Monday, December 3, 2007

A Journey to Brisbane !

ဘရစ်စ်ဘိန်းသို့ ခရီးတစ်ခေါက်


၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ စနေနေ့ ညနေ ရ နာရီ မှာ မဲလ်ဘုန်းမြို့ ကနေ လေယာဉ်နဲ့ ခရီး စထွက်ပါတယ် ... ဆရာတော် (၂) ပါးနဲ့ ကပ္ပိယ တစ်ယောက် ပေါ့ ... တစ်ပါးက ပါ့သ်မြို့က ဆရာတော် ဦးဝံသပါလ ဖြစ်ပြီး နောက်တစ်ပါးက ကျွန်တော်တို့ မဲလ်ဘုန်း ဓမ္မသုခ ဆရာတော် ဦးပဏ္ဍိတ ဖြစ်ပါတယ် ... ပျံသန်းချိန် ၂း၂၀ ကြာပါတယ် ... ဘရစ်စ်ဘိန်း လေဆိပ်မှာ ဆိုက်ရောက်တော့ လေယာဉ်က ကြေငြာ ပေးပါတယ် ... အချိန် ကွာခြား ချက်ကြောင့် နာရီမှာ တစ်နာရီ နောက်ပြန်ရွှေ့ ဖို့ပါ ... တစ်နိုင်ငံတည်း ပေမယ့် သူတို့မြို့မှာ နေ့အချိန် သိပ်မရှည်တော့ နာရီ ပြောင်းမထားပါဘူး ... မဲလ်ဘုန်း မှာသာ နွေရာသီ နေမြင်ချိန်က (နံနက် ၄ နာရီမှ ည ၁၀ နာရီခန့် အထိ) ရှည်တော့ အချိန် တစ်နာရီ ရှေ့တိုး ထားရတာ ... ဒါနဲ့ ဘရစ်စ်ဘိန်း လေဆိပ်မှာ နာရီ စပြောင်းပါတယ် ...


ကျောင်းသစ် ဖွင့်ပွဲ လုပ်မဲ့ ဘရစ်စ်ဘိန်းမြို့ ဇေတ၀န် ကျောင်းတော်ကို လာကြိုတဲ့ ကားနဲ့ပဲ ချောချော မောမော ရောက်ရှိပါတယ် ... ညအိပ်ဖို့ ဘုန်းကြီးကျောင်းမှာ နေရာ မလောက်တော့ နှစ်ထပ် အိမ်တစ်လုံးမှာ ဆရာတော်တွေနဲ့ အတူ သွားရပါတယ် ... မနက် စောစောထ ... အရုံဆွမ်း ကပ်မယ့် ကျောင်းကို အရောက် သွားပြီး ကျောင်းဖွင့်ပွဲ အတွက် ကူညီ ပြင်ဆင် ပေးရပါတယ် ... အခမ်းအနား စပါတယ် .. အထူး အစီအစဉ်တော့ မရှိပါဘူး ... အထိမ်းအမှတ် ဗောဓိ ညောင်ပင် စိုက်၊ တရားဟော၊ ကျောင်း ဖွင့်ပွဲ သမိုင်း နဲ့ ကျေးဇူးတင် စကားပြော၊ ဖဲကြိုးဖြတ်ဖွင့်၊ ဆွမ်းကပ်၊ ခဏနား ၊ နေ့ခင်းတရားဟော၊ ဒုလ္လဘ ရဟန်းခံပွဲ ဆက်လုပ် ပါတယ် ... ရဟန်းခံဖို့က သိမ် မရှိသေးပါဘူး ...



ဖွင့်ပွဲ အထိမ်း အမှတ် ဗောဓိညောင်ပင် စိုက်ပျိုးခြင်း အခမ်းအနား



ဆရာတော် ဦးပဏ္ဍိတ မှ ဗြိတိသျှ ဘာသာ စကား ဖြင့် တရား ဟောကြား ပေးနေစဉ်

ဒါနဲ့ပဲ ရေသိမ်ပြုလုပ်ဖို့ ကီလို မီတာ (၇၀) ကျော် ဝေးတဲ့ ဂိုးလ်ဒ် ကို့စ်ထ် ကမ်းခြေ ကို ကားများနဲ့ သွားရပါတယ် ... လှိုင်းလေ သက်သာတဲ့ ကမ်းခြေနားက မြစ်တစ်ခုရဲ့ ရေလည်မှာ ကျောက်ချထားတဲ့ သင်္ဘော အသေးလေး ဆီကို စက်လှေနဲ့ ကူးရပါတယ် .. ပြီးမှ သင်္ဘောပေါ်မှာ သိမ်ဝင်ပါတယ် ... ကမ္မ၀ါ ဖတ်ပါတယ် ... အားလုံးပြီးတဲ့ အချိန်မှာ ညနေ နေ၀င်ခါ နီးပါပြီ ... ရည်ရွယ်ချက်ရှိတဲ့ ကပ္ပိယဆိုတော့ ဆရာတော်တွေ ကို ကမ်းခြေ လိုက်ပို့ပေးဖို့ တောင်းဆိုပါတယ် .. ဒါမှ ကပ္ပိယလည်း ရောက်ရမှာလေ ... ကမ်းခြေ ရောက်တော့ နေ၀င် နေပါပြီ .. ရေကစားတဲ့သူ မရှိသလောက် ဖြစ်နေတဲ့ အချိန်ပါ ... ဒါ့အပြင် ဆရာတော်တွေ ပါနေလို့ လူရှင်းတဲ့ ကမ်းခြေ နေရာ ကို လိုက်ပို့ပေးပါတယ် ...



သင်္ဘောပေါ်မှ ရေသိမ် တွင် ရဟန်းပြုပေး နေစဉ်

ဖိနပ် မစီးပဲနဲ့ ကမ်းခြေမှာ လျှောက်ကြည့်မှ ဘာကြောင့် ကမ္ဘာ့ အလှဆုံး ကမ်းခြေ တစ်ခု အဖြစ် ရပ်တည် နေသလဲ ဆိုတာ သိရပါတယ် ... တခြား ကမ်းခြေတွေ နဲ့ လှိုင်း၊ လေ၊ ရှုခင်းက သိပ် မကွာခြား ပါဘူး ... အတူတူ လောက်ပါပဲ ... ကွာခြားတာက သဲ ဖြစ်ပါတယ် ... တော်တော် အမျိုးအစား ကောင်းပြီး ဘယ်ကမ်းခြေက သဲနဲ့မှ မတူပါဘူး ... အရောင် ကတော့ ဖြူလွလွ လေးပါပဲ ... ဒါပေမယ့် အထိ အတွေ့မှာ ကွာပါတယ် ... သဲပွင့်က မကြီး မသေး ဖြစ်ပြီး နူးညံ့ အိစက် နေပါတယ် ... ခြေထောက်ကို ကပ်ငြိ ပါလာခြင်း မရှိပါဘူး ... တကယ် မမေ့ နိုင်စရာ ခံစားမှု တစ်မျိုးပါ ... ရေလှိုင်း လျှောစီး သူများ၏ နိဗ္ဗာန် ဘုံ မှာ လမ်းလျှောက် ဓါတ်ပုံ ရိုက်ပြီး ပြန်လာခဲ့ပါတယ် ... ကျောင်းပြန် ရောက်တော့ ည မိုးချုပ် နေပါပြီ ... ညအိပ်ပြီး နောက်တစ်ရက် မှာ မဲလ်ဘုန်း ကို ပြန်လာခဲ့ ပါတယ် ... နောက်ထပ် အထူးအထွေ ကတော့ မရှိတော့ပါဘူး ...



ရေလှိုင်း လျှောစီး သူများ၏ နိဗ္ဗာန် ဘုံ (Surfers Paradise) အ၀င်ဝ



ဆရာတော်တွေနဲ့ ရွှေကမ်းရိုးတမ်း မှာ အမှတ် တရ

တစ်ခုပဲ တောင်းပန်ပါရစေ ... အခြေအနေကြောင့် အမျိုးသား ဘလော့ဂါများ ဘ၀င် ကျစေမယ့် အလှ အပ မျိုးစုံသည့် ရွှေ ကမ်းခြေ ဓါတ်ပုံများ မရိုက်ကူး နိုင်ခဲ့ပါကြောင်း ... :P

No comments: