Thursday, January 24, 2008

ဒီဇင်ဘာ အားလပ်ရက် ပီနန် ခရီး စဉ် ၂၀၀၇ (၁)

၂၀၀၇ ခုနှစ် ကုန်ဆုံးပုံက ကိုယ့်အတွက် ကောင်းတယ်လို့ ပြောရမလား မကောင်းဘူးလို့ ပြောရမလားတော့ မပြောတတ်ဘူး၊ အရင် ၂ နှစ် နဲ့ မတူ တာကတော့ အမှန်ပါပဲ၊ ပြီးခဲ့တဲ့ ၂၀၀၅ နဲ့ ၂၀၀၆ ခုနှစ် မှာတော့ အလုပ် လုပ်ရင်း နှစ်သစ်ကို ကူးပြောင်း ခဲ့ ရတာကြီးပဲ၊ ၀င်ငွေ အတွက်က တော့ အပေါင်း လက္ခဏာ၊ ပျော်ရွှင်မှု အတွက်တော့ အနုတ် လက္ခဏာပေါ့၊ ဒီနှစ်မှာတော့ အလုပ်က New year plant shut down ရှိတော့ မယူမနေရ force leave 2 ရက် ယူပြီးတော့ ခရစ္စမတ် နဲ့ new year ပိတ်ရက် အပါအ၀င် စုစုပေါင်း ၁၀ ရက် နားရက် ရတယ်၊ ခွင့် သိပ်မယူရပဲ နဲ့ ဒီဇင်ဘာ ပိတ်ရက်တွေနဲ့ နားရက် များများ ရတုန်း မြန်မာ ပြည်ကို ပြန်ချင်ပေမဲ့ သံရုံးကိုပေးရမဲ့ ၀င်ငွေခွန်တွေရယ်၊ အဆမတန် ဈေးကြီးနေတဲ့ လေယာဉ် လက်မှတ်နူန်းထား တွေရယ်ကြောင့် အကြောင်းထူး မရှိပဲ ငွေကြေး အမြောက်အမြား မသုံးစွဲချင်တာနဲ့ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒကို ချိုးနှိမ့်လို့ ဖြစ်နိုင်တဲ့ နီးနီးနားနား မလေးရှားက ကိုယ် မရောက်ဖူးသေးတဲ့ ပီနန်မြို့ကို အလည်ထွက်ဖို့ ရွေးချယ်လိုက်ပါတယ်၊ ဆန္ဒနဲ့ ဘ၀ တထပ်တည်း မကျနိုင်တာ အခုချိန်ထိပါပဲ၊

မြေပုံထဲမှာ တွေ့ရတဲ့ ပီနန်ကျွန်းလေး

ဒီဇင်ဘာ၂၈ ရက် သောကြာနေ့ မနက် ၉ နာရီ တိတိမှာ ကိုယ်တို့ သားအမိ သား အဖ သုံးယောက် Singapore က ထိုင်းလူမျိုးတွေ စုရပ်ဖြစ်တဲ့ Golden Mile Tower ကနေ Five Star Traveller က ၁၈ ယောက်စီး Snoozer Seat ပါတဲ့ ကားကြီးနဲ့ ခရီးစဉ်ကို စတင် ခဲ့ပါတယ်၊ ကားခ ကတော့ ပီနန်ကို အရောက် တယောက်ကို S$ 55 ပါ၊ ကားအကြီးမှာ ၁၈ ခုံပဲ ပါပြီး၊ ၃ ယောက် တတန်း နဲ့ စုစုပေါင်း ၆ တန်း ပဲ ထည့်ထားတာ ဖြစ်လို့ ၁ ခုံနဲ့ တစ်ခုံ အတော်တော် လှမ်းသလို ထိုင်ခုံက လှဲပြီး အိပ်လို့ ရအောင် လိုသလို ညှိယူလို့ ရပါတယ်၊ ထိုင်ခုံ တိုင်းမှာလဲ ကိုယ်ပိုင် တီဗီ အသေးစားလေးတွေ တပ်ဆင် ပေးထား ပါတယ်၊ တီဗီမှာ ကိုယ်စိတ်ကြိုက် အင်္ဂလိပ်ရုပ်ရှင်ကား၊ တရုတ်ကား၊ ကိုရီးယားကားနဲ့ အခြား ရုပ်ရှင်ကား အတော် များများကို အင်စတော လုပ်ပေး ထားတာပါ၊ ကိုယ့်စိတ်ကြိုက် ရုပ်ရှင်ကားကို ရွေး ကြည့် ရုံပါပဲ၊ တော်တော် သက်တောင့် သက်သာ နဲ့ အဆင်ပြေပြေ ခရီးသွားလို့ ရအောင် လုပ်ပေးထားတာ ကတော့ ပေးရတဲ့ ဈေးနူန်းနဲ့ တန်အောင် ၀န် ဆောင်မှု အပြည့် ပေးထားတာပါ၊

မနက် ကိုးနာရီ တိတိ မှာ လက်မှတ်မှာ ရေးထားတဲ့ အချိန်အတိုင်း အတိအကျ (အဲဒါကတော့ မြန်မာပြည်နဲ့ တော်တော် ကွာပါတယ်) မှာ ဂိတ်ကနေ စထွက် ပြီးတော့ ၁၀ နာရီ လောက်မှာ Tuas Check point ကိုရောက်ပြီးတော့ singapore immigration & malaysia immigration တို့ကို ဖြတ် အပြီး ၁၀း၃၀ နာရီမှာ မလေးရှား နယ်စပ် ဖြစ်တဲ့ JB (Johor Bahru) ကနေ စတင် ပြီး မောင်းနှင်လာတာ ၁၂ နာရီမှာ ထမင်းစားဖို့ တစ်ထောက် နားပါတယ်၊ ထမင်းစားဖို့ကို နာရီဝက် အချိန် ပေးပါတယ်၊ ၁၂း၃၀ နာရီမှာ တော့ ထမင်းဆိုင် ကနေ ဆက်ပြီး မောင်းလာတာ ပီနန်ရောက်တဲ့ အထိ အပေါ့ အပါး သွားဖို့ ကြားထဲမှာ တစ်ခါ ပဲ ရပ်ပေးတယ်၊ ကိုယ်ကတော့ ထမင်းစား ပြီးကတည်းက ကားပေါ်မှာ အိပ်တလှည့်၊ ဗီဒီယိုကြည့် တလှည့်နဲ့ လမ်းဘေး ၀ဲယာက ရှုခင်း တွေ ကိုတောာင် မကြည့်အားပါဘူး၊ တစ်ခု သေသေချာချာ သိလိုက် တာကတော့ ကတ္တရာ လမ်းမကြီး ကတော့ ဖြောင့်ဖြူး ချောမွတ် တယ် ဆိုတာပါပဲ၊ နိုင်တကာ အဆင့်မှီ ဆိုတဲ့ အတိုင်း လမ်းဘေးမှာ အပေါ့ အပါး သွားဖို့ ရပ်ပေးတဲ့ အိမ်သာ ကတောင် ဟိုတယ် အသေးစားလေးလား တော်တော် သားသား နားနား လုပ်ထားတာပါ၊ ပိုက်ဆံလဲ တပြားမှ မပေးရပါဘူး၊ အောက်မှာ အမှတ်တရ ရိုက်လာ ပါတယ် ၊

အပေါ့ အပါး သွားဖို့ အခမဲ့ မိန်းခလေး အိမ်သာ

ဒီလိုနဲ့ ကားစီး လာလိုက်တာ၊ အိပ်ရေး နှစ်ရေးနဲ့ ဗီဒီယိုကား နှစ်ကား အပြီး မှာ ပီနန်မြို့ ကို ရောက်ဖို့ ကီလို ၆၀ ကျော်ပဲ လိုတော့ ပါတယ်၊ အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ KL ကို ဘယ် အချိန် ဖြတ်သွားလဲတောင် မသိလိုက် ပါဘူး၊ ညနေ ၆ နာရီ ခွဲ ကျော်ကျော် ၇နာရီ လောက်မှာ မလေးရှားမြို့နဲ့ ပီနန်မြို့ကို ပေါင်းကူးပေးထားတဲ့ ကမ္ဘာ့ အရှည်ဆုံး တံတား စာရင်းဝင် Penang Bridge ကို ဖြတ်ရပါတယ်၊ ပီနန်မြို့ကို ၀င်ဖို့ ဆိုရင် ရေကြောင်းလမ်း နဲ့ ကုန်းလမ်း၊ ဝေဟင်လမ်း တွေကနေ ၀င်လို့ ရပါတယ်၊ ကုန်းလမ်းက ဆိုရင် ထိုတံတားမှ လွဲပြီး ၀င်လို့ မရပါဘူး၊ ဘာလို့လဲဆိုတော့ သူက ကျွန်းငယ်လေး တကျွန်း ဖြစ်နေလို့ပါပဲ၊ အဲဒီ တံတားကို စတက်ပြီ ဆိုတာနဲ့ ကားတွေ အများကြီး တန်းစီနေပြီ Traffic Jam ကို စတွေ့ ရပါပြီ၊ KL ကို အ၀င် မှာလဲ ဒီလိုပါပဲ၊ တံတားကတော့ တော်တော် ကို ရှည်လျားတာပါ၊ ကားပေါ်မှာလဲ ဖြစ်နေတာက တကြောင်း ညနေ မိုးချုပ်တဲ့ အချိန်လဲ ဖြစ်နေတာက တစ်ကြောင်း ဓာတ်ပုံ မရိုက်ထား လိုက်နိုင်ပါဘူး၊ ဒါပေမယ့် ပီနန်တောင်ပေါ်ကနေ ရိုက် ထားတဲ့ ပုံကိုတော့ တံတားကြီးက ဘယ်လောက်ရှည်ပြီး လှတယ် ဆိုတာ သိရအောင် အောက်ကပုံ မှာ ကြည့်ပါ၊

ပီနန် တောင်ပေါ်မှ မြင်ရသော ပီနန်မြို့ နဲ့ ပီနန် တံတား မြင်ကွင်း


ည ၈ နာရီမှာ ပီနန်မြို့ရဲ့ အဝေးပြေး ကားဂိတ်ကို ရောက် ပါတယ်၊ ရောက် ရောက်ခြင်းပဲ အပြန်အတွက် ကားလက်မှတ် ကို အပြေးအလွှား စီစဉ် ရပါတယ်၊ စင်္ကာပူ ဖက်ကနေ ကြို ၀ယ် လို့ မရလို့ အဲဒီဘက်ကမှာ ၀ယ်ရတာပါ၊ တစ် ဆိုင်ဝင် တစ်ဆိုင် ထွက်နဲ့ လိုက်မေးတာ နောက်ဆုံးမှ အလာက ထိုင်ခုံမျိုး ၁၈ယောက် စီးကားနဲ့ပဲ မလေးရှား RM80 နဲ့ သုံးယောက်စာ လက်မှတ် ရလိုက်ပါတယ်၊ စလုံးက ၀ယ်တဲ့ လက်မှတ် ခထက် S$၁၅ လောက် သက်သာနေသေးတယ်၊ အပြန် လက်မှတ်ရပြီ ဆိုမှပဲ စိတ်အေး လက်အေးနဲ့ ညစာကို အဲဒီက အဝေးပြေး ဂိတ်မှာပဲ ဖြစ်သလိုစားပြီး၊ တည်းမည့် ဟိုတယ်ကို ကားငှားပြီး သွား ရပါတယ်၊ အဝေးပြေးဂိတ်နဲ့ ဟိုတယ်က တောင်နဲ့ မြောက် မို့လို့ RM ၃၅ ကျပ်ပေး လိုက် ရပါတယ် အဲဒါကတော့ ဈေးမှန်ပါ၊ အပြန်လဲ ၃၅ ကျပ်ပါပဲ၊ ဘာပဲပြောပြော စလုံးနဲ့ ယှဉ်ရင်တော့ ပစ္စည်း တန်ဖိုး ခြင်း ကတော့ တူတူပဲ Exchange rate က နှစ်ဆ ကျော် ကွာနေတာမို့ စလုံးနဲ့ ယှဉ်ရင် တော်တော် သက်သာတယ်လို့ ပြောလို့ ရပါတယ်၊ ဥပမာ အနေနဲ့ ထမင်းကြော် တစ်ပွဲ၊ ကြာဆံကြော် တစ်ပွဲ ၃ ကျပ် ခြင်း အတူတူ၊ စင်္ကာပူ ဒေါ်လာနဲ့ ပြန် တွက် ကြည့်လိုက်ရင် ၁ ကျပ် ၅၀ ပြားတောင် မကျပါဘူး၊

ဒီလိုနဲ့ ၉း၃၀ နာရီမှာ တည်းမည့် ဟိုတယ် Tanjung Bungah Beach Hotel ကို ချောချော မောမော နဲ့ ဆိုက်ရောက် ပါတော့တယ်၊ ဟိုတယ်ကိုတော့ ကြိုတင် ဘွတ်ကင် လုပ်ထားလို့ အခန်းမရမှာ စိတ်ပူစရာ မလိုတော့တာ တော်သေးတယ်၊ မဟုတ်ရင် နယူးရီးယား ကာလမှာ နေရာတိုင်းက အပန်းဖြေလာသူတွေနဲ့ ပြည့်နေတာ ဆိုတော့ အဆင်မပြေမှာ စိုးရိမ် ရတယ်၊ ကိုယ်တို့ တည်းမဲ့ ဟိုတယ်က ကမ်းခြေ ဘေးလေးတင် ရှိတာပါ၊ ဒါပေမယ့် မောမောနဲ့ ကမ်းခြေလေးကို အသာချောင်းကြည့် ရုံပဲ ကြည့်နိုင်ပြီး ခရီးပန်းလာနဲ့ တချိုးတည်း တန်း အိပ်လိုက် ကြတာပါပဲ၊ စာလဲ တော်တော် ရှည်သွားလို့ နောက်နေ့တွေ လျှောက်လည် တာတွေကို အပိုင်း (၂) မှာ ဆက်လက် ရှုစားပါလို့၊

လာမည် ကြာမည် မျှော်....

ချစ်လေပြေ


No comments: