Thursday, January 24, 2008

ပီနန် ခရီးစဉ် (၄)


ပီနန် မြန်မာ ဘုန်းတော်ကြီးကျောင်း ရဲ့ အပြင်ဖက်မှာ မြင်ကွင်း


ပီနန် မြို့ မှာ နောက်ဆုံးရက်ဖြစ်တဲ့ ၃၀ ရက် ဒီဇင်ဘာ မှာ တော့ ထုံးစံ အတိုင်း မနက်စာ စားပြီး ကမ်းခြေမှာ လမ်းဆင်းလျှောက်ပြီ အမေ ကျေနပ်အောင် ဓာတ်ပုံလေး နည်းနည်း ပါးပါး ဆင်းရိုက် ပါတယ်၊ ကမ်းခြေမှတော့ အဖြူကောင် တွေလို့ ကိုယ်တို့ ခေါ်တဲ့ စလုံး အခေါ်ကတော့ အာမော် တွေပဲ အများအားဖြင့် တွေ့ရတယ်၊ သူတို့လဲ ဒီဇင်ဘာ အားလပ်ရက် အပန်းဖြေ လာကြ တာထင်တယ်၊ ကိုယ်တို့ ပြန်တဲ့ နေ့ကလဲ အာမော်တွေ တသုတ်ကြီး ထပ်ရောက် လာတာ တွေ့သေးတယ်၊ ဓာတ်ပုံလေး ဘာလေး ရိုက်ပြီးတာနဲ့ ကိုယ်တို့လဲ မနေ့က ဘတ်စ်ကား စီးတာ အလေ့အကျင့်လေးကလဲ ရသွားတော့ ဘတ်စ်ကားပဲ ပြန်စီးဖို့ ဆုံးဖြတ်လိုက် ကြတယ်၊ မနေ့က စီးခဲ့တဲ့ နံပါတ်ကို စောင့် စီးရင် မနေ့က သွားခဲ့တဲ့ မြန်မာဆိုင် တွေ ရှိတဲ့ မြို့ထဲ ကKomtor Shopping ကိုပဲ ပြန်ရောက်မှာ ဆိုတော့ မှားစရာ မရှိဘူးလေ၊

ဒါနဲ့ ဟိုတယ်နားက ဘတ်စ်ကား ဂိတ်မှာ စောင့်နေတုံး ၁၅ မိနစ် လောက်ပဲ ကြာတယ်၊ မနေ့က စီးခဲ့ တဲ့ ကားနံပါတ်ပဲ ပြန်လာတာ တွေ့ တာနဲ့ ကိုယ်တို့လဲ ၀မ်းသာ အားရ တက်စီးပြီးတာနဲ့ ကိုယ့် အဖေက လမ်းညွှန် မြေပုံကြီး ကြည့်ပြီး ဒီကားက တတိယ ကမ္ဘာစစ်တုံးက နံမည်ကြီး ခဲ့တဲ့ ပီနန် Fort Canting ခံတပ် ကို ရောက်တယ် ဆိုတာ တွေ့လို့ ကားသမားကို မေးပြီး ရောက်တယ် ဆိုတော့ ကိုယ်တို့လဲ မြို့ထဲမှာ မဆင်းပဲ အဲဒီ ခံတပ်ရှိတယ် ဆိုတဲ့ ဂိတ်ဆုံးထိ လိုက်သွား လိုက်တယ်၊ အဲဒီကားက Jetty လို့ ခေါ်တဲ့ မလေးရှား ဘက်ကို ကူးတဲ့ ကူးတို့ ဆိပ်ကမ်းပါ၊ Butterworth လို့ ခေါ်တဲ့ ပီနန်ရဲ့ တဖက်ကမ်းကို ကူးလို့ ရတဲ့ Ferry Terminal ရှိတဲ့ နေရာပါ၊ မြန်မာပြည်မှာ ဆိုရင်တော့ မော်လမြိုင်နဲ့ မုတ္တမ လိုမျိုးပေါ့၊ ရထား နဲ့ သွားရင် မုတ္တမ အထိပဲ ရောက်ပြီး မော်လမြိုင်ကို သင်္ဘောနဲ့ ကူးရသလိုပဲ၊ ပီနန်ကို ရထားနဲ့ သွားရင် Butterworth ကို အရင်ရောက်ပြီး ပီနန်ကို သင်္ဘောနဲ့ ကူးရတာပါ၊

ဘတ်စ်ကား ဂိတ်ဆုံးမှာ ဆင်းပြီးတော့ ကိုယ်တို့ မိသားစုလဲ မြေပုံကိုင်ပြီး တွေ့ သမျှလူတွေ ဟိုမေး ဒီမေးနဲ့ တော်တော်လေး လျှောက်ပြီးတာနဲ့ ခံတပ်ရဲ့ နောက်ကျောတွေ့ ရော အဲဒီ ခံတပ်နားမှာ ဗြိတိသျှတွေရဲ့ လက်ရာ အတိုင်း နာရီစင် ကြီးကိုလဲ အခန့်သားတွေ့ရပါတယ်၊ ဓာတ်ပုံရိုက် ၀ါဿနာပါတဲ့ သားအမိ နှစ်ယောက်လဲ ဓာတ်ပုံ တွေ ရိုက်နေတုံး အဖေက နင်တို့ နောက်က လိုက်ခဲ့ ငါ ၀င်ပေါက်ကို သွားရှာအုံးမယ် ဆိုတာကို သေသေ ချာချာ မကြားပဲ ပြန်လာခေါ်မယ် ထင်လို့ အဲဒီနားမှာ ခဲတပ်ရဲ့ ဂိတ်ဖြစ်တဲ့ မန္တလေး ကျူံးလိုမျိုး အုတ်တံတိုင်းနဲ့ အမှတ်တရ ဆိုပြီး သားအမိ နှစ်ယောက် စိတ်ကြိုက် ဓာတ်ပုံရိုက်နေတုံး အဖေက ကိုယ်တို့ သားအမိ ပေါ်မလာ ပေါ်မလာနဲ့ ပြန်လှည့် လာကြည့်တော့ သားအမိ နှစ်ယောက် မော်ဒယ်ဂဲလ် အရှုံးပေး ရလောက်အောင် ဓာတ်ပုံ ရိုက်နေတာ တွေ့တာနဲ့ ကိုယ့် အဖေ ဦးဒေါသ ကုမ္မာရလဲ ဒေါသအိုး ပေါက်ကွဲပြီး ကင်မရာကို သိမ်းဖို့ ပြင်ပါတယ်၊ ကိုယ်ကလဲ အသိမ်း မခံတော့ ကိုယ်တို့ကို ပွစိ ပွစိနဲ့ ဆူပါလေရော ဒါနဲ့ ကိုယ်လဲ သူ့နော က်ကို ကုပ်ကုပ်နဲ့ လိုက်ခဲ့တာ ခံတပ်ရဲ့ မျက်နှာစာကို ရောက်တော့မှ အလွန်လှတဲ့ ကမ်းခြေဖက် မျက်နှာပြုထားတဲ့ ခံတပ်ရဲ့ ရှုခင်း အလှကို တွေ့ တော့မှ အဖေ့နောက် မလိုက်ပဲ မဟုတ်က ဟုတ်က မလှမပ နေရာ မှာ ဓာတ်ပုံ ရိုက်နေမိတာ နောင်တရမိတယ်၊ ဒါနဲ့ပဲ အဖေ့ရှေ့မှာ ကြောက်ကြောက်နဲ့ ဓာတ်ပုံတောင် ထုတ် မရိုက်ရဲ တော့ဘူး၊ ဒါကြောင့် အရမ်းလှတဲ့ ခံတပ် ရှုခင်းကို ဓာတ်ပုံ ရိုက်ပြချင် ပေမယ့်လဲ အဖေရဲ့ ဒေါသကို ကြောက်တာကြောင့် သယ်ရင်းတို့ကို မပြနိုင်တော့တာ ခွင့်လွတ်ပါနော်၊ ကိုယ့်အပြစ်နဲ့ ကိုယ်သာ ရှိပါစေတော့ ၊ ဟင့် ဟင့်။

ခံတပ်ကနေ တဆင့် မြို့ထဲ ကို ပြန်လာ shopping နဲနဲပတ်၊ နေ့လည်စား ၊ ပြီးတာနဲ့ မနေ့က သွားခဲ့တဲ့ အမေ့အိမ် မြန်မာဆိုင်ကို လိုက်ရှာတာ နောက်ထပ် မြန်မာဆိုင်တွေ တော်တော် များများကို ထပ်တွေ့ရသေးတယ်၊ မြန်မာ စားသောက်ဆိုင်ကြီးပဲ စုစုပေါင်း ၁၀ ဆိုင်လောက် ရှိတယ်တဲ့၊ ကိုယ်တို့လဲ အမေ့အိမ်ဆိုင်မှာ လက်ဖက်ရည်နဲ့ မုန့်ဟင်းခါး ထပ်စားပြီး သူတို့ ညွှန်တဲ့ အတိုင်း မြန်မာ ဘုန်းကြီးကျောင်းကို ဘတ်စ် ကားနဲ့ ချီတက် လာပြန်တယ်၊ ညနေ ၄ နာရီလောက်မှာ ဘုန်းကြီးကျောင်းကို ရောက်ပြီး အဲဒီက ဘုန်းဘုန်းက မနေ့က ပြောတဲ့ အတိုင်း ပီနန် ဆရာတော် ဘုရားကြီးနဲ့ တွေ့ဖို့ စီစဉ် ပေးတာနဲ့ ပီနန် ဆရာတော် ဘုရားကြီးကို ၀င်ရောက် ဖူးတွေ့ ခွင့် ရခဲ့ပါတယ်၊ ပီနန် ခရီးစဉ်မှာ ဆရာတော်ကို တိုက်တိုက် ဆိုင်ဆိုင် ဖူး တွေ့ ခွင့် ရတာ အမြတ်ဆုံးနဲ့ ၀မ်း အသာဆုံး ပါပဲ၊၊ ကိုယ်တို့ နိုင်ငံမှာ ခေါင်းဆောင်ကောင်း မရှိပဲ ၀ါးအစည်း ပြေ သလို ဖြစ်နေတာရော၊ သာဿနာ ကွယ်ပျောက်လု မတတ် ဖြစ်နေတဲ့ ကိုယ်တို့ နိုင်ငံရဲ့ အဖြစ်ဆိုးနဲ့ ရဟန်း သံဃာတော်တွေကို ကာကွယ် စောင့်ရှောက်ဖို့အတွက်၊ ပြည်ပမှ ရဟန်း သံဃာတော်တွေနဲ့ အများပြည်သူတွေ တောင်းပန် လျှောက်ထား မှုတွေကြောင့် သက်တော် ၈၀ ကျော်နေတာတောင် တိုင်းပြည်ရဲ့ လိုအပ်ချက် ကြောင့် နိုင်ငံတိုင်းမှာ သဿနာ့ ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်ကို ဦးစီး ပြီး အောင်မြင်စွာ ဖွဲ့စည်းခဲ့ပါတယ်၊ အခုဆို နိုင်ငံ အတော် များများမှာလဲ အဖွဲ့ခွဲတွေ အသီးသီး ဖွဲ့စည်းပြီး သလောက်ရှိပါပြီ၊


ဆရာတော်ကြီး ဟောကြားသလို့ ဘုန်းကြီးတွေလဲ ဘုန်းကြီး အလုပ် လုပ်နေပြီ၊ လူတွေလဲ လူ့တာဝန် ကို ကျေပွန်စွာနဲ့ ညီညီ ညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံး လုပ်ကြပါ၊ အဓိက နံပါတ် တစ်က ဘာလဲ၊ နံပါတ်တစ်ကို အရင် လုပ်ပါ၊ မြန်မာလူမျိုးတွေ များသောအားဖြင့် မအောင်မြင်တာ ၁ မပြီးသေးဘူး ၂ တွေ သုံးတွေကို ကျော် လုပ်နေလို့တဲ့၊ နံပါတ် ၁ ကိုယ် အောင် မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ကြပါတဲ့၊ ဒီလောက် ကိုယ့် အသက် အရွယ်ကို မငဲ့ကွက်ပဲ၊ တိုင်းပြည့်ရဲ့ လိုအပ်ချက် အရ ဦးစီး ဦး ဆောင် လုပ်နေတဲ့ ဆရာတော်ကို လေးစားဖို့ မပြောနဲ့ ငရဲမကြောက် ဘာမကြောက် စော်ကား မော်ကား ပြောတဲ့ သူတွေကလဲ ရှိပါသေးတယ်၊ ဘုန်းကြီးက ဘုန်းကြီး အလုပ် မလုပ်ဘူး၊ နိုင်ငံရေးကို ၀င်ပါတယ်တဲ့၊ အဲလိုသာ ပြောကြေးဆို ဟိုး လွန်ခဲ့တဲ့ ဗြိတိလျှ ကိုလိုနီခေတ် သူ့ကျွန် လက်အောက်မှာ ကတည်းက ဆရာတော် အရှင် ဦးဥတ္တမ ၊ ဦးဝိစာရ တို့လို နိုင်ငံကျော် ဆရာတော် ဘုရားတွေသာ နိုင်ငံရေး မလုပ်ပဲ လွတ်လပ်ရေးရဖို့ တဖက်တလမ်းက မပါဝင်ပဲ၊ ၊ ဒကာကြီး ဒကာမကြီးတို့ သူ့ကျွန့် လက်အောက် ကျရောက်တာ နင်တို့ ထိုက်နဲ့ နင်တို့ ကံပဲ တရားနဲ့ သာ ဖြေပါ လို့ ဆိုပြီး ရွှေပြည်အေး တရားပဲ ဟောနေခဲ့ လို့ ရှိရင် ၊ သူတို့ အခု လိုတောင် စည်းစိမ်ချမ်းသာတွေကို စံစား ခံစားပြီးတော့ တောင် နေနိုင်မှာ မဟုတ်ပါဘူး၊ ဒါဆိုရင် ကိုယ်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာလည်း အခုလို မဟုတ်ပဲ တမျိုး တဖုံတော့ ပြောင်း လိမ့်မယ် ထင်တယ်၊


ပီနန်ကျောင်းရှေ့မှ ခြင်္သေကြီး ၊ စင်္ကာပူက တိုးပါးရိုးဘုန်းကြီးကျောင်းက ခြင်္သေကြီးနဲ့ ညီအကို ထင်တယ်




ပီနန်ကျွန်းက ဘယ်မှာလဲ ရှာကြည့် ကြပါအုံး


ကိုယ်လဲ ရေးရင်းရေးရင်းနဲ့ ပီနန် ခရီးစဉ်ကနေ ဘယ်တွေ ရောက် ကုန်ပြီလဲ သိဘူးနော်၊ ဆောတီး ကိုယ် မသိဘူး၊ သူဘာသာသူ အလိုလို ဖြစ်သွားတာ၊ ကိုယ် မပါဘူး၊ ကိုယ် ကြောက်တယ်၊ အဲဒီလိုနဲ့ ဆရာတော်ကြီးကို ဖူးမြော်ပြီးတော့ ကိုယ်တို့ မိသားစုလဲ ဟိုတယ်ကို ပြန်ခဲ့ ကြပြီး နောက်နေ့ မနက်စောစောမှာ စင်္ကာပူ နိုင်ငံသို ပြန်လည် ထွက်ခွာလာ ပါတော့တယ်၊ ရေးစရာတွေ ရှိသေးပေမယ့် ကြောက်လို့ တိုက်သုတ် ရိုက်ပြီး အကျဉ်းချုံး၍ ကိုယ့်ရဲ့ ပီနန် ခရီးစဉ်ကို အောင်မြင်စွာ နိဂုံး ချုပ်လိုက် ပါတယ်၊

အပိုင်း(၄) ထိ မငြီးမငြူ အားပေးကြတဲ့ သူငယ်ချင်း ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း ဒီနေရာကနေ ပြောကြား လိုက်ပါတယ် ရှင့် ၊ အားလုံး အဆင်ပြေကြ ပါစေ။

No comments: