Monday, March 17, 2008

လားရှိုးမြို့သို့ အလည်တစ်ခေါက် (၁)

လားရှိုးမြို့ကို ကျွန်တော်ငယ်စဉ်က (၇တန်းလောက်တုန်းက) ပဲ တစ်ခေါက်ရောက်ဖူးခဲ့တယ်။ ခုဆို ၈နှစ်လောက်ရှိပြီဆိုတာ သိပ်မမှတ်မိတော့ဘူး။ ပြီးတော့ အရင်က ကလေးဆိုတော့ လူကြီးတွေ လိုက်ပို့တဲ့ နေရာပဲ သွားရတာကိုး။ ကျွန်တော်ခု လူမှန်းသိတတ်စ ကျမှ နောက်တစ်ခေါက် ရောက်ဖြစ်တာပေါ့။ မြန်မာပြည်တွင်းမှ ကျွန်တော် အနေချင်ဆုံးပြည်နယ်ကို ပြောပါဆိုရင် ရန်ကုန်ပြီးရင် ရှမ်းပြည်နယ်ပဲ။ သူ့မှာ စိမ်းလန်းတဲ့တောင်တန်းတွေ ရှိတယ်။ ကွေ့ကွေ့ကောက်ကောက် တောလမ်းတွေလဲ ရှိတယ်။ ချစ်စရာ ကောင်းတဲ့ ဓလေ့စရိုက်တွေ ပိုင်ဆိုင်တဲ့ ရှမ်းလူမျိုးတွေ နေထိုင်တယ်။ အေးချမ်းတဲ့ ရာသီဥတုလေးတွေရှိတယ်။ အကယ်၍များဖြစ်နိုင်ခဲ့ရင် ကျွန်တော် ရှမ်းပြည်နယ်မှာတောင် အခြေချချင်ပါတယ်။ ကျွန်တော် ဘာကြောင့်မှန်းမသိ ရှမ်းပြည်နယ်ကို တော်တော်ချစ်ပါတယ်။


ကျွန်တော် ရန်ကုန် မြောက်ဥက္ကလာ အောင်မင်္ဂလာအဝေး ပြေးကနေ ညနေ ၄နာရီလောက်က စထွက်ခွာခဲ့ပါတယ်။ ကျွန်တော် လားရှိုးကို သွားရတဲ့ အကြောင်းအရင်းက ရန်ကုန်ကို အလည်လာတဲ့ ကျွန်တော့် အဒေါ်နဲ့ ညီလေးတွေကို လိုက်ပို့ရင်းနဲ့ပါ။ ခရီးမထွက်ရတာ ကြာပြီဖြစ်လို့ ခရီးထွက်မယ့် ထွက်ရတော့ ကျွန်တော့်အကြိုက် ရှမ်းပြည်နယ်ဘက် ခရီးဖြစ်နေတော့ ရေငတ်တုန်း ရေတွင်းထဲ ကျဆိုသလို အပျော်ကြီးပျော်တာပေါ့။ မနက်၆နာရီလောက်ဆိုရင်ပဲ ကျွန်တော် စီးလာတဲ့ ကားကြီးဟာ ပြင်ဦးလွင်ကို ရောက်လာပါတယ်။ တောင်ပေါ်မို့လို့လား မသိဘူး ကျွန်တော်တို့ ထမင်းစားဖို့ ထမင်းဆိုင်ကိုဆင်းတော့ ကားထဲက အဲကွန်း လောက်နီးနီး အပြင်မှာ အေးနေပါတယ်။ အဲ့ဒိမှာ မနက်စာစားပြီး ကျွန်တော်တို့ ခရီးဆက်ထွက်ဖြစ်ပါတယ်။ ရန်ကုန်-လားရှိုးတိုက်ရိုက်ကားဆိုတော့ တညောင်းပဲ စီးရတာပေါ့။ တလမ်းလုံး ဟိုလူး ဒီလှိမ့်နဲ့ အိပ်လာတာ။ သုံးလေး ငါးရေး မကဘူးဗျာ။ ဟီး။


ပြင်ဦးလွင်ကျော်တော့ ရှမ်းတောင်တန်းတွေကို စတင်ဖြတ်သန်းရပါတယ်။ မြွေလိမ်မြွှေကောက် တောင်ပတ်လမ်းတွေက နေ သွားရတော့ ကျွန်တော် လုံးဝ မအိပ်ချင်တော့ပဲ ရှုခင်းတွေကို တအံ့တသြငေး နေမိတော့တယ်။ ပါလာတဲ့ ကင်မရာနဲ့ ရိုက်လို့ မဆုံးနိုင်အောင်ပါပဲဗျာ။ ခပ်ဝေးဝေး ရောက်လေ အောက်ဘက်က တောင်ပတ်လမ်းတွေကို ကြည့်ရတာ ပိုပိုလှလာလေပါပဲ။ အဲ ဒါနဲ့ရိုက်လို့ ကောင်းတုန်း ရှိသေးတယ် ကားက ဗြုန်းဆို ဘရိတ်ဆောင့်အုတ်လိုက်သေးတယ်ဗျ။ ကျွန်တော်တို့ ခရီးသည်တွေလဲ လန့်ဖျတ်ကုန်တာပေါ့။ ဘာဖြစ်တာလဲဆိုတော့ တခုသော တောင်ပတ်လမ်း အကွေ့မှာ ကားသမားက အကွေ့ယူတာ များသွားလို့ (အံမယ်လေး သီသီလေးဗျာ) ။ ကံကောင်းလို့ပေါ့ မဟုတ်ရင် မောင်မင်းယွန်းတို့ လား မောင်မင်းယွန်းခရီးသွားနေသည်ကနေ မောင်မင်းယွန်း နတ်ပြည်သွားနေသည် ဖြစ်တော့မလို့ ဟတ်ဟတ်။








မနက်စောစော မြူတွေဆိုင်းနေတဲ့ ရှမ်းတောင်တန်းကြီးတွေ



ကွေ့ကွေ့ကောက်ကောက် လမ်းကလေးတွေ...


အော် ဒါနဲ့ ပြောဖို့တခု မေ့ကျန်ခဲ့တယ်။ ကျွန်တော် တို့သွားရင်းနဲ့ သီပေါတံတားရောက်တော့ ငါးမိနစ်မက စောင့်လိုက်ရတယ်ဗျာ။ ကားတွေကလဲ တသီတသန်းကြီးပဲ။ ကျွန်တော်လဲ ဘာဖြစ်တာလဲဆိုပြီး စူးစမ်းကြည့်လိုက်တော့ တံတားက ရှေးပဝေဏသီက တစ်လမ်းသွား သံမဏိတံတားကြီးဖြစ်နေတယ်ဗျာ။ တလမ်းသွားဆိုတော့ ဟိုဘက်က လာတဲ့ကားတွေ ရှိရင် ဒီဘက်က ကားတွေက တန်းစီပြီးစောင့်ရတာပေါ့။ ကျွန်တော်တို့ ဘက်ကကားတွေ သွားလဲ ဟိုဘက်မှာ အဲ့ဒိလိုပဲ တသီတသန်းကြီးစောင့်နေရတာပေါ့။ အမှန်ဆို ခုခေတ်လို ကုန်စည်ကူးသန်းသွားလာနေတဲ့ ခေတ်ကြီးမှာ ဒီလို ခရီးလမ်းကြန့်ကြာစေတဲ့ တစ်လမ်းသွား တံတားတွေ မရှိသင့်တော့ဘူးထင်ပါတယ်။ သီပေါတံတားကို ကုန်ကားကြီးများ ခရီးသည်တင်ကားကြီးများ သွားလို့ရအောင် တံတားခပ်ကြီးကြီး ပြင်သင့်နေပြီ ဖြစ်ပါကြောင်း အကြံပြုအပ်ပါတယ်။

ပြန်လည်ပြင်ဆင်သင့်နေပြီဖြစ်တဲ့ တလမ်းသွား သီပေါတံတား

ကဲ ဒါကတော့ ကျွန်တော် လားရှိုးမရောက်ခင် ခရီးလမ်းမှာ ရိုက်ခဲ့တဲ့ ပုံတွေနဲ့ လားရှိုးသို့ အလည်တစ်ခေါက် ပထမပိုင်းပါပဲ။


No comments: