စီးရတော် ကသီလင်တ တော်တော်နိုင်ပါတယ်။ တေဇာ ကတော့ ညက အိပ်ရေးမ၀လို့တဲ့ အဲလောက် ခုန်ပျံနေတဲ့ ကားပေါ်မှာ အိပ်ငိုက်နေသေးတယ်။ ကားမောင်းချိန် 1 နာရီ 45 မိနစ်လောက်တော့ ကြာမယ်ထင်ပါရဲ့။ တွံတေး နဲ့ ကောမှူး လမ်းဆုံကို ရောက်လာပါတယ်။ ကော့မှူးဘက်လမ်းကို ကားကွေ့ချိန်မှာတော့ ကားပေါ်မှာါလာတဲ့ အန်တီကြီး တစ်ယောက်က ဆင်ခြံရွာကို ရောက်တော့မယ်လို့ ပြောပါတယ်။ ကျွန်မတို့လည်း တော်တော်ဝမ်းသာသွားကြပါတယ်။ ဒီက ပေါ်က ဆင်းရဖို့ထက် အရေးကြိးတာ အဲဒီအချိန်မှာ မရှိဘူးလေ။ ကျွန်တို့ အုပ်စုကလည်း အင်္ကျီဆင်တူတွေ၊ လူငယ်လေးတွေ၊ ဒီဘက်ကို မရောက်ဖူးမှန်း သိသာနေတဲ့ သူတွေဆိုတော့ ကားပေါ်က လူတိုင်းကတော့ ဟိုပြော ဒီပြောတော့ ပြောကြပါသေးတယ်။ လမ်းက ဆိုးတယ် နောက်တစ်ခါဆို တက္ကစီစီးကြ ဘာညာပေါ့ရှင်။ ဘုန်းကြီးကျောင်းရှေ့မှာလည်း ကားရပ်ပေးရော ၀မ်းသာ အားရ ခုန်ပေါက် ဆင်ကြတော့တာပါပဲ။ တစ်ကိုယ်လုံလည်း နာလိုက်တာ.. ဗိုက်ကလည်း ဆာလိုက်တာ..ဘုန်းဘုန်းဆီက ဘာတောင်းစားရရင် ကောင်းမလဲ ဆိုတဲ့ အတွေးနဲ့ပေါ့.. အဟ

Image Hosted by ImageShack.us


စာသင်ဆောင်တွေက ခိုင်ခိင်ခံ့ခံ့ ရှိပါတယ်။ ကျွန်မတို့ သွားတဲ့ အချိန်က ကျောင်းပိတ်ချိန်ဆိုတော့ ကလေးတွေ သိပ်မရှိကြတော့ပါဘူး။ မူလတန်းကနေ အထက်တန်းထိ သင်ပေးပါတယ်။ ဘုန်းဘုန်းက ဆရာတွေကို ငှားပြီး သင်ပါတယ်။ လောကုတ္တရာ ပညာရေး အနေနဲ့ကတော့ သံဃာတော်လေးတွေကို သံဃာတက္ကသိုလ်ထိ ပညာသင်ကြားစေပါတယ်။ ဒီထက်မကလည်း တိုးတက်အောင်၊ ပညာသင်နိုင်အောင် နောက်ပိုင်းမှာ ကွန်ပျူတာ၊ အင်္ဂလိပ်စာ စတာတွေကိုလည်း သင်ပေးနိုင်အောင် ကြိုးစားနေပါတယ်တဲ့။ ကွန်ပျူတာ သင်တန်းတွေ ဖွင့်ချင်ရင် ကျွန်မတို့ကို ဆက်သွယ်ဖို့၊ ကျွန်မတို့လည်း လာရောက်လုပ်အားပေးနိုင်တဲ့ အကြောင်း ဘုန်းဘုန်းကို လျှောက်ပြီး လိပ်စာတွေ ပေးခဲ့ပါသေးတယ်။

Image Hosted by ImageShack.us


စာသင်ဆောင်တွေက ဒီလိုမျိုးတွေ.....

Image Hosted by ImageShack.us


ကျောင်းမှာ စာကြည့်တိုက်လည်း ရှိပါတယ်။ စာအုပ်တွေလည်း တော်တော်များပါတယ်။ နာမည်တွေတေ့ သေချာ မမှတ်မိတော့ပေမယ့် စာအုပ်ကောင်းတွေ ချည်းပါပဲ။ ဘာသာရေး၊ အနုပညာ၊ အင်္ဂလိပ်စာ စတဲ့စာအုပ်တွေ တော်တော်ကို များပါတယ်။ ၀တ္ထုစာအုပ်ကောင်းတွေလည်း အများကြီးပါပဲ။ ကျွန်မတို့ သွားတဲ့ အချိန်မှာ ပညာရည်ချွန် ဆုပေးပွဲ အတွက် ပြင်ဆင်နေကြပါတယ်။ ဇတ်ပွဲတွေ ဘာတွေနဲ့ပေါ့။ ကျွန်မတို့ကိုတောင် လာခဲ့ဖို့ ဖိတ်ပါသေးတယ်။ အဲလိုပွဲမျိုးက အရမ်းစည်ကားပါတယ်တဲ့။ အနီးအနားရွာတွေက ညအိပ် ညနေတောင် လာကြည့်ကြပါတယ်တဲ့။

ဒါကတော့ စာကြည့်တိုက်ရှေ့မှာပါ

Image Hosted by ImageShack.us


ရှိတဲ့ ကလေးတွေကို ခေါ်ပြီး ဓါတ်ပုံ ရိုက်လာခဲ့သေးတယ်....

Image Hosted by ImageShack.us


အားလုံး ပြီးသွားတော့ ဗိုက်က တော်တော်ဆာနေပါပြီ။ ဘုန်းဘုန်းက မုန့်ဆီကြော်တော့ ကျွေးပါရဲ့။ သိပ်မကြိုက်လို့ မစားကြဘူးလေ။ နောက်တော့ ဘုန်းကြီးကျောင်း ရှေ့က အသုတ်ဆိုင်မှာ အငတ်တွေလို ရှိသမျှ အကုန် စားကြပါတော့တယ်။ အအေးတွေလည်း သောက်၊ အသုတ်တွေလည်းစားပေါ့။ ဗိုက်က တော်တော် ဆာနေလို့လား မသိဘူး။ စားလို့ မြိန်လိုက်တာရှင်....

အပြန်လမ်းမှာတော့ ကားစီးလို့ ပင်ပန်းတဲ့ ဒဏ်ကို ပြန်ခဲရတာပေါ့။ ဒါပေမယ့် အလာတုန်းကလောက်တော့ မဆိုးဘူး ထင်တာပါပဲ။ ဒလ ရောက်တော့ ခဏတောင် မနားပဲ ချက်ချင်း ဇက်စီးကြပါတယ်။ ဇင်ယော်လေးတွေကို တွေ့တော့ ပင်ပန်းတာတောင် ဘယ်ရောက်သွားလဲ မသိဘူး။ ပျော်လိုက်တာ အရမ်းပဲ။

Image Hosted by ImageShack.us


Image Hosted by ImageShack.us


ဒါကတော့ စိန်မမ နဲ့ တူတူရိုက်လာတာ......

Image Hosted by ImageShack.us


ဒီခရီးကို သွားရတာ ပင်ပန်းပေမယ့် ပျော်ပါတယ်။ ကုသိုလ်လည်းရ ပျော်လည်း ပျော်ရတဲ့ ဒီလို ခရီးမျိုး နောက်ထပ် သွားချင်ပါသေးတယ်။ ကိုကြီး စေးထူးအတွက်လည်း သာဓု သုံးကြိမ်ခေါ်ပါတယ်။ သွားရောက်ခဲ့ကြတဲ့ သူတွေကတော့ ကိုဂေါက် ဘာညာ ဇော်မျိုး (ဗမာပြည်သား) ဖိုးသူတော် စိန်မမ တေဇာ နဲ့ ကျွန်မ ပင့်ဂိုလ်းတို့ပဲ ဖြစ်ပါတယ်ရှင်။

Monday, March 17, 2008

လားရှိုးမြို့သို့အလည်တစ်ခေါက် (၃)

အလှူလုပ်တဲ့နေ့က လူကလဲ မရှိတော့ ကျွန်တော်ပဲ စားပွဲထိုး၊ ကျွန်တော်ပဲ ဧည့်ကြို၊ ကျွန်တော်ပဲ အလုပ်သမား လုပ်လိုက်ရသေးတယ်။ ကျွန်တော့်အဒေါ်တို့အိမ်က ခုမှ အသစ်ပြန်ပြင်တုန်းဆိုတော့ ဇိမ်ကျမလားလို့ လိုက်လာတာ ၀ိုင်းကူရတာနဲ့ နဲနဲ ပန်းသွားတယ် ဟိဟိ။ ဒါပေမယ့် တန်ပါတယ် ခရီးမထွက်ဖြစ်တာ ကြာတဲ့ချိန်မှာ ထွက်ရလို့။ အဲဒိနေ့က အလှူကိစ္စ ၀ိစ္စတွေ ပြီးတော့ နေ့ခင်း ၁၂လောက်ရှိပြီ။ အားလုံးလဲ ပြီးစီးပြီဆိုတော့ ထုံးစံအတိုင်း အလာတုန်းက ရိုက်ထားတဲ့ ပုံလေးတွေ ဘလော့ပေါ်မှာတင်ပြီး သူငယ်ချင်းတွေကို ပြချင်တယ်လေ။ အဲဒါကြောင့် အင်တာနက်ဆိုင် အရှာထွက်ခဲ့တယ်။


မေးမြန်းပြီးတော့ ရှာလိုက်တာ ကောင်းတယ်ဆိုတဲ့ ဆိုင် (လားရှိုးဆက်သွယ်ရေး ရုံးနားက) “Green Point” ဆိုတဲ့ ဆိုင်လေးကိုသွားတွေ့တယ်။ ဆိုင်က ခြံဝင်းလေးထဲမှာ အိမ်နဲ့ တွဲဖွင့်ထားပုံရတယ် အိမ်ရှေ့ဧည့်ခန်းနေရာကို ဆိုင်ခန်းဖွဲ့ထားပုံရတယ်။ ဟောလ်ခန်းကြီးပဲ ကျယ်တော့ ကျယ်တယ်။ Green point ဆိုတဲ့ အတိုင်း ဆိုင်ထဲက အပြင်အဆင်တွေက လန်းတယ်။ နံရံတွေပေါ်မှာ ပန်းချီတွေဆွဲထားတယ်။ နံရံတွေမှာ အစိမ်းရောင် သစ်တောအုပ်ပုံလေးတွေနဲ့ (ပြီးတော့ မျက်နှာကျက်ပေါ်ကလဲ အရွက်စိမ်းတုလေးတွေ တွဲလောင်းချထားသေးတယ်)တဘက်နံရံမှာ ပင်လယ်ပုံဆွဲထားတော့ ပင်လယ်ထဲက ကျွန်းလေး တကျွန်းကို ရောက်သွားသလိုပဲ။ အိုင်ဒီယာ ကောင်းတယ်။ လားရှိုးမှာ ကွန်နက်ရှင်ကောင်းတယ်ဗျာ။ ဟဲဟဲ ကျွန်တော် လားရှိုးရောက်နေတုန်း ရန်ကုန်မှာ ကွန်နက်ရှင်တွေ တအားကျနေတော့ သူငယ်ချင်းတွေကိုတောင် ကျွန်တော် လားရှိုးကနေ လှမ်းနောက်နေသေးတယ် နက်ကောင်းကောင်းသုံးချင်ရင် လားရှိုးလာဆိုပြီးတော့လေ။ :) လားရှိုးရဲ့ အင်တာနက် သုံးရတာ စိတ်ချမ်းသာ စရာ နောက်တချက်က ဘလော့ကို မဘန်းထားဘူးဗျာ။ ရန်ကုန်မှာ မြင်နေကြ အမြင်ကပ်စရာ Access Denied ဆိုတဲ့ စာတန်းကြီး မမြင်ရဘူးလေ။ ဘယ်လောက် ပျော်ဖို့ကောင်းလဲ။ ကျွန်တော် လားရှိုးကနေ ပထမပိုင်း ပို့စ်တင်တာ ပုံမှန်အတိုင်း ၀င်ပြီး တင်တာ။ ပျော်လိုက်တာ။ ဒီမှာ ဘန်းတဲ့ ဆိုက်ဒ်တွေလဲ မဘန်းဘူး (ဟဲဟဲ ကျွန်တော် အခု ပြောလိုက်လို့ သွားဘန်းနေရင်တော့ မပြောတတ်ဘူး ခွိခွိ)



ကျွန်တော်သုံးတဲ့ အင်တာနက် ဆိုင်လေး


ကွန်နက်ရှင်ကောင်းကောင်းနဲ့ (ချက်လို့လဲ ကောင်းကောင်းနဲ့) သုံးနေတာ ညနေစောင်းမှ အိမ်ပြန်ဖြစ်တော့တယ်။ ညနေကျတော့ ကျွန်တော် ကျွန်တော့်အဒေါ်တို့ မိသားစု က လားရှိုးက ဘုရားတွေကို ညဘက်လိုက်ပို့ပေးတယ်။

လားရှိုးမြို့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်


ပြီးတော့ တိလောကမဟာဝိဇယ စေတီတော် (ကင်မရာ ဓာတ်ခဲကုန်သွား၍ မရိုက်ခဲ့ရ)

ရန်ကုန်က စွယ်တော်စေတီ ပုံစံတူ စေတီ..


ဟဲဟဲ ကုသိုလ်ရေးတွေ ပြီးတော့ လားရှိုးမြို့က china town လို့ခေါ်လို့ ရတဲ့ နေရာမှာ အကင်စားရင်း ဘီယာသွားသောက်ကြသေးတယ်။ အများ သွားရေကြအောင် အကင်တွေ ပြလိုက်အုံးမယ် ဟိဟိ။

အကင်တွေကတော့ အစုံပဲ ရန်ကုန်တရုတ်တန်းထက် လတ်ဆတ်တယ်။



ကြာညိုကင်တဲ့ (တထုတ်ထုတ်နဲ့ စားလို့ကောင်းတယ်)



ဒါက ၀က်သုံးထပ်သားကင်



ငါးကင်.. လတ်လတ်ဆတ်ဆတ်နဲ့ စားလို့ကောင်းတယ်ဗျ။ ဘီယာနဲ့က အတော်ပဲလေ။ :P



အကင်အစုံ။ အစိမ်းရောင်က ရုံးပတီသီးကင်၊ အညိုရောင်က ပဲပြား(ပဲငပိပါတယ်ထင်တယ်) ကင်၊ အဖြူရောင်က ငုံးဥပေါ့


မပြန်ခင်တရက်ရောက်တော့ ကျွန်တော်လဲ ဖူးစရာ ကျန်နေသေးတဲ့ လားရှိုးမြို့ပြင်က ရန်တိုင်းအောင် ဆုတောင်းပြည့် ဘုရားကို သွားဖူးလိုက်ပါသေးတယ်။




ရန်တိုင်းအောင် ဆုတောင်းပြည့်စေတီ



စေတီတော် အောက်ဘက် ပရ၀ုဏ်ထဲက ဗုဒ္ဓ၀င် ပန်းချီကားများ



အလှူရေစက် လက်နဲ့မကွာ



မိမိကောင်းမှု အကြောင်းပြု တောင်းဆုပြည့်စေသောဝ်..



ရန်တိုင်းအောင် စေတီတော်နှင့် ကပ်လျက် နဂါးရုံဘုရား



တောင်တန်းတွေကြားက လားရှိုးမြိ့လေး


လားရှိုးမြို့မှ အပြန်


လားရှိုးမှာ ကျွန်တော် လေးရက်နေခဲ့တယ်။ လားရှိုးကားဝင်းက မန်ဆူဈေးကြီးနားမှာ။လားရှိုးကနေ ပြန်တော့ အချိန်က တမျိုးဗျ။ ရန်ကုန်က ထွက်တုန်းက ကားက ညနေသုံးနာရီခွဲထွက်တယ်။ ဒီဘက် လားရှိုးကနေ ထွက်တော့ မနက် ၉နာရီ ထွက်တယ်။ (ပြင်ဦးလွင် တောင်တက်လမ်းတွေကြောင့် ထင်ပါရဲ့) တက်လမ်းကားကို စီးပြီးပြန်လာတာလေ။ ကံဆိုးချင်တော့ ကျွန်တော် အပြန်စီးလာတဲ့ တက်လမ်းကားက အစုတ်ကြီးဗျာ။ :) အဲယားကွန်း မရဘူး။ တီဗီကလဲ မကောင်းဘူးလားမသိဘူး မဖွင့်ဘူး။ တီဗီမရတာထားပါတော့ အဲယားကွန်းမရတော့ဗျာ။ နေကတဖြည်းဖြည်း မြင့်လာလေ ကျွန်တော်တို့မှာ အိုက်လှောင် လာလေမို့ ပြတင်းပေါက်တွေ ဖွင့်ပြီး စီးခဲ့ရတယ်လေ။ (ကောင်းလိုက်တဲ့ ကား)။ အသွားတုန်းက အတိုင်းပဲ အပြန်ကျတော့ ကျောက်မဲက “နှင်းတောင်တန်း” စားသောက်ဆိုင်မှာ ရပ်ပြန်တယ်။

ကျောက်မဲမြို့နားက နှင်းတောင်တန်း စားသောက်ဆိုင်


ကျောက်မဲကနေဆက်ထွက်ပြီး ဆက်မောင်းပြန်တယ်။ ပြီးတော့ ဘာရွာလဲ မသိဘူးအဲ့ဒိမှာ ခဏရပ်သေးတယ်။ ကားရပ်တဲ့နားမှာ အသီးဆိုင် တစ်ဆိုင်ရှိတွေ့လို့ ဓာတ်ပုံရိုက်ခဲ့သေးတယ်။

ပုံထဲမှာ တွေ့တဲ့ လိမ္မော်သီးတထုပ်ကို ၁၅၀၀ ကျပ်တဲ့။ အောက်က ကပ်ထူဖာလိုက် ယူမယ်ဆိုရင် တစ်သောင်းကျော်ဆိုပဲ။ တန်လား မတန်လားတော့ မသိဘူး။ တချို့ခရီးသည်တွေတော့ ဆင်းဝယ်ကြလေရဲ့။



ဒါက အမှတ်တမဲ့ ကျွန်တော်ဆိုင်ထဲကို ကားပေါ်ကနေ လှမ်းရိုက်တုန်း ဆေးလိပ်သောက်နေတယ်ဆိုလား ဘာလား မသိဘူး လူတစ်ယောက် ပြောင်းကြီးနဲ့ အားရပါးရ တွယ်နေပုံပေါ့။



လိမ္မော်သီးတွေ ပြွတ်ခဲနေတဲ့ လိမ္မော်ခြံတွေပေါ့


ရှမ်းပြည်ဘက်မှာ ပေါက်ဖော်ပစ္စည်းတွေက နေရာတိုင်းပဲ။ လူ့အသုံးအဆောင်အပြင် ကားတွေက အစ တရုတ်ကားတွေများတယ်။ ဥပမာ လော်ရီကားတို့၊ ထော်လာဂျီတို့က တရုတ်ဖြစ်တွေချည်းပဲ။

ဒေါ်လှကြည်.. အဲလေ.. ထော်လာဂျီ.. :P





တောင်တွေကတော့ တစ်တောင်တက် တစ်တောင်ဆင်းပဲ လှတော့ လှတယ် အန္တရာယ်လဲ များတယ်။ ကွေ့ပတ်ပြီး ဆင်းလိုက်တက်လိုက်လုပ်နေတာ။ ကျွန်တော် နောက် တခုံကျော်က ကလေးတွေများ တောင်စတက်ကတည်းကကို အန်လိုက်တာ ပြင်ဦးလွင်ရောက်တဲ့ထိပဲ။ ဟုတ်တော့ဟုတ်တယ်။ လမ်းတွေက မြွေလိမ်မြွေကောက် ဆင်းလိုက်တက်လိုက် လုပ်နေတော့ ကားမမူးတက်တဲ့ ကျွန်တော်တောင် မူးချင်ချင်ဖြစ်လာတယ်။


တလမ်းလုံး အဲယားကွန်းမရတဲ့ ကားစုတ်စီးလာမိတော့ အိပ်လို့လဲ မရဘူး။ ဒီကြားထဲ နောက်ဘက်ခုံနားက တဝေါ့ဝေါ့နဲ့ အော့အော့တွေ လုပ်နေတော့ စိတ်မချမ်းသာဘူး။ ပြင်ဦးလွင်ရောက်တဲ့ထိ သည်းခံပြီး လိုက်ခဲ့ရတယ်။

ပြင်ဦးလွင်မြို့


တနေကုန်မောင်းလိုက်တဲ့ကား ကျောတောင်ပူတယ်။ ပြင်ဦးလွင် မန္တလေးကျော်တော့ ရှမ်းပြည် အငွေ့အသက်တွေ ကုန်ပြီး အညာ ပုံရိပ်လေးတွေ တွေ့လာရတယ်။ မြေပြန့် လယ်ကွင်းကြီးတွေ၊ ထန်းတောတွေ၊ လှည်းတွေနဲ့ ခရီးသွားနေတာတွေပေါ့။ ညနေစာကို မိထ္ထီလာမရောက်ခင်က ၀မ်းတွင်းမြို့မှာ စားခဲ့ရတယ်။ မန်းမန်းစားပြီးတော့ ည ၇နာရီလောက် ရှိနေပြီလေ။ အပျင်းပြေကြည့်ဖို့ တီဗီကလဲ ပျက်နေတော့ စားပြီးသောက်ပြီး လုပ်စရာ မရှိတော့ (ဟီးဟီး) ဆက်အိပ်ပြန်တယ်လေ။ ဒီလိုသာ ခဏခဏ ခရီးသွားရရင် မောင်မင်းယွန်းတို့လား သူများတကာလို ခရီးပန်းလို့ မပိန်ပဲ ဖက်တီးကြီးဖြစ်လာမယ့် ပုံပေါ်တယ်။ ခွိခွိ။ အဲမန္တလေးသွားတဲ့ ကားအတိုင်းပဲ လားရှိုးကားတွေက ညသန်းခေါင်ကြီး ရပ်သေးတယ်ဗျာ။ တကယ့်သန်းခေါင်ယံ ၁၂ နာရီခွဲလောက်ကြီး ရပ်တယ်။ သူတို့ဟာ သူတို့ ကားဆေးပြီး နားချင်တာများ ဘာတဲ့ ခရီးသည်များ ညလည်စာ စားဖို့ ခေတ္တဆင်းနိုင်ပါပြီတဲ့။ တကယ်အာရုံနောက်တယ်။ ဒီချိန်ဆို ကိုယ်တွေက အိပ်လို့ကောင်းတဲ့ချိန်လေ။ ဘယ်နှယ့် ညလည်စာ စားရမှာတုန်း။ စားလဲ မစားတတ်ပါဘူးည သန်းခေါင်ကြီး။ အဲဒါနဲ့ မဆင်းမနေရဆိုတော့လဲ ကျွန်တော့်မှာ ငေါင်တောင်တောင်နဲ့ ဘာမှ မမှာပဲ ဆိုင်ထဲမှာ သွားထိုင်နေလိုက်တယ်။ ၀ှားးးးးး။ ပြန်တက်လို့ ရပြီလဲ ဆိုကော ကျွန်တော် အရှေ့ဆုံးက ပြေးတက်ပြီး တချိုးတည်း အိပ်လိုက်တာ မနက် ပဲခူးမှာ မနက်စာစားတဲ့ အထိပါပဲဗျာ။ ရန်ကုန်ကို မနက် ၈ နာရီရောက်တယ်လေ။ နဲနဲပင်ပန်းပေမယ့် ဒီတခေါက် မရောက်ဖြစ်တာ ကြာပြီ ဖြစ်တဲ့ ရှမ်းပြည်ဘက်ကို သွားရတော့ ပျော်တော့ပျော်တယ်။ ဒီတခေါက် ကျောင်းလစ်ပြီး သွားရတော့ နောက်ကြောင်းမအေးလို့ မူဆယ်၊ ရွှေလီထိ မတက်ခဲ့ရဘူး။ ဧပြီပြီးရင်တော့ သွားမလား စိတ်ကူးထားပါတယ်။ ကဲ နောက်များမှာလဲ ခုလိုပဲ ကျွန်တော် သွားတဲ့ ခရီးသွားမှတ်တမ်းများကို တင်ပြပါအုံးမယ်လို့ ပြောကြားရင်း ခရီးသွား အတွေ့အကြုံများကို ဝေမျှလိုက်ရပါတယ်..။

လားရှိုးမြို့သို့ အလည်တစ်ခေါက် (၂)



ပြင်ဦးလွင် မြို့အ၀င်က ၀ါးတားတား တက္ကသိုလ်( အဲလေ ကားသွားတုန်း ရိုက်လို့ ၀ါးတာကို သားက ကျောတာနော် ဟီးဟီး)



ပြင်ဦးလွင် မရောက်ခင် တက်လိုက် ဆင်းလိုက်ရတဲ့ တောင်တန်းတွေ ကလဲ မနည်း ဘူး။ တစ်တောင်ဆင်း တစ်တောင်တက်ပဲ။ သီပေါ တို့ ကျောက်မဲတို့နားရောက်တော့မှပဲ နဲနဲ မြေပြန့်သွားတော့တယ်။ မနက်ပိုင်းကို ပြင်ဦးလွင်မှာ မနက်စာစားရတယ်။ ပြင်ဦးလွင် က မနက်ပိုင်း အေးနေတုန်းပဲ။ ဘယ်လောက်အေးလဲဆို ကားထဲက အဲယားကွန်းလောက် နီးနီးအေးတယ်။ ပြင်ဦးလွင်က စားသောက်ဆိုင် တခု မှာ မျက်နှာသစ် မနက်စာစားပေါ့။ ပြီးတော့ ဆက်ထွက်ကြတယ်။ ကွေ့ကွေ့ကောက်ကောက်လမ်းတွေ ဆင်းနေရတော့ ကြာတော့ ကျွန်တော်လဲ ပျင်းလာပြီး အိပ်ပျော်သွားတယ်။ အဲ..နှစ်ရေးနိုးတော့မှ(နိုးလာလိုက် ပြန်နှပ်လိုက် လုပ်နေတာပေါ့ :P ) ကားရပ်တော့ ကျောက်မဲနားတောင် ရောက်နေပြီလေ။ ကျောက်မဲက “နှင်းတောင်တန်း” ဆိုတဲ့ စားသောက်ဆိုင်မှာ နေ့လည်စာ စားကြတယ်။ အံမယ် သူ့ဆိုင်က ဘူဖေးခင်ဗျ။ ထမင်း တပွဲကို အရွက်ဟင်း တစ်မျိုးနဲ့၊ အသားဟင်း ကြိုက်ရာ နှစ်မျိုး ပေါင်း သုံးမျိုးရတယ်ဗျ။ ၁၈၀၀ ကျပ်ကျတယ်။ ရှမ်းဆန် စီးစီးလေးနဲ့ဆိုတော့ စားလို့ကောင်းတယ်။ လားရှိုးကို ရောက်တော့ မနက် ၉နာရီခွဲလောက်ရှိနေပြီဗျ။ လာကြိုတဲ့ ကားကလဲ မရှိတော့ ကားငှားသွားရသေးတယ်။ လားရှိုးမြို့က တောင်ကုန်းလေးတွေများတယ်။ ဆင်းလိုက်တက်လိုက်နဲ့ ဆိုင်ကယ် နဲ့သာ မဟုတ်ရင် စက်ဘီးဆိုရင်တော့ ကြာရင် ခြေသလုံး အိမ်တိုင်လောက်ကြီးတွေ ဖြစ်နိုင်လောက်တယ်။ ဟီး။


ကျွန်တော် နေတဲ့ ရပ်ကွက်လေးက ကုန်းအောက်ဘက် တောင်ကြားလေးထဲက ချိုင့်ဝှမ်းပုံစံလေးမှာ ရပ်ကွက် တည်ထားတာလေ။ ရပ်ကွက်ထိပ်က တရားရုံးကို အစွဲပြုပြီး တရားရုံးကုန်းဆိုရင် သိတယ်။ အိမ်လေးတွေကြည့်လိုက်ရင် အများသော အားဖြင့် ပုံစံတူလေးတွေချည်းပဲ။ ဘယ်လို ပုံစံတူလဲဆိုရင်။ ဗြုံးအုတ်လေးတွေနဲ့ ခြံကာတားတာတွေ၊ တထပ်တိုက်လုံးချင်းလေးတွေ ဆောက်ထားတဲ့ ပုံစံတွေက အစ အကုန်ပုံစံတူတယ်။ ကျွန်တော်တည်းမယ့် ကျွန်တော့် အဒေါ်အိမ်နောက်ဘက်ဆို တောင်တန်းကြီးတခုတောင် ရှိသေးတယ် တော်တော် သာယာတယ်ဗျာ။ ရာသီဥတုကလဲ နေ့ခင်းပိုင်းသာ ရောက်နေတာ လူတွေက အနွေးထည် မချွတ်သေးဘူး အေးတုန်း( ရန်ကုန်နဲ့များကွာပ)။ အဲဒါနဲ့ အဲဒိတနေ့တော့ ကျွန်တော်လဲ ခရီးပန်းလာလို့ နားလိုက်တယ်။ အဲလေ နားတယ်ဆိုပေမယ့် ညနေဘက်တော့ ရာသီဥတုက ကိုယ့်ဘက်ပါတယ်ဆိုတော့ ဘီယာ သွားကစ်လိုက်သေးတယ်။ ဟိဟိ။ တရုတ် ပုလင်းပု ဘီယာတွေ အဲ့ဒိမှာ ဈေးလဲချိုတယ် လူသောက်လဲ များတယ်ဗျ။ မြန်မာပုလင်း အဲဒိမှာ ၂၅၀၀ လေဗျာ။ တရုတ်ပုလင်းပုက တလုံးမှ ၈၀၀ပဲ။ အရသာက အ၀င်ပေါ့ပေါ့လေး ပြီးတော့ ဂတ်စ်လဲ မများဘူး။ အဲလေ ဘီယာ အကြောင်းတွေ ရောက်ကုန်ပါပြီ။ ဟီးဟီး။



ကျွန်တော် ခေတ္တနေထိုင်ခဲ့တဲ့ ချိုင့်ဝှမ်းထဲက သာယာလှတဲ့ ရပ်ကွက်လေး


နောက်နေ့ မနက်ရောက်တော့ ကျွန်တော် ငယ်ငယ်က ရောက်ဖူးတုန်းက စားဖူးတဲ့ “၀မ်းတော်ပြည့်” ဆိုတဲ့ ရှမ်းဆိုင်လေးကို ကျွန်တော့် အဒေါ် မိသားစုနဲ့ သွားကြတယ်။ အဲ့ဒိဆိုင်လေးက ရှမ်းစာလဲ အစုံရတဲ့အပြင် သူ့ဆိုင်မှာ ကောင်းတာက လက်ဘက်ခြောက်ပဲ။ လက်ဘက်ခြောက်က မွှေးနေတာပဲ ဘယ်လိုမွှေးလဲဆိုရင် ကောက်ညှင်းနံ့လေးလိုလို မွှေးတယ်ဗျ။ တခါတုန်းကတော့ သူတို့ လက်ဆောင်ပေးဖူးတယ် ဘာရွက်လေးလဲ မသိဘူး အဲဒါ သူတို့ လက်ဘက်ခြောက်နှင့် အတူတူ ထည့်ခတ်တာတဲ့။ ကျွန်တော်တို့က လူကြုံရှိတိုင်း အဲ့ဒိဆိုင်က လက်ဘက်ခြောက်ကို မှာဝယ်နေကြလေ။




ကောက်ညှင်းနံ့လေးလိုလို မွှေးတဲ့ ရေနွေးကြမ်း..



ဆီချက်



ဆန်ပြားရေစိမ်



ဆန်ပြားသုပ်


လားရှိုးမှာ သုံးဘီ ဆိုင်ကယ်တွေ ရှိတယ်ဗျ သူတို့ အခေါ် ပလုပ်တုတ်လို့ခေါ်တယ် (ထိုင်းက ခေါ်တဲ့ တုတ်တုတ်ကို မြန်မာမှု ပြုလိုက်တာ ဖြစ်နိုင်တယ်)။ ပလုပ်တုတ်က နှစ်မျိုးရှိတယ်။ စင်းလုံးငှား ပလုပ်တုတ်နဲ့။ လိုင်းကားလို အများနဲ့ စီးရတဲ့ ပလုပ်တုတ်ဆိုပြီး နှစ်မျိုးရှိတယ်။ သူလဲ စင်းလုံးငှားမယ်ဆို တက္ကစီ ဈေးလောက်ပဲ ဟိုနားဒီနား တစ်ထောင်လောက်ရှိတယ်။


လားရှိုးမြို့မဈေးကလဲ စည်ကားတယ်။ မြို့ထဲက ဘာပဲလိုလို မြို့မဈေးကို လာဝယ်ကြတာများတယ်။ ကုန်စည်တွေကတော့ တရုတ်ပစ္စည်းတွေ များတယ်။


မြို့မဈေးရှေ့


နောက်နေ့ အလှူလုပ်ရမယ်ဆိုတော့ လိုအပ်တာတွေ ၀ယ်ခြမ်းတာ လိုက်ကူပေးရင်း အဲ့ဒိနေ့ တနေကုန်သွားပြန်တယ်လေ။