Thursday, November 15, 2007

ကျနော့်ရဲ့ ခရီးစဉ် (၁)

ဂျူလှိုင်လ ၊ ၂၁ ရက် ၊ နံနက် ၄ နာရီ ၃၀ မိနစ်

ဂျူလှိုင်မိုးရဲ့ တစိမ့်စိမ့် ရွာသွန်းဖြိုးမှုအကြားက ကျနော် အိပ်ရာမှ နိုးထဖို့ကြိုးစားခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်ဆိုပေမယ့် ကျနော်ရဲ့ စိတ်အစဉ်မှာ လေးပင်မှုနည်းနည်းမှ မရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲဒီနေ့ရက် အချိန်က ကျနော့်ဘ၀ရဲ့ ခရီးစဉ်တစ်ခုကို စတင်ခဲ့တဲ့နေ့ဖြစ်နေလို့ပါ။ စိတ်အစဉ်မှာ လေးပင်မှုမရှိခဲ့ပေမယ့် စိတ်လှုပ်ရှားမှုတချို့နဲ့ ကျနော့်ရဲ့ ခံစားချက်တွေကို မိုးကတော့ အတော်လေး ကသိကအောက်ဖြစ်စေခဲ့တယ်။ ပြီးခဲ့တဲ့ သုံးရက် အာဇာနည်နေ့ မွန်းလွဲပိုင်းထဲက စပြီးရွာခဲ့တဲ့ မိုးက မသဲခဲ့ပေမယ့်၊ ကျနော့်ရဲ့ ခရီးစဉ် စတင်တဲ့နေ့တိုင်အောင် ရွာနေခဲ့တယ်။


*** မိုးသဲထဲက ရန်ကုန်မြစ်ရှုခင်း ရွှေဘဲစားသောက်ဆိုင်ပေါ်မှ မြင်ကွင်း ***

နံနက်၅ နာရီခွဲလောက်မှာ ဘုရားဝတ်ပြုပြီး ကျနော့်ရဲ့ ခရီးဆောင်အိပ်ကို ပြန်စစ်ကြည့်လိုက်တယ်။ မေမေက စိုးရိမ်တတ်သူပီပီ ထည့်ပေးလေသော အဆမတန်များမြှောင်သည့် ၀န်စည်စလှည်များမှာ အများစုကို ကျိုးကြောင်းဆီလျှော်စွာ ရှင်းပြရင်း ကျနော် ပြန်ထားပစ်ခဲ့ရသည်။ ကျနော့်ရဲ့ အိပ်ကပ်ထဲမှာ ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ပွားတော်ပုံ တစ်ပုံ၊ ခရီးဆောင်အိတ်ထဲမှာ အ၀တ်လေးစုံ နှင့် ပါတ်စပို့စ်စာအုပ် ၊ စာရွက်စာတန်းတချို့မှလွဲ၍ ဘာမှများများစားစား မရှိခဲ့ပါ။ ဗုဒ္ဓပုံတော်လေးကတော့ ယနေ့တိုင်ကျနော့်ရဲ့ အိပ်ခန်းခေါင်းရင်းအထက်မှာ ရှိနေဆဲပါ။

တက္ကဆီကို ၈၀၀ ကျပ်နဲ့ငှားပြီး လေဆိပ်ကိုသွားခဲ့တယ်။ လေဆိပ်ရောက်တော့ ၇ နာရီခွဲလောက် ဖြစ်နေပြီ။ ကျနော့်ရဲ့ ခရီးစဉ်မှာ လိုက်ပို့နှုတ်ဆက်သူဆို့လို့ ကျနော်ရဲ့ ဖေဖေ၊ မေမေ နဲ့ ညီလေး နောက်မှ ဦဇင်းဦးပညာသီဟ ရောက်လာလို့ စုစုပေါင်း ၃ ယောက်နဲ့ ၁ ပါးဖြစ်သွားတယ်။ ဒါလည်း နှစ်ယောက်တပိုင်း ထက်တော့ သာပါသေးတယ်။ တကယ်ဆို ကျနော့်လို အလုပ်နဲ့ပြည်ပထွက်သူ အများစုက ရန်ကုန်လေဆိပ်မှာ ဘာမှ မယ်မယ်ရရ လုပ်စရာမရှိကြပါဘူး။ သက်ဆိုင်ရာ ပွဲစားတွေက ကြိုတင်စီစဉ် ထားပြီးသားပါ။ တကယ်ဆို အခက်အခဲဆိုတာက တဘက်နိုင်ငံရောက်မှ စတင်တွေ့ကြုံကြရတာများပါတယ်။ (ပြည်ပမှာ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများကို အလျှင်းသင့်သလို့ ဖေါ်ပြပေးသွားပါမယ်။)

ကျနော်ရယ် ၊ ပွဲစားက မိတ်ဆက်ပေးလို့ လေဆိပ်ရောက်မှ သိရတဲ့ အစ်ကိုကြီး ကိုမွန်ရယ် ၊ ကိုဝေ ရယ် သိကျွမ်းခဲ့ရတယ်။ ကျနော်တို့ သုံးယောက်က တဆိုင်ထဲမှာ အလုပ်လုပ်ကြရမယ့် ညီအစ်ကိုတွေအဖြစ် ထိုစဉ်က သိကျွမ်းခဲ့ရတာပါ။

နောက်မှ ကျနော်တို့လူဝင်မှုကြီးကြပ်ရေးရဲ့ ကောင်တာမှာ လိုအပ်တာဖြည့်စွက်ပြီး နားနေရာနေရာ တချို့မှာခေတ္တ စောင်းဆိုင်းခဲ့ရတယ်။ ၈နာရီ ၁၀ မိနစ်လောက်မှာ လေယာဉ်ပေါ်ကို သွားရောက်ဖို့ ကြိုပို့ကားတစ်စီး ရောက်လာတယ်။ အဲယားကွန်းဘတ်(စစ်) အကြီးတစ်စင်းနဲ့ ကြိုပို့လုပ်ပေးရာမှာ အားလုံးတန်းစီခဲ့ရတယ်။ သူထက်ငါ မသိမသာလေး ရှေ့ရောက်ဖို့စိတ်စောနေတဲ့သူတွေ အကြားမှာ ကျနော့်ရဲ့ တမူးသာတတ်တဲ့ အမူအကျင့်အတိုင်း ကိုဝေ နဲ့ ကိုမွန်တို့ ၀င်ရောက်တန်းစီချင်တဲ့တိုင် တန်းမစီဘဲ ထိုင်ခုံမှာ ဖင်တကြွကြွနဲ့ ထိုင်နေခဲ့ရတယ်။

တကယ်တန်းတော့ ကျနော်တွက်ထားတဲ့ အတိုင်း ကြိုပို့ဘတ်(စစ်)ကားက လူ ၁၀ ယောက်လောက်အကျန်မှာ ပြည့်သွားလို့ တန်းစီနေရင်းကတချို့ထပ်မံစောင်းဆိုင်းလိုက်ရတယ်။ နောက်တကြိမ် ကြိုပို့ဘတ်(စစ်) ပြန်ရောက်လာတော့ တန်းစီရင်း ကျန်ခဲ့သူတချို့နဲ့ ကျနော်တို့သုံးယောက် ချောင်ချောင်လည်လည် လိုက်ပါသွားခဲ့ကြပါတယ်။ တကယ်ဆိုဘတ်(စစ်)ကားနဲ့ ကြိုပို့တယ်ပြောရလောက်အောင် မကွားဝေခဲ့ပါဘူး။ ကျနော်တို့ နားနေခဲ့တဲ့အဆောင်နဲ့ လေယဉ်က အလွန်ဆုံးရှိလှမှ ကိုက် ၁၀၀ ခန့်ကွာဝေးပါတယ်။

ဆိုးတော့မဆိုးပါဘူး။ ကျနော်ရဲ့ တမူးသာတတ်တဲ့ အကျင့်တခုကြောင့် လေယဉ်အတက်မှာ မိသားစုကို ဟန်ပါပါ နှုတ်ဆက်ချင်ကြတဲ့ ကျနော့်မိတ်ဆွေကြီး ကိုမွန်တို့ အဆင်ပြေခဲ့ရတယ်။ တကယ်လို့သာ သူတို့တွေ ပထမအသုတ် ကြိုပို့ဘတ်(စစ်)နဲ့ ပါသွားခဲ့ရင် ဒီအခွင့်အရေးက သူတို့အတွက် အခုလောက်လွတ်လပ်ခဲ့မယ် မထင်ပါဘူး။ စုစုပေါင်း လူ ၁၅ ယေက်နဲ့ လေယဉ်အတက် လှေကားတိုလေးမှာ အေးအေးဆေးဆေး လက်ပြနှုတ်ဆက်နိုင်ခဲ့ကြတယ်။

လေဆိပ်စားသောက်ဆိုင် အပေါ်ထပ်ဆင်ဝင်နားက လက်ပြနှုတ်ဆက်နေသူတွေအကြားမှာ နဂိုက သိနေတဲ့ မိသားစုကို တော်တော်လေးရှာပြီး လက်ပြနှုတ်ဆက်ကာ ကျနော်လည်းလေယဉ်ပေါ်တက်ခဲ့ရတယ်။ လေယဉ်ပေါ်က တချက်ပြန်ငုံ့ကြည့်ရင်း ၅ နှစ်တာလှုပ်ရှားရုန်းကန်ခဲ့ရတဲ့ ရန်ကုန်မြေကို နှုတ်ဆက်ခဲ့မိတယ်။


*** ရန်ကုန်လေဆိပ် လေယာဉ်ပေါ်မှ မြင်ကွင်း ***

ဆက်လက်ဖတ်ရှုရန် >>>


No comments: