Monday, November 19, 2007

Trip to Native

ကျွန်မ မပြန်တာကြာတဲ့ ရခိုင်ပြည်နယ်က ကျွန်မရဲ့ မွေးရပ်မြေဆီသို့ နိုဝင်ဘာ တစ်ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အရင်တုန်းက သွားနေကျ လာနေကျ မြို့ကလေးက မလာတာကြာတဲ့ ကျွန်မကို ခပ်စိမ်းစိမ်းလေးပဲ ကြိုဆိုနေပါတယ်။တစ်ကယ်တော့ ကျွန်မတို့ မြို့ကလေးကို သွားရတာ ပင်ပန်း ကြမ်းတမ်းလှတဲ့ ခရီး တစ်ခုပါ။ ရခိုင်ရိုးမ တောင်ကြီးကို ကားကြီးနဲ့ ဖြတ်သွား.. ပြီးလည်း ပြီးရော ဘင်္ဂလား ပင်လယ်အော်ကြီးကို သင်္ဘောကြီးနဲ့ ဖြတ်.. အဲ နောက်တော့မှ ပင်လယ်ထဲက လှပနေတဲ့ မာန်အောင်ကျွန်းကို ရောက်လာတာပါ။ ဒီတစ်ခေါက် ကျွန်မပြန်ာ မပြန်တာလည်း နည်းနည်း ကြာသွားတော့ ခရီးပန်းတဲံ ဒဏ်တွေကို ဘယ်လိုမှ ခံနိုင်ရည် မရှိခဲ့ပါဘူး။ ရခိုင်ရိုးမရဲ့ ကြမ်းတမ်းလှတဲ့ လမ်းကွေ့ လမ်းကောက်တွေက လည်း ကျွန်မကို အတော်လေးကို ပင်ပန်းစေခဲ့ပါတယ်။


ပြောရမယ်ဆိုရင် ကျွန်မရဲ့ သူငယ်ချင်း တော်တော် များများက ကျွန်းသူ ဆိုတာ တော်တော် အံ့သြ ကြတယ်ရှင် သူတို့ သူငယ်ချင်းတွေ ထဲမှာလည်း ကျွန်သူက ရှားတာကို။ ပြီးတော့ ကျွန်မကလည်း မာန်အောင် ကျွန်းသူ .. မသကာ စင်ကာပူ ကျွန်သူဆို တော်သး.. စစချင်း ရန်ကုန်မြို့ရဲ့ အောင်မင်္ဂလာ အဝေးပြေးဝင်းကနေ ရခိုင်ဘက် သွားတဲံ Express ကားတွေကို စီးရပါတယ်။ Express ကားဆိုလို့ မန်းလေးဘက် သွားသလို လေအိပ်ကား ကောင်းကောင်းကြီးးတွေလို့ မထင်လိုက်ကြပါနဲ့။ ဒီအတိုင်း မှန်လုံကား စီးပြီး သွားရတာပါ။ ကားကလည်း ပြောလို့ ပြောတာ မဟုတ်ဘူး နည်းနည်းတော့ ညစ်ပတ်တယ်ရှင့်။ (လိုက်လည်ချင်အောင် မျြူဆွယ်နေတာ)

ကဲ ခရီးစဉ်ကတော့ စပါပြီရှင်.. တိုက်ကြီး မှော်ဘီ စတဲ့ လမ်းပေါ်က မြို့တွေကို ဖြတ်သန်းလာပြီးတော့ ပတ်ဝန်းကျင်ဟာ စပါးပင် စိမ်းစိမ်းတွေနဲ့ အတော်လေးကို လှပလို့လာပါတယ်။ ကွင်းပြင်ကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ သေချိုသွေးတွေကလည်း ကျွန်မကို လန်းဆန်းစေခဲ့တာ အမှန်ပါ။ လမ်းပေါ်မှာ ဘာမြို့တွေလည်း မသိဘူး အများကြီးတော့ ဖြတ်ရတယ် ပဲခူးတိုင်းထဲက မြို့တွေပေါ့။ သေချာတော့ မမှတ်မိဘူးရှင့်။ လမ်းတစ်လျှောက်မှာ စိမ်းလဲ့လဲ့ စပါးခင်းတွေ အပြင် ချစ်စရာ ရွာကလေးတွေ.. ကြည်ညိုစရာ ရွှေရောင် ဘုရားစေတီတွေလည်း ပေါမှ ပေါပါပဲရှင်။ ည 7 နာရီလောက်ကျတော့ ပြည်မြို့နားကေ၇ပြာ ဆိုတဲ့ စားသောက်တိုင်မှာ ညနေစား စားဖို့ ခဏ ရပ်ပေးပါတယ်။ အဲဒီမှာ မာလကာ သီးတွေ အရမ်းပေါ့ပါတယ်။ စားလို့လည်း တော်တော် ကောင်းတယ်ရှင့်။

ပြီးတော့ ပြည်၊ ဥသျှစ်ပင် စတဲ့ မြို့တွေကို ဖြတ်သန်းပြီး ချိန်မှာတော့ နာမည်ကြီး တောင်ကုတ် တောင်ကြားလမ်းကို ဖြတ်သန်းရတော့မှာပါ။ တစ်ခုလောက် ပြောချင်တာက အရင်တုန်းက မီးရောင်စုံတွေနဲ့ လှပခဲ့တဲ့ ပြည်က န၀ဒေး တံတားကြီးဟာ ခုတော့လည်း မှောင်မဲပြီး မနည်းကို ရှာကြည့်ခဲ့ရပါတယ်။ ဧရာဝတီကတော့ တစ်သွင်သွင် စီးဆင်းလို့လေ........။ကျွန်မကို ရင်ခုန် မှု့တွေ အပြည့်ပေးမယ့် ရခိုင် ရိုးမ တောင်တန်းကြီးကို ဖြတ်သန်းရတော့မှာပါ။ ဘာကြောင့် ရင်ခုန်ရတာလဲ အကြောင်း ရှိပါတ.်။ လမ်းက အကွေံ အကောက် အရမ်းများပြီး ကြမ်းလ်ည်း ကြမ်းတာကြောင့် ဒီလမ်းကို ဖြတ်တိုင်း ကျွန်မ ကားမူးပြီး အန်ပါတယ်။ တော်တော်လေးကို ပျော့ခွေနေအောင် အန်ပါတယ်။

ဟုတ်ကဲ့ ကျွန်မ ကြောက်နေသလိုပဲ ကျွန်မ တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခရီးဒဏ် ခံလိုက်ရပါတယ်။ လမ်းမှာ မှတ်ပုံတင် စစ်တဲ့နေရာမှာတောင် ကားပေါ်က မဆင်းနိုင်လို့ ရဲက ကားပေါ်လာတက်ပြီး စစ်ရတဲ့ VIP Passenger ပေါ့လေ။ ပန်းတောင် မြို့ပေါ်က ညောင်ကျိုး ဆိုတဲ့ နေရာရောက်တော့ ကားတစ်ချက် ရပ်ပါတယ်။ ညလယ်စာ စားဖို့ပေါ့။ မစားနိုင်ပါဘူးရှင်။ လူက ဘာဆို ဘာမှ မသိတာ။ သူများတွေ ခရီးသွားရင် လမ်းမှာ ဘာရှိတယ် ဘာညာ မှတ်သွားကြလိမ့်မယ် ထင်ပါတယ်။ ကျွန်မကတော့ မူးပြီး ဘာမှကို မလုပ်နိုင်ပါဘူး။ ပြီးတော့ သွားရတာကလည်း ညဘက်ဖြစ်တာကြာင့်ရယ် လမ်းဘေးမှာ ချေက်တွေ တောတွေကအပြင် ဘာမှ ကြည့်စရာ မရှိတာကြောင့်ရယ်ကြောင့် မျက်စိကို ဖွင့်မကြည့်မိတာပါ။ ညောင်ကျိုးမှာ နားပြီးတော့ ဆက်မောင်းလိုက်တာ မနက် 5 နာရီလောက်မှာ တောင်ကုတ် မြို့ကို ရောက်ပါတယ်။ တောင်ကုတ်မြို့ ကတော့ အိပ်မော ကျနေဆဲပေါ့ရှင်။ သင်္ဘောက ညနေထွက်မှာမို့ တစ်နေ့ခင်းလောက်တော့ အဲဒီမှာ အနားယူလို့ ရအုံးမှာပါ။ ကားဂိတ်မှာ ထားစရာရှိတဲ့ ပစ္စည်းတွေ ထားပြီး ကျွန်မ သူငယ်ချင်း အိမ်ကို ခဏ နားဖို့ ထွက်လာခဲ့မိပါတော့တယ်။

သဘောင်္ာ ခရီးစဉ်ကိုတော့ နောက်နေ့မှ ဆက်ပါ့မယ်။

No comments: