Thursday, September 4, 2008

လာအိုနိုင်ငံ ဗီယန်ကျန်းမြို့ သို့ အလည်တစ်ခေါက် (၁)

လောဝ်ရှမ်းတို့ ဌာနေ

လန်ဇန် လို့ ရှေးအခါက မင်းနေပြည် အဖြစ် အမည်တွင်ခဲ့ ဖူးပြီး ဆင်သန်းပေါင်း များစွာ ရှိတဲ့ မြေလို့ အဓိပ္ပာယ် ရတဲ့ လာအို နိုင်ငံရဲ့ မြို့တော် ဗီယန်ကျန်းမြို့ကို ထိုင်းနိုင်ငံရောက် ရွှေ တော်တော် များများ တိုင်ပတ် ဖူးကြ ပါလိမ့်မယ်။ အားလုံး တညီ တညွတ်တည်း ငြီးတာ က တော့ ဈေးကြီးတယ်တဲ့။ ထိုင်းထက်ကို အစစ အရာရာ ရှားပါး ဈေးကြီး ပါသတဲ့။

ဘန်ကောက်ကနေ မီးရထားနဲ့ ပေါ့ပေါ့ပါးပါး ရှုခင်း ငေးရင်း၊ ညောင်းလာရင် ရထား တွဲထဲ လမ်းထ လျှောက်ရင်း သက်သက်သာသာ စီးလာ လိုက်တာ ညရထားစီးရင် မနက်ကို လာအို- ထိုင်း နယ်စပ်မြို့ ဖြစ်တဲ့ နောင်ခိုင်ကို ရောက်ပါတယ်။ နောင်ခိုင်မြို့လေးဟာ နယ်စပ်မြို့ ဖြစ် ပေမယ့် ထိုင်း-မြန်မာ နယ်စပ် မြို့တွေလို ရှုပ်ထွေးမှု ရှိမနေဘဲ အေးချမ်း တိတ်ဆိတ် လှပါ တယ်။ ဘဏ်များ ရှိပေမယ့် ဘယ်သူမှ ငွေသိပ် မလဲလို့လား မသိ။ ဒေါ်လာနဲ့ ဘတ် လဲလှယ် ဖို့ ရှိသမျှ ဘဏ် အားလုံးကို သွားခဲ့ ပေမယ့် မရှိလို့ မှောင်ခိုက လဲခဲ့ရ ပါတယ်။ မြို့လေးက သပ်ရပ်သလို မြို့တွင်းရှိ လူများကလဲ ရိုးသား အေးဆေး ကြပြီး နိုင်ငံခြားသားမို့ ဈေးပိုတင် ခြင်း၊ ကလိန်ကျခြင်းလဲ မလုပ်ကြတာ စိတ်ချမ်းသာ စရာပါ။ ဘူတာကနေ နယ်စပ်ဂိတ်ကို တုတ်တုတ်ခေါ် သုံးဘီးကား စီးတာ ဘတ် ၃၀ပဲ ပေးရပါတယ်။ နယ်စပ်ဂိတ် ရောက်တော့ တန်းစီ နယ်စပ်ဖြတ်ပေါ့။ ထွေထွေထူးထူး မရှိပေါင်။ ထိုင်းဂိတ်ကနေ လာအိုဂိတ်ကို သွားဖို့ ဘတ်စ်ကား စီးတော့လဲ လူတစ်ယောက် ဘတ် ၃၀ပါပဲ။ လာအိုဂိတ် မှာလဲ ဘာမှ ထွေထွေ ထူးထူး ရစ်ခြင်း၊ ပွဲစား ရှုပ်ခြင်း မရှိဘဲ အေးအေးချမ်းချမ်း ဗီဇာ ရလာပါရော။ ထိုင်း တစ်ဘတ် ကို လာအို ကစ် ၂၈၅ (ငွေဈေး အပြောင်းအလဲ ရှိနိုင်သည်) နဲ့ နယ်စပ်ဂိတ်မှာ ကတည်းက လဲလှယ် နိုင်ပါတယ်။

လာအို နယ်စပ် ဂိတ် ကနေ ဗီယန်ကျန်း မြို့ထဲက တည်းခိုရာ ဟိုတယ် (ကြိုက်ရာ ဟိုတယ်) ထိ taxi ကားခ ဘတ် ၃၀၀၊ ဘတ်စ်ကား စီးရင် နယ်စပ်ဂိတ်ကနေ ဗီယန်ကျန်း မြို့လယ် ကားဂိတ်ထိ ဘတ်စ် ကားခ ၅၅ဘတ် ပေးရပါတယ်။

လာအို နယ်စပ်ဂိတ်က ဓာတ်ပုံများ


လမ်းမှာတော့ ကမ္ဘာကျော် မဲခေါင် မြစ်ကြီးက ရေစီးသန်သန်နဲ့ စီးဆင်းလို့… လမ်းဘေး ၀ဲယာ က ရှုခင်းကတော့ ထိုင်းနိုင်ငံက နယ်မြို့လေးတွေ လိုပါပဲ။ သိပ် ခမ်းခမ်း နားနားကြီး မဟုတ် နေဘူး။

ကမ္ဘာကျော် မဲခေါင်မြစ်



ရောက်ရောက်ချင်း ထိုင်းသံရုံးမှာ ဗီဇာ ပြန်လျှောက် ပါတယ်။ ဗီဇာကို မနက် ၁၁ နာရီ မထိုး ခင်ထိ လျှောက်လွှာ လက်ခံပြီး ပွဲစား မလိုပါဘူး။ ဒါပေမယ့် တချို့ မလည်ရှုပ် လာအို တွေက ပွဲခ တောင်းပြီး လျှောက်ပေး မယ်လို့ ဆွယ်တတ် ပါတယ်။ လျှောက်လွှာတင်ပြီး ထမင်းစား ထွက်နိုင် ပါပြီ။ ဆိုင် မရှာတတ် လို့ကတော့ လမ်းဘေးက သာမန် ထမင်းဆိုင် မှာ ထိုင်စားရင် အနည်းဆုံး လာအို ကစ် တစ်သောင်းခွဲ ကနေ အများဆုံး ခြောက်သောင်းခန့် အထိ ကုန်ကျ နိုင်ပါတယ်။ ခပ်သန့်သန့် ဆိုင် ဆိုရင် တနပ်စာကို ဘတ် ၆၀၀ ထိ ရိတ်တာ ခံရဖူးသူ ရှိပါတယ်။

စားသောက်ပြီးတော့ ရေသန့် တဗူး ၀ယ်ပါတယ်။ လာအိုတွေ အားလုံး လိုလို ထိုင်းစကား ပြောလို့ ရပါတယ်။ ထိုင်းလိုပြောပြီး ၀ယ်မိတော့ တလီတာဝင် ရေသန့် တဗူးကို လေးထောင် ပေးရပါတယ်။ တစ်ရက်ကို ရေ လေးလီတာလောက် သောက်တတ်တဲ့ ကိုယ့်အတွက် ရေသန့် တဗူးက တစ်နာရီ သာသာပဲ ခံတာမို့ မြို့ထဲ လျှောက်လည်ရင်း နောက်တနေရာမှာ ရေထပ် ၀ယ်ပါတယ်။ အင်္ဂလိပ်လို ပြောပြီး ၀ယ်တော့ စောစောက တံဆိပ်နဲ့ တလီတာဝင် ရေသန့် တဗူးကို နှစ်ထောင်ပါ။ ဒါနဲ့ မြို့သား တောရောက် မအူမလည်နဲ့ ဆက်လျှောက်ပေါ့.. နောက် တစ်နေရာမှာ ရေသန့် ထပ်ဝယ်တော့ တဗူးယူပြီး ဘာမှ မပြောဘဲ တစ်သောင်းတန် တစ်ရွက် ထုတ်ပေးလိုက်တော့ ကိုးထောင် ပြန်အမ်းပါတယ်။ ဒီတော့မှ ဇာတ်ရည် လည်ပါတော့တယ်။ ငါ ထိုင်းလို ပြောမိလို့ ငါ့ဆီက မြဘုရားဖိုး ပြန်ယူ လိုက်တာ ပါလားလို့…

သေချာ ရှင်းပြ ပါ့မယ်။ မသိသေး သူများ အတွက်ပါ။ သိပြီးသား သူများ စာပိုဒ် ကျော်ဖတ် နိုင် ပါတယ်။ လာအို လူမျိုးတွေက ထိုင်းကို အသေ မုန်းပါတယ်။ ထိုင်းဟာ အတိတ်က လာအို နိုင်ငံ ကို တိုက်ခိုက် သိမ်းပိုက် ပြီး လာအို နိုင်ငံရဲ့ ရှေးဟောင်း မြို့တော် လွမ်ပရာဘမ်က မြ ဘုရားကို ထိုင်းနိုင်ငံကို ပင့် ဆောင် လာပါတယ်။ တကယ်တော့ ဒီမြဘုရားဟာ အနော်ရထာ ဘုရင်ကို သီဟိုဠ် ဘုရင်က လက်ဆောင် ဆက်သ ထားပြီး ပုဂံကို အပို့ လမ်းမှာ မုန်တိုင်း မိပြီး ထိုင်းကမ်းခြေမှာ သင်္ဘော ဆိုက်တော့ ပို့ခိုင်းသူများက ကြောက်ပြီး ဆက်မပို့ ရဲတော့လို့ ကုန်းလမ်း ကနေ လာအို နိုင်ငံကို ရောက်သွားခဲ့ပြီး လာအို ဘုရင်က တမြတ်တနိုး ကိုးကွယ် ထားတဲ့ ဆင်းတုတော်ပါ။ ဒီအကြောင်းကို သီဟိုဠ် ဘုရင်က သိတော့ အနော်ရထာ ဘုရင်ထံ အကြောင်းကြား လာပါ တယ်။ နှစ်နိုင်ငံ လုံးက ဘုရင် တွေနဲ့ မိတ်မပျက် ချင်တဲ့ အနော် ရထာ ဘုရင်က သီဟိုဠ် ဘုရင်ကိုပါ ဖိတ်ခေါ်ပြီး မြဘုရားကို လာအို ဘုရင်ထံ ရေစက်ချ လှူဒါန်း ခဲ့ ပါတယ်။ အနော်ရထာ ဘုရင် ဆီက မျက်နှာသာ ရလိုမှု ကိုသာ အဓိက ထားတဲ့ သီဟိုဠ် ဘုရင် ဟာ ခုလို အနော်ရထာ ဘုရင်နဲ့ အတူ အလှူရှင် အဖြစ် ရေစက် ချခွင့် ရတဲ့ အတွက် ကျေနပ် သလို စစ်တိုက်ပြီး ဖြစ်စေ၊ သံတမန် လွှတ်ပြီး ဖြစ်စေ ပြန်ယူရင် အဲဒီ ခေတ်က အင်အားကြီးတဲ့ အနော်ရထာ ဘုရင်ကို မြဘုရား ပြန်ပေးရမှာ သေချာ နေပေမယ့် ပြည်သူတွေရဲ့ သဒ္ဒါတရား ကို ခုလို အသိအမှတ်ပြု လေးစားစွာ ရေစက်ချ လှူပေးတဲ့ အတွက် လာအို ဘုရင်ကလဲ အနော် ရထာ မင်းမြတ်ကို ပိုကြည်ညို လေးစား ခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။ ဒီလို သမိုင်း ကြောင်း ကြီးတဲ့ မြဘုရား ကိုမှ ထိုင်းက လာအို နိုင်ငံကနေ တိုက်ခိုက် သိမ်းပိုက် ယူခဲ့ ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံ နယ်နမိတ် ထဲက စီယံ ပြည်နယ် ကြီးဟာ အရင်က လာအို ပိုင်တာပါ။ ပြင်သစ် ကိုလိုနီ အောက် လာအို နိုင်ငံ ကျရောက်နေစဉ် ထိုင်းက ပြင်သစ်နဲ့ တည့်အောင် ပေါင်းပြီး စီယံ နယ်ကို ထိုင်းနယ်နမိတ်ထဲ ထည့်လိုက် ပါတယ်တဲ့။ ဒါကြောင့် လာအို လူမျိုး တွေ ဟာ ထိုင်းကို မုန်းသလို ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ လာအို လူမျိုးတွေ (အထူးသဖြင့် စီယံ နယ်ထဲက လာအိုတွေကို ထိုင်းက အိစံလို့ ခေါ်ပါတယ်) ဟာလဲ ထိုင်းနိုင်ငံထဲမှာ မကြာ ခဏ ပြသနာ ရှာပါတယ်။ ဒါကြောင့် အိစံတွေဟာ ထိုင်းနိုင်ငံ ထဲမှာ နာမည်ဆိုးနဲ့ နာမည်ကြီး ပါတယ်။ လာအို နိုင်ငံထဲမှာ ထိုင်းလို ပြောပြီး ဈေးဝယ်ရင် ပိုဈေး ပြောလို့ သတိထားရ ပါတယ်။ အဆင်မပြေဖို့ ပိုများ ပါတယ်။

ဗီယန်ကျန်းမြို့လေးက တကယ်တော့ သေးသေးလေးပါ။ မြို့ထဲကို မြေပုံ တစ်ချပ်နဲ့ အတူ ခြေကျင် ပတ်ပါတယ်။ သူတို့နိုင်ငံရဲ့ national emblem ထဲမှာတောင် ပါတဲ့ လာအိုရဲ့ ရွှေတိဂုံ ကတော့ ဖရာ့ သက်လွမ် စေတီ ဖြစ်ပါတယ်။ အဲဒီ စေတီ ပရ၀ုဏ် ထဲမှာ မြန်မာ ဘာသာနဲ့ ရေးထွင်း ထားတဲ့ ရှေးဟောင်း ကျောက်စာ နှစ်ချပ်ကို ပုဂံ ခေတ်က စာအရေး အသားနဲ့ ဖတ်ခဲ့ ရပါတယ်။ (ဆယ်တန်းတုန်းက အက္ခရာ အရေးအသား သင်ခန်းစာကို မှတ်မိတာ အဖိုးတန် သွားပါတယ်။)

ဖရာ့သက်လွမ် စေတီတော်? သူ့ပရ၀ုဏ်ထဲက လာအို ဗိသုကာ လက်ရာ ဘုရားကျောင်းဆောင်နဲ့ မြန်မာ ကျောက်စာများ


2 comments:

Pinkgold said...

ဗဟုသုတတွေ အရမ်းရပါတယ်ရှင်

Unknown said...

Good writing, Keep it up!!!