Thursday, January 24, 2008

ပီနန် ခရီးစဉ် (၂)

မနက် ၇ နာရီမှာ အိပ်ရာထ ရေမိုး ချိုး ပြီး ဟိုတယ်မှာပဲ မနက်စာ စား၊ မနက်စာက Local food အပါအ၀င် Buffet ကြိုက်တာ စားပေါ့၊ စားတာတွေ ကြွားရမယ် ဆိုရင်တော့ အုန်းထမင်း နဲ့ ကြက်သား (Nasi lamak), ညှပ်ခေါက်ဆွဲကျော် (Fried Kway teo)၊ ခေါက်ဆွဲကျော် (Mee Goreng), Sausage, Ham, Porridge, Mee soto, European style ပါမုန့် ၊ Fruits, Juice and Coffee စသဖြင့် အများကြီး ပါပဲ ဓာတ်ပုံ နဲ့ တကွ မပြနိုင်တာ ခွင့်လွတ်ပါနော်၊ စားနေတော့ ဓာတ်ပုံ ရိုက်ခဲ့ဖို မေ့သွားလို့၊ အစားအသောက်ကို ဓာတ်ပုံနဲ့ မနှိပ်စက်ချင်လို့ လဲ ပါတာပေါ့၊ ဒါကတော့ အိပ်ခန်းကနေ ကမ်းခြေကို လှမ်းရိုက် ထားတာပါ၊






9:30 နာရီလောက်မှာ ဟိုတယ်က စီစဉ်ပေးတဲ့ တနာရီကို RM 25 ပေးရတဲ့ black taxi နဲ့ မြို့ထဲကို လျှောက်ကြည့်ဖို့ ထွက်လာ ပါတယ်၊ ပထမဆုံးအနေနဲ့ ရွှေသာလျောင်း ဘုရားဖြစ်တဲ့ (Wat Chaiya Mangalaram Buddhist Temple) သူတို့က Sleeping Budda လို့လဲ ခေါ်ကြတယ်၊ အဲဒါက နံမည်ကြီး ပီနန် မြန်မာ ဘုန်းကြီးကျောင်းနဲ့ မနက်ခြင်းဆိုင်မှာပဲ ရှိတာပါ၊ ကိုယ်တို့ မိသားစု ပီနန်သွားချင်တဲ့ အဓိက အကြောင်း ဖြစ်တဲ့ ပီနန်က မြန်မာ ဘုန်းကြီးကျောင်းကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက် သွားပါတယ်၊ ကိုယ်တို့လဲ ၀မ်းသာ အားရနဲ့ ဘုန်းဘုန်းကို ဦးချ အလှူငွေတွေ လှူပြီး တဲ့ သကာလမှာ ဘုန်းဘုန်းက ဒကာကြီးတို့ ပီနန် ဆရာတော်ဘုရားကြီးကို ၀င်ဖူးအုံးမလားလို့ အချိန်ရလား ဆိုတော့ ကိုယ်တို့က ဖူးချင်ပါတယ်၊ ဒါပေမယ့် ကားက အချိန်နဲ့ ငှားလာတာ ဆိုတော့ ညနေဖြစ်ဖြစ် နောက်နေ့မှပဲ ဖြစ်ဖြစ် ပြန်လာဖို့ မိန့်တာနဲ့ ကိုယ်တို့လဲ တခြား နေရာတွေကို ဆက်လက် ထွက်ခွာ လာပါတယ်၊


ရွှေသာလျောင်း ဘုရားပါ


ဘုန်းကြီးကျောင်းကနေ ထွက်လာပြီးတော့ နာမည်ကြီး ပီနန် ဒူးရင်းသီးနဲ့ ကားသမားက မိတ်ဆက်ပေးပါတယ်၊ ဒူးရင်းသီး စားပြီး ကွမ်ရင် မယ်တော်ကျောင်း ကို ပို့ပေးပါတယ်၊ ပြီးတော့ နာမည်ကြီး ပီနန် တရုတ် သူဌေး ဖြစ်တဲ့ Khoo Kongsi မိသားစု ပိုင်တဲ့ အိမ်ဝိုင်းကြီးကို ပြတိုက်အနေနဲ့ ထားတာတာပါ၊ ၀င်ကြေး ၅ ရင်းဂစ် ပေးရပါတယ်။ သူဌေးတော့ သူဌေးပဲ ဘာသဌေးလဲ တော့ သိဘူး၊ ကျားပန်းပရုပ်ဆီ သဌေးလိုမျိုး သဌေး ထင်ပါတယ်၊ အဲဒီနား တ၀ိုက်က အိမ်တွေက သူတို့ မိသားစု ပိုင်တာတွေ ကြီးပဲတဲ့ တော်တော်တော့ ချမ်းသာမှာ၊

နောက်ပြီးတော့ local product တွေ ရောင်းတဲ့ ပီနန် ထွက်ကုန် မုန့်ပဲ သရေစာတွေ ရောင်းတဲ့ ပင်ရင်းဆိုင်ကို လိုက်ပို့ပါတယ်၊ အဲဒီမှာကတော့ Butku tay လို့ ခေါ်တဲ့ တရုတ်ရိုးရာ ဆေးမြစ်တွေ နဲ့ ၀က်နံရိုး ၊ ကြက်သား စတဲ့ ကိုယ်ကြိုက် နှစ်သက်ရာနဲ့ ပြုတ်သောက်ရတဲ့ ဆေးတဖုံ စီ ထုပ်ပိုးပြီးသား packing လိုက် ကို အမြည်းပေးပြီးတော့ ရောင်းတာပါ၊ ပြီးတော့ နာမည်ကျော် လိမ်းဆေးဆီ၊ ကိုယ့်ကိုတောင် အဆစ် လိမ်းပေးသေးတယ်၊ ကိုယ်က အဖေ့အတွက် နောက်ကျောနာရင် လိမ်းတဲ့ ဆေးလေး မေးရုံရှိသေးတယ် ကိုယ်ရဲ့ အင်္ကျိကို အတင်း လှန်ပြီးတော့ လိမ်းပေးပါလေရော၊ ကိုယ့်မှာ ရှက်ရှက်နဲ့ အောင့်ခံရ တယ်။ အားနာတော့ ငြင်းလဲ မငြင်းရဲဘူး၊ ဘာမှ မဖြစ်ပဲ နေပူထဲမှာ၊ ဆေး ပူပူကြီးတွေ အလိမ်းခံလိုက်ရတယ်၊ ဆေး ကောင်းမကောင်း တော့မသိဘူး၊ တော်တော်တော့ ပူတယ်၊ အဲဒီမှာ လက်ဆောင်ပေးဖို့ မုန့်တွေနဲ့ မစားဖူးတဲ့ မုန့်လေး နည်းနည်း ပါးပါးဝယ်ပြီး။ ပီနန်မြို့ ရဲ့ နံမည်ကြီး အဓိက ထုတ်ကုန် ဖြစ်တဲ့ ပါတိတ်နဲ့ ကော်ဖီ စက်ရုံကို ပို့ပေးပါတယ်၊ ကော်ဖီတွေကတော့ အမျိုးပေါင်းစုံကို ပါကင်လိုက် ထုတ်ထားတာပါ၊ အားလုံးကို နမူနာ အဖြစ်နဲ့ ဆိုင်ထဲကို ၀င်တာနဲ့ အမြည်းတိုက်ပါတယ်၊ ကိုယ် မြည်းချင်တဲ့ ကော်ဖီ အမျိုးအစားကို ပြောပြီး ကြိုက်သလောက် မြည်းလို့ ရပါတယ်၊ ကော်ဖီကြိုက်တဲ့ ကိုယ်အတွက်ကတော့ ရေငတ်တုံး ရေတွင်းထဲ ကျပေါ့၊ စိတ်ကြိုက်မြည်းပြီး၊ ကိုယ်ကြိုက်တဲ့ အမျိုးအစား နည်းနည်းဝယ်ပြီး ပါတိတ် ရိုက်တဲ့ စက်ရုံကို ကူးခဲ့ပါတယ်၊ အဲဒီ နှစ်ဆိုင်က ကပ်ရက်ပါပဲ၊ ပါတိတ် ဆိုင်က သူတို့ ပါတိတ်ကို ဘယ်လို့ ရိုက်တာ ဘယ်လို ဒီးဇိုင်း ဆွဲတာ ဆိုတာကို သရုပ်ပြရင်း သေသေချာချာ ရှင်းပြပါတယ်၊ နိုင်ငံခြားသားတွေ အတွက် ရည်ရွယ်ပြီး သေသေချာချာ လုပ်ထားတာ ဆိုတော့ ဈေးကြီးတာကတော့ အထူး ပြောစရာ မလိုပါဘူး၊ ဒါပေမယ့် အမှတ်တရ အနေနဲ့ ဒါ အစစ် ပဲလေ ဆိုပြီး မျက်စိမှိတ် ပြီး အမေ့အတွက် တစ်စုံ၊ ကိုယ့်အတွက် တစ်စုံ ၀ယ်လာခဲ့တယ်။


ထိုင်း ဘုန်းတော်ကြီးကျောင်းပါ

အဲဒီအချိန်မှာ ၁၂နာရီ ကျော် ကျော် လောက်ဖြစ်နေပါပြီ ကားဆရာက ထမင်းစားဖို့ ပြောပေမယ့် မနက်စာကို တနင့်တပိုး စားထားတာရယ်၊ ဒူးရင်းသီးရယ်၊ အမြည်းတွေရယ်၊ ကော်ဖီတွေ ရယ်ကြောင့် ဗိုက်က မဆာသေးတော့၊ နောက်ထပ်နေရာတွေကို ဆက်ပါတယ်၊ အဲဒီကနေမှ Thai ဘုန်းကြီးကျောင်းကို သွားတယ်၊ ပြီးတော့ ကွမ်ရင် မယ်တော် ရုပ်ထု အကြီးကြီး ရှိတဲ့ တောင်ပေါ်က ဘုန်းကြီးကျောင်းကို သွားပါတယ်၊ အဲဒီတောင်ပေါ်ကို ကားနဲ့ တက်ပြီး အဲဒီကနေ lift နဲ့ ကွမ်ရင် ရုပ်ထုရှိတဲ့ နေရာကို တက်ရပါတယ်၊ ထူးထူးဆန်းဆန်း အဲဒီက lift က တစောင်းကြီး တက်ရတာ၊ ရှုခင်းကတော့ တော်တော် လှတယ် အေးလဲ အေးချမ်းတယ်။ ကိုယ်တို့လဲ အစီအစဉ် ဆွဲထားတဲ့ အတိုင်း နောက်ဆုံး ပိတ်ဖြစ်တဲ့ Penang Hill ကို တက်ဖို့ ရထားလက်မှတ်ကို ၂ နာရီ မှာ ဖြတ်ထားတော့ အဲဒီကို အချိန်မှီ ပြေးရမှာ ဖြစ်လို့ ကမန်းကတန်း ဓာတ်ပုံလေး ရိုက်ပြီး အမြန် ပြေးဆင်းခဲ့ရတယ်၊









အစီအစဉ်အတိုင်း ၂ နာရီမှာ ပီနန်တောင်ပေါ်ကို တက်ဖို့ အချိန်ကိုက် ရောက်သွားပါတယ်၊ ကားသမားရဲ့ စီစဉ်မှု ကောင်းတာလဲ ပါတယ်၊ သူက လက်မှတ်ကြို မှာပေးထားလို့ လက်မှတ် ၀ယ်ဖို့ စောင့် စရာမလိုပဲ ရထားပေါ် တန်းတက် လိုက်ရုံပါပဲ၊ ဒီနေ့အတွက် သူနဲ့ ခရီးစဉ်က တော့ ဒီမှာ ဆုံးပါတယ်၊ ကားခလဲ ၄ နာရီစာ ရှင်း ပေးလိုက်ရပါတယ်၊ ကိုယ် အကြိုက်ဆုံးကတော့ အဲဒီ ပီနန် တောင်ပေါ် တက်ရတာပဲ အတွေ့ အကြုံအသစ် တစ်ခုပေါ့၊ တခါမှ မစီးဘူးတဲ့ ကြိုးနဲ့ ဆွဲတဲ့ cable ရထားကို စီးရတာကတော့ စိတ်လှုပ်ရှားစရာပါ၊ အမြင့်ပေ 700 m မြင့်တဲ့ တောင်ပေါ်ကို ရထား နှစ်ဆင့် ပြောင်းပြီး တက်ရပါတယ်၊ ရထားကလဲ စီးနေကျ ပုံစံလိုအတည့် မဟုတ်ပဲ တစောင်းကြီးပါပဲ တွဲကတော့ တတွဲတည်းပါပဲ၊ ဒါပေမယ့် အကန့် တွေခွဲထားပြီး အားလုံး တူတူ ဆန့်သလောက် တက်စီးရတာ၊ ထိုင်ခုံက နည်းနည်းပဲ ပါပြီး များသောအားဖြင့် မတ်တပ်ရပ် စီးရတာပါ၊ ဓာတ်ပုံလေးတွေမှာ ကြည့်ပါနော်၊ တောင်ပေါ်တက်ဖို့ စုစုပေါင်း နာရီဝက်လောက်ကြာပါတယ်၊ ရထားက စက်သီးကြိုးနဲ့ ဆွဲပြီး ဖြည်းဖြည်းချင်းတက်တာပါ။ မီရထားလမ်းက တလမ်းတည်း ရှိပြီး။ အတက်နဲ့ အဆင်းကို အလည်မှာ လမ်းခွဲလေး တစ်ခုပဲ ထားပြီး အတက်နဲ့ အဆင်းကို အချိန်ကိုက်ပြီး အဲဒီ့လမ်းခွဲကနေ လမ်းလွှဲပြီး ဆင်းပါတယ်၊ ရထား စီးနေရင်းနဲ့ မနက်ချင်းဆိုင်မျာ ရထားလာနေတာကို အသည်းယား စဖွယ်တွေ့ရပါတယ်။ ခရီးတ၀က်လောက်မှာ အပေါ် ဆက်တက်ဖို့ ရထားပြောင်းစီးရပါတယ်။ တောင်ပေါ်မှာ တော်တော် သာယာပါတယ်၊ အမြင့်မှာမို့လို့ တိုက်တဲ့ လေလေးတွေကလဲ အေးမြနေတာပါပဲ၊ အပေါ်စီးကနေ ပီနန်မြို့နဲ့ တံတားကို လှပစွာတွေရလို့ ဓာတ်ပုံတွေ စိတ်ကြိုက် ရိုက်ပြီး ၄ နာရီမှာ တောင်ပေါ်က ပြန်ဆင်းလာပြီး နေ့လည်စာကို တောင် အောက်မှာ စားပါတယ်၊ အပြန်ခရီးကိုတော့ ကားသမားကို မေးပြီးတော့ bus စီးလို့ ရမလားလို့ မေးတော့ သူက ရတယ်၊ ဒါပေမယ့် ပီနန်မြို့ ရဲ့ လိုင်းကား သဘာဝက ကြာတတ်တယ်၊ အချိန် အတိအကျ မရှိဘူးတဲ့၊ ၁၅ မိနစ်ကြာချင်ကြာမယ်။ နာရီဝက် ကြာချင် ကြာမယ်၊ တနာရီလဲ ကြာချင် ကြာနိုင်တယ်တဲ့။ စိတ်ရှည် ရမယ်တဲ့၊ ကိုယ်တို့လဲ ထမင်းစား နေတုံး ကံကောင်းချင်တော့ ကိုယ်တို့ စားတဲ့ ထမင်းဆိုင်မှာ မြန်မာ ကောင်လေးတွေ အလုပ်လုပ်နေတာနဲ့ ကြုံတာနဲ့ ကိုယ့် အဖေရဲ့ ထုံးစံ အတိုင်း သူတို့ကို လဲ အင်တာဗျူး ကိုယ် သွားချင်တဲ့ နေရာကိုလဲ လမ်းမေးနဲ့ အဆင်ပြေသွားပါတယ်၊ ပီနန်မှာတော့ မြန်မာတွေ တော်တော်များပါတယ်၊ အဲဒီကို ရောက်မှ temasak က အငြိမ့်မှာ လူရွင်တော်တွေ ပျက်တဲ့ ဟာသဖြစ်တဲ့ မြန်မာပြည်ရဲ့ ထွက်ကုန်က ဘာလဲ လူတွေလေလို့ ဆိုပြီး ဟောဒီမှာ ကြည့်ပါလား နည်းတဲ့ မြန်မာတွေ မဟုတ်ဘူး ဆိုပြီး ပရိတ်သတ်တွေကို ထိုးပြတာ၊ အဲဒီ ဟာသ အမှန်ဖြစ် နေပြီ ဆိုတာ သဘောပေါက် လိုက်တယ်၊ စိတ်ထဲတော့ တော်တော်လေး မကောင်းဘူး၊ ပို့စ်လဲ တော်တော် ရှည်သွားပြီ ဆက်ပါအုံးမယ်၊ အပိုင်း (၃)ကို စောင့်ပြီး ဖတ်ကြတဲ့ သူတွေကိုလဲ အားနာပါတယ်။
ဆက်ရန်











PS : ကမန်းကတန်းမို့လို့ စားလုံးပေါင်း အမှားများ ပါရင် သည်းခံပေး ကြဖို့ တောင်းပန်ပါတယ်၊ လွဲချော်မှုများ ရှိလျင်လဲ ပြင်ပေး ဖို့ ဖိတ်ခေါ်ပါတယ်၊

No comments: