Friday, November 9, 2007

မောင်လေး ကိုဖြိုးရေးပေးတဲ့ ၇န်ကုန်အကြောင်း

လည်လည်သွားမယ်

မခွန်မြလှိုင်ရေ ..အချိန်က ညနေငါးနာရီဆိုတော့ နေတောင်အပျင်းထူပြီး အနားယူဖို့ကြံစည်လို့နေပေါ့။ ရန်ကုန်မြို့တော်ရဲ့ တစ်နေရာရာကို ရောက်ဖူးခဲ့တယ်ဆိုပေမယ့်လည်း ထပ်ကာသွားလိုက်ကြသေးတာပေါ့ဗျာ။ အမသွားချင်တဲ့ လှော်ကားတို့၊ ကန်တော်ကြီးတို့တော့ မဟုတ်ဘူး။ ဒါပေမယ့် အဲနေရာလေးမှာ ဘယ်တော့မှ မရိုးနိုင်မယ့် မြင်ကွင်းတွေရှိတယ်။အခု ကျွန်တော်က မြေနီကုန်းကိုရောက်နေတာဆိုတော့ ဒီနေရာမှာ လည်ချင်သပဆိုရင် ဒဂုံစင်တာရယ်၊ ဂမုန်းပွင့်ရယ်၊ ဘလေဇွန်ရယ်၊ ပြီးတော့ ရှုပ်ပွနေတဲ့ လူတွေကြားမှာရယ် ဒါတွေကို တိုးဝင်ခံစားမယ်ဆိုလည်း ခံစားချင်စရာပါပဲလေ။ ဒါပေမယ့် ကျွန်တော်က အမကို တစ်နေရာရာကို ခေါ်သွားပါ့မယ်။ အဲနေရာကို ကျွန်တော်ကိုယ်တိုင်လည်း မကြာခဏရောက်နေကြမို့လို့ပါ။ ပြောနေရင်ကြာတယ်ဗျာ။ လာဗျို့ .. ဟိုရှေ့မှာ ၄၈ မီနီဘတ်စ်လေး စီးသွားရအောင်။ ကားခက ငါးဆယ်ကျပ်မျှပဲ ကျပါတယ်။ကားက အတော်နဲ့မထွက်နိုင်တော့ ချွေးတွေသံတွေရွှဲနေရောပေါ့။ မပူပါနဲ့ဗျာ။ စံပြမှာဆင်းပြီး မမယ်လိုဒီမောင်ဆီဝင်ကြတာပေါ့။ သူ့နယ်မြေမို့ သူဒကာခံပါလိမ့်မယ်။မြေနီကုန်းကနေ မြို့ထဲကို ကားစီးရင် ကားရဲ့ ဘယ်ဘက်မှာ ရပ်နေတာအကောင်းဆုံးပဲ။ ပြည်သူ့လွှတ်တော်ရှေ့ကဖြတ်ရင် ပြည်သူ့ရင်ပြင်ကြီးရဲ့နောက်မှာ တင့်တယ်တောက်ပနေတဲ့ ရွှေတိဂုံစေတီတော်ကြီးလေ။ အခုလို ညနေစောင်းချိန်ဆို အရမ်းကို ကြည်ညိုဖွယ်ရာသပ္ပာယ်လို့နေပေါ့။ စံပြကားမှတ်တိုင်ကနေဆင်းပြီး ဘုန်းကြီးလမ်းအတိုင်းလျှောက်သွားရင် မမယ်လိုဒီမောင်တို့ရုံးကို ရောက်ပေါ့။ ဖုန်းဆက်ကြည့်ဦးမှပါ။ ဟယ်လို မမယ်လိုဒီ ..။ ပြီးရင် တရုတ်တန်းတစ်ပါတ်လမ်းပတ်လျှောက်ကြမယ်လေ။ ကားစီးရင် မူးတတ်တဲ့ အမကို အရင်ဆုံး မမီတို့ရုံးရှေ့က လက်ဖက်ရည်ဆိုင်လေးမှာ ဘလက်ကော်ဖီကို သံပရာသီးစိတ်ကလေးညှစ်ထည့်ပြီး တိုက်မယ်လေ။ ဒါဆို စိတ်တွေလည်း အနည်းငယ်လန်းဆန်းလို့သွားမှာပေါ့။ လမ်းဘေးတစ်နေရာမှာထိုင်ပြီး နေ၀င်ချိန်အိပ်တန်းတက်ငှက်ကလေးတွေကို ငေးမောကြည့်ရတာဟာ အရသာတစ်ခုပါပဲလေ။ ပြီးတော့ မြို့ပြရဲ့ ဂျူတီချိန်းနေတဲ့ လူတွေလေ။ သူတို့ထဲက တစ်ချို့က အိမ်ပြန်ကြ၊ တစ်ချို့က အလုပ်ခွင်ဝင်ကြ၊ တစ်ချို့က အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်လာကြ။ ဒီလူတွေကြားမှာ စီးမျောလို့သွားကြတာပေါ့ဗျာ။ သင်တန်းက ပြန်လာမယ့် ဘာညာလေးလိုက်လာလိမ့်မယ်။ မချစ်လေပြေက လမ်းမတော်မှာ ရောင်းတဲ့ ရေခဲကြော်စားချင်လို့ ဖုန်းတွေဆက်ပြီး ပြောနေပြီ သူ့ကိုစောင့်နေပါတဲ့။ မပန်ကိုလည်း မေးလိုက်ပါဦးလေ။ ဘာများစားချင်ပါသေးလဲလို့။ နောက်ပြီး မနိုင်းနိုင်းတို့၊ မလေးတို့၊ မဂျစ်၊ မမွန်းသက်ပန်တို့ကိုပါ မေးလိုက်ပါဦးလေ။ လူစုံလည်း မစုံလည်း ကျွန်တော်တို့ ခြေထောက်တွေနဲ့ပဲ လမ်းတွေကို ဆက်လျှောက်ကြတာပေါ့။ မိုးလှိုင်ညကတော့ လမ်းမတော်က ခွာသွားလောက်ပြီလေ။ဘုန်းကြီးလမ်းထောင့်က နေချိုးကွေ့လို့ လမ်းဆက်လျှောက်ကြမယ်။ လမ်းတောက်လျှောက်မှာ စတိုးဆိုင်သေးသေးလေးတွေရှိနေကြတယ်။ စိတ်ဝင်စားလို့ရှိရင် ယနေ့ခေတ် မြန်မာလူငယ်တွေရဲ့ ၀တ်စားဆင်ယင်မှုပြယုဂ်တွေ၊ သုံးစွဲနေထိုင်မှုပြယုဂ်တွေကို အဲဒီဆိုင်တွေမှာ ခဏတာငေးမောကြည့်လို့ရတယ်။ လိုချင်တာဘယ်တော့မှ ကွက်တိမရတတ်တဲ့ စတိုးဆိုင်တွေဟာ ရသလောက်လေးနဲ့ လည်ပတ်နေတာ နှစ်တွေတောင် အတော်ကြာပေါ့။ တရုတ်တန်းမှာ တရုတ်စာတွေ၊ ကုလားစာတွေ၊ မြန်မာစာတွေ၊ စတဲ့ အစားအစာတွေ (စာပေမဟုတ်ပါ) အစုံရနိုင်တာမို့ အမအနေနဲ့ ဒီမှာသာ ကြာကြာနေရင် မုန့်ဖိုးနဲ့ မွဲကိန်းမြင်တယ်။ မုန့်ဟင်းခါးကြိုက်တတ်ရင်တော့ ၁၆ လမ်းထိပ်မှာ ဆိုက်ကားကလေးနဲ့ ရောင်းတဲ့ အညာသားတွေရှိတယ်။ ဒိန်ချဉ်သောက်ချင်ရင် မုန့်ဟင်းခါးစားပြီး လမ်းကူးလိုက်ရုံပါပဲ။ ညကျရင် အိမ်မှာ ဘာလေးညာလေးချက်ပြုတ်စားချင်သပဆို လမ်းမတော်လမ်းထိပ်ကနေ အသီးအရွက်ကလေးဘာလေး ၀ယ်သွားရုံပေါ့ဗျာ။ ပြီးရင်တော့ အရင်တစ်ချိန်တုန်းက တီဗီမှာ ပျိုးပျိုးပြက်ပြက်လင်းလက်ခဲ့တဲ့ ရွှေတွေကို ကြော်ငြာနေတဲ့ ရွှေဆိုင်တွေလေ။၁၈လမ်းထိပ်က ဒေါ်မြရင်ဝက်အူချောင်းကိုတော့ အမအပြန်ကျရင် စားဖို့ ၀ယ်ထည့်ပေးလိုက်မယ်။ ရှေ့တူရှုမှာ ရှမ်းရိုးရာအစားအသောက်တွေကို ဖောဖောသီသီမြင်တွေ့ရမှာပေါ့လေ။ ၁၉လမ်းရဲ့ အမိုးအောက်မှာ ဘာလချောင်ကြော်တွေဘာတွေအမျိုးစုံရနိုင်သေးရဲ့။ မူးချင်သပဆို ၁၉လမ်းထဲ ၀င်မူးရုံပေါ့ဗျာ။ အဲဒီအမူးတွေက သိပ်မရိုင်းကြတာတော့ တော်ပါသေးရဲ့ပဲ ပြောရမှာပဲ။အမတစ်ခုသတိပြုမိလားဗျ။ တရုတ်တန်းမှာ ကောင်မလေးတွေ သိပ်လှတာပဲနော်။ အင် သတိမထားမိဘူးဟုတ်လား။ အင်းဟုတ်မှာပေါ့လေ။ အမက မိန်းခလေးကိုး။ ဘယ်သတိထားမိပါ့မလဲ။ ဒါပေမယ့်ဗျာ သူတို့လေးတွေလှနေတာဟာ အနှစ်ဘယ်လောက်များခံမှာလဲဆိုတာ တွေးမိတိုင်း (သူတို့ဘေးက အန်တီတို့ မေမေတို့ကို မြင်ယောင်မိလို့) တစ်မျိုးကြီးဖြစ်ဖြစ်သွားတယ်။ အမစိတ်ဝင်စားမယ်ဆိုရင် စဥ့်အိုးတန်းအောက်လမ်းက ကွမ်ရင်မယ်တော်ကျောင်းမှာ စာသွားချလို့ရသေးသဗျ။ မောခဲ့ပန်းခဲ့မယ်ဆိုရင်တော့ ကယ်လီဖိုးနီးယားကို သွားပြီးအနားယူတာပေါ့လေ။ တစ်ခုပဲပြောစရာရှိတယ်။ တစ်ချက်တစ်ချက် ဟင်းချက်နေတဲ့ အနံ့ကလေးနံတာကလွဲလို့ပေါ့။ အဲဒီနားက အီးဇီးဆိုတာလေးကတော့ မဆိုးဘူးဆိုပဲ။ အဲဒါကို မျက်စေ့ရှုပ်နားရှုပ်တယ်ထင်ရင် လမ်းမတော်လမ်းက ဂျေဒိုးနတ်ကို ပြန်သွားကြတာပေါ့ဗျာ။ ရှင်းလင်းတောက်ပြောင်နေတဲ့ လမ်းမနက်နက်ကြီးမှာ ကျွန်တော်တို့ မမြင်နိုင်တဲ့ အရာတွေကို ထာဝရဖွက်ထားခဲ့ပေါ့။အား … အမတို့တော့ မသိဘူး။ ကျွန်တော်ကတော့ အတော်လေးပင်ပန်းနေပြီ။ ခြေထောက်အကြောလေးဘာလေးများ အညောင်းပြေ အညာပြေနှိပ်ချင်သပဆိုရင်လည်း အိုကေသေးသဗျ။ ကောင်းတာမကောင်းတာထက် အသာအယာလေးဇိမ်ကျလို့ရတယ်လေ။ မိုးချုပ်ညဥ့်နက်နက်မှာ ကမ်းနားသွားပြီးလေညှင်းလေးဘာလေးခံ။ အချိန်တန်တော့ အားလုံးအိမ်ပြန်ကြတာပေါ့လေ။မခွန်မြလှိုင်ရေ .. ကျေနပ်နိုင်ပါစေဗျာ။ကိုဖြိုး

No comments: